Welcome to Happy Friendship Day  

August 01, 2007

Welcome to Happy Friendship Day

သြဂုတ်လ ၂ ရက်နေ့ဟာ မိတ်ဆွေများနေ့လေ
မိတ်ဆွေများနဲ့ပတ်သက်လို့ သိုးလေး နှစ်သက်တဲ့ စာသားလေး သုံးခုကို တင်လိုက်တယ်နော်။

The best recipe for making friends is to be one yourself.

မိတ်ဆွေများများရအောင် အကောင်းဆုံးပြုလုပ်နည်းကတော့ သင်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် တုခြင်းပါပဲ။


Every man should keep a cemetery in which to bury the faults of his friends.

လူတိုင်းလူတိုင်းသည် သူတို့မိတ်ဆွေများ၏ အပြစ်အနာအဆာကလေးများကို မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ သင်္ချိုင်းမြေတစ်ခု ထားရှိသင့်သည်။


A true friend is like a good book. The inside is better than the cover.

မိတ်ဆွေတစ်ဦးသည် စာအုပ်ကောင်းတစ်အုပ်နှင့် တူ၏။ အတွင်းပိုင်းသည် မျက်နှာဖုံးထက် ပို၍ကောင်းသည်။

AddThis Social Bookmark Button


ပြင်ဆင်ခွင့်  

ပြင်ဆင်ခွင့်

ဒီမနက်ရုံးသွားတာ ခါတိုင်းထက်စောနေမှန်း သြဒိဿဝေဟင် ကိုယ့်ကိုယ်ကိုယ် သိနေတယ်။ ဒါကြောင့်လည်း ပုံမှန်ခြေလှမ်းထက် နှေးကွေးစွာပဲ လျှောက်မိတယ်။ ကားဂိတ်ရောက်လို့ ကားရပ်စောင့်နေတုန်းမှာပဲ အမှတ်မထင် အနားက လက်ဖက်ရည်ဆိုင်ကို အကြည့်ရောက်မိတော့ အိမ်နားက ဦးလေးသာရင်ကိုတွေ့တာနဲ့ ပြုံးပြနှုတ်ဆက်လိုက်သေးတယ်။ ပြီးတော့လည်း ကားလာရာဘက်ကိုပဲ မျက်နှာလွှဲထားတာပေါ့။ အဲဒီအချိန်မှာပဲ စောစောက လက်ဖက်ရည်ဆိုင်ထဲက လွင့်ပျံလာတဲ့ ဦးလေးသာရင်ရဲ့ စကားသံတွေက နားထဲကို ၀င်ရောက်လာတယ်။
ဒဒအဲဒါ ကျွန်တော်တို့အိမ်နားက ကောင်လေးလေ။ အရမ်းလိမ္မာတယ်။ မနက် ကျွန်တော် ဘုရားထရှိခိုးတဲ့အချိန်ဆို သူလည်း နိုးနေပြီ။ သူ့အမေက မုဆိုးမပေမဲ့ သားသမီးကို သွန်သင်တာ တော်တယ်ပြောရမယ်။ မနက် သူထတဲ့အချိန်ဆို သြဒိဿလေးလည်း ထတယ်။ ပြီးရင် သူနဲ့အတူ ဘုရားရှိခိုးတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ သူ့အမေက စံပြမိခင်ပဲ။ သားသမီးငါးယောက်မွေးထားတဲ့ မုဆိုးမပေမဲ့ အကုန်လုံးကို လိမ္မာယဉ်ကျေးအောင်၊ ပညာတတ်အောင် ပျိုးထောင်ပေးနိုင်တယ်လေဒဒ
ကိုယ့်ကို ချီးကျူးနေတဲ့စကားကို ကြားရပေမဲ့ သြဒိဿဝေဟင် ပီတိမဖြစ်မိဘူး။ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သလိုတောင် ဖြစ်မိသေးတယ်။ ဒါကလည်း အကြောင်းရှိတယ်လေ။ မျက်လုံးထဲမှာလည်း ကိုယ့်ရဲ့အရုဏ်ဦးအချိန်လေးက ရုပ်ရှင် အနှေးပြကွက်တွေလို တစ်ကွက်ချင်းပေါ်လာတယ်။
မနက် ငါးနာရီဆိုတာ အိပ်စက်ခြင်းအတွက် အကောင်းဆုံးအချိန်ပဲလေ။ ကျွန်တော်လည်း အိပ်ချင်တာပေါ့။ ဒါပေမဲ့ ၈ ပေ ၁၂ ပေ အခန်းကျဉ်းကလေးထဲမှာ မိသားစုခြောက်ယောက်နေရတဲ့ ကျွန်တော့်အတွက် စိတ်ရှိသလိုလည်း အိပ်လို့မရပါဘူး။ ဒီလိုပြောရင် ယုံကြမယ်မဟုတ်ဘူး။ တကယ်ပါဗျာ။ ကျွန်တော်တို့မောင်နှမ ငါးယောက်နဲ့ အမေ အဖေဆုံးပြီးကတည်းက ကျွန်တော့်ဇာတိက အိမ်ကလေးကို ရောင်းပြီး အမေ့ဇာတိ၊ အမေ့အမျိုးတွေရှိတဲ့ ရန်ကုန်ကို ပြောင်းလာကြတာ။ ရန်ကုန်မှာက သိတဲ့အတိုင်း အိမ်ဈေးတွေက ခေါင်ခိုက်နေတော့ အမေ့အမွေဆိုင်အိမ်ကလေးမှာပဲ ကုတ်ကပ်ပြီး ရတဲ့အခန်းကလေးမှာ ဖြစ်သလို နေကြရတာ။ အိမ်လခနဲ့ မီတာခ သက်သာတယ်ဆိုရင်ပဲ အိမ်တစ်အိမ်လုံးစရိတ်ရဲ့ တစ်ဝက်တိတိ သက်သာတာပဲလေ။ ဒီတော့လည်း အမေ မုဆိုးမကို ငဲ့ညှာသောအားဖြင့် အပြင်မှာ အိမ်ငှားမနေတော့ဘဲ အဲဒီ ၈ ပေ ၁၂ ပေ အခန်းကျဉ်းကလေးထဲမှာပဲ ဖြစ်အောင် နေကြရတယ်။
မနက် ငါးနာရီဆို အမေက ဘုရားရှိခိုးဖို့ ထပြီ။ ခဏနေတာနဲ့ အိပ်မက်ထဲ နစ်မြောနေတဲ့ ကျွန်တော်တို့မောင်နှမတစ်တွေရဲ့ မျက်နှာပေါ်ကို ဘုရားစင်ပေါ်က အမွှေးတိုင် ပြာတွေ၊ တုတ်တွေ ကျလာပြီ။ မျက်နှာသစ်တော်ရေခွက် လဲကျသံနှင့်အတူ အေးမြတဲ့ ရေတွေ မျက်နှာပေါ်ကို ကျလာပြီ။ မျက်နှာပေါ်အုပ်နေတဲ့ ခြင်ထောင်ကြောင့်သာ ကျွန်တော်တို့ ခံသာတာ။ ဒါက နိစ္စဓူဝ ဖြစ်နေကြ။ ဒီလိုဆိုရင် ကျွန်တော်လည်း ဘယ်လိုမှ အိပ်လို့မရတော့တဲ့အတူတူ အမေလုပ်နေတဲ့ ဘုရားစင်သန့်ရှင်းရေးကို လုပ်၊ မျက်နှာသစ်တော်ရေခွက်၊ သောက်တော်ရေခွက်တွေ ဆေး၊ ရေထည့်၊ ဘုရားစင်ပေါ်တင်ပေးပြီး အမေဘုရားရှိခိုးဖို့ အဆင်သင့်ဖြစ်အောင် လုပ်ပေးလိုက်တယ်။ တစ်လက်စတည်း ကျွန်တော့်တစ်ကိုယ်ရေသန့်ရှင်းရေးပါလုပ်ပြီး ပေါင်းအိုးနဲ့ ထမင်းတစ်အိုး တည်တယ်။ ပြီးတာနဲ့ အမေ့ဘေး ၀င်၊ အစ်မတွေ အစ်ကိုတွေကို တစ်ဖက်စီ တစ်ဖက်စီ တွန်းပြီး အလယ်နားလေးမှာ သတိစွဲအနေအထားနဲ့ ဘုရားရှိခိုးရတယ်။ ဒါပေမဲ့ ကျွန်တော်ဘုရားရှိခိုးနေတဲ့အချိန်မှာ ဘုရားကိုပဲ အာရုံပြုတယ်... အဲလိုလည်း မဟုတ်ဘူး။ အမေ့ရဲ့ သွန်သင်ဆုံးမမှုကြောင့် ဂါထာတွေလည်း အတော်အတန်ရပါရဲ့။ ပဋ္ဌာန်းအကျိုးတော်ကို အမေပြောပြလို့ မနက်တိုင်းလည်း ရွတ်ပါရဲ့။ မြတ်စွာဘုရားကိုလည်း ယုံကြည်ကိုးကွယ်ပါရဲ့။ ဒါပေမဲ့ ကျွန်တော် ဘုရားရှိခိုးစာတွေကို ရွတ်ဆိုနေတဲ့အချိန်မှာ ကျွန်တော့်စိတ်တွေက အလုပ်ထဲကိုလည်း ရောက်ချင် ရောက်သွားတတ်တယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်ချင် ရောက်သွားတတ်တယ်။ တစ်ခါတလေကျတော့လည်း scholarship ကိစ္စဆီ ရောက်သွားတတ်သလို တစ်ခါတစ်ရံကျတော့လည်း ဘေးမှာ ကျုံ့ကျုံ့လေး ထိုင် ဘုရားရှိခိုးနေတဲ့ အမေ့ကို ကြည့်ပြီး သနားစိတ်တွေ ၀င်မိတတ်တယ်။ ဒီတော့ မနက်တိုင်း ဘုရားထရှိခိုးတယ်ဆိုပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အထင်လည်း မကြီးမိသလို ဘေးလူတွေ အထင်ကြီးနေမယ်လို့လည်း ကျွန်တော် မထင်မိဘူး။ အခု ဦးလေးသာရင်ပြောတဲ့စကားကို ကြားမှပဲ နိစ္စဓူဝ တာဝန်တစ်ခုလို သဘောထားပြီး လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သလိုလိုတောင် ဖြစ်မိသေးတော့။ ဒါပေမဲ့ ချက်ချင်းပဲ ဦးနှောက်ထဲမှာ အတွေးတစ်ခု လင်းလက်သွားတယ်။ ကျွန်တော် ပြင်မယ်။ အဲဒါတွေအားလုံး ကျွန်တော် ပြင်မယ်။ သာသနာရေးကိစ္စမှာတင်မကဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်ပါလက်ပါ စေတနာပါပါ လုပ်တာဟာ ကိုယ့် ယခုဘ၀အတွက်ရော သံသရာအတွက်ပါ ကောင်းတယ်ဆိုတဲ့ အသိဝင်သွားတယ်။
အနားကနေ ၀ူး ခနဲ အရှိန်နဲ့မောင်းထွက်သွားတဲ့ ကားသံကြားမှ ကျွန်တော် အတွေးလွန်သွားပြီမှန်း သိလိုက်တယ်။ လက်က နာရီကို ငုံ့ကြည့်လိုက်တော့ ၉ နာရီ ၁၅ မိနစ်။ ဒီပုံအတိုင်းဆို ၁၀ နာရီထိုးခါနီးမှ ရုံးရောက်တော့မှာ သေချာတယ်။ ၁ လမှာ ၂၅ ရက်လောက် နောက်ကျတဲ့ သြဒိဿ ဒီတစ်နေ့တော့ စောလှချည်ရဲ့လို့ စိတ်ထဲကနေ ကြုံးဝါးမိခါမှ ဒုံရင်းက ဒုံရင်းပါလားလို့ တွေးမိတယ်။ အင်း ဒါလည်း ပြင်ရဦးမှာပါလား။

(ဒါ တစ်မျက်နှာစာ ၀တ္ထုတိုမဟုတ်ပါဘူး။ တစ်ညတာ အတွေး ၀တ္ထုတို ဖြစ်ပါတယ်။ ဒါလေးနဲ့ ဆက်စပ်လို့ ၀တ္ထုတိုလေးလို ရေးပါလားလို့ အကြံပေးတဲ့ မမချိုမီကိုလည်း ကျေးဇူးတင်ပါတယ်။ စာရေးဆရာမ မဟုတ်ပေမဲ့ စာတွေအဖတ်များလို့လား၊ စာတွေနဲ့ပဲ ထိတွေ့နေရလို့လားတော့ မသိဘူး ၀ါသနာပါတယ်။ ရေးချင်တယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန်လည်း မရေးတတ်တော့ ရေးတတ်သလိုလေးပဲ ရေးထားတာပါ။ ဖတ်ရတာ အရသာ မရှိရင်လည်း သည်းခံပေးပါလို့...)

AddThis Social Bookmark Button


ဆန္ဒ  

July 24, 2007

မရေရာတဲ့လောကကြီးမှာ လူတွေဟာ မသေချာတဲ့နေရာတစ်ခုအတွက် အမောတကော ပြေးနေကြရတာပဲ။ ပြေးနေရင်းနဲ့တော့ ကိုယ်ရောက်နေတဲ့ နေရာဟာ ကိုယ့်အတွက် စိတ်ကျေနပ်မှု ရှိနေပြီလား၊ ငါကော အတော် မောပန်းနေပြီလားလို့ ပြန်ဆန်းစစ်ရမယ်လေ။ ပုံပြင်လေးတစ်ခုပြောပြချင်တယ်။ တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ တိုင်းသူပြည်သား မရှိဆင်းရဲသားတွေအတွက် မြေနေရာ ဝေငှချင်တာနဲ့ ဘယ်လိုကြေညာချက်ထုတ်သလဲဆိုတော့ မနက် စမိုးလင်းတာနဲ့ မရပ်မနားပြေးရမယ်။ ညနေအထိ။ စပြေးတဲ့နေရာကနေ ညနေအချိန် ရပ်တဲ့နေရာအထိကို မိမိပိုင်တဲ့မြေအဖြစ် သတ်မှတ်ပေးမယ်ဆိုပြီး ကြေညာတယ်။ အဲဒီမှာ လူတစ်ယောက်ဟာ ဒီတစ်ခါတော့ ကျွန်ဘ၀က ကျွတ်ရချည်ရဲ့၊ ကိုယ်ပိုင်မြေလေးနဲ့တော့ နေရချည်ရဲ့ဆိုပြီး မနက်လင်းတာနဲ့ စပြေးတာ... ပြေးတာ... အလိုလောဘကလည်းကြီးတော့ မရပ်မနားဘဲ တောက်လျှောက်ပြေးတာ ညနေစောင်းတဲ့အထိ ဆိုပါတော့။ အတွေးထဲမှာလည်း ငါ အတော်ပြေးခဲ့ပါလား။ ဒါပေမဲ့ သတ်မှတ်ချိန်ရောက်ဖို့ နည်းနည်းလိုသေးတာပဲ၊ ငါထပ်ပြေးလိုက်ရင် မြေပိုရတာပဲဆိုပြီး မရပ်မနားဆက်ပြေးတာ ပြေးနေရင်းနဲ့ အမောဆို့ပြီး လဲကျရာနေရာတင် သေဆုံးပါရောတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးက ဘာပြောသလဲဆိုတော့ အလိုလောဘကြီးတဲ့လူဖြစ်လို့ သူ့အတွက်မြေဟာ ခြောက်ပေသာ ဖြစ်တယ်တဲ့။ တကယ်တော့ အလိုလောဘကြီးတဲ့သူဖြစ်စေ၊ အလိုလောဘမကြီးတဲ့သူဖြစ်စေ ကိုယ်ပိုင်တဲ့မြေရယ်လို့ မရှိပါဘူး။ ကိုယ် ဘာမှ မပိုင်ပါဘူး။ ဒါ ကိုယ်ပိုင်တယ်လို့ ပြောလိုက်တာနဲ့ ဒါ အတ္တ ဖြစ်သွားပြီလေ။ ဒါကို လူတွေမသိဘူးလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ သိကြတာပေါ့။ ဒါပေမဲ့ မပြောဘူးလားဆိုတော့လည်း မကြာခဏ ပြောနေကြတာပဲလေ။ သိုးလေးလည်း လွတ်လားဆို မလွတ်ပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီးအများကြီး တွေးဖြစ်တယ်။ ဖြစ်ချင်ခဲ့တဲ့ဘ၀နဲ့ ဖြစ်နေတဲ့ ဘ၀ အရမ်းကို ကွာဟပါတယ်။ မကြိုးစားခဲ့လို့လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရမ်းကို အမောတကော ပြေးပြီးတော့ကို ကြိုးစားခဲ့တာ။ အခုတော့ မောပန်းနေပြီလေ။ နည်းနည်းလေးတော့ နားလိုက်ဦးမယ်။ ကိုယ်ပိုင်တဲ့အရာ ဘာမှမဟုတ်ဘူးဆိုတာ သိပေမဲ့လည်း ကိုယ့်အတွက်မြေ ခြောက်ပေတော့ နည်းတယ်ထင်တာပဲ။ ဒီ့အတွက် ပြေးလိုက်၊ နားလိုက်နဲ့ မရေရာတဲ့လောကကြီးမှာ မသေချာတဲ့ နေရာတစ်ခုအတွက် ကြိုးစားပါရစေဦးနော်...

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster