Showing posts with label emotion. Show all posts
ပင်ပန်းတဲ့အခါမျိုးမှာတော့ ရင်ဖွင့်ခွင့်ပေးပါနော်...
February 08, 2008
ပင်ပန်းတဲ့အခါမျိုးမှာတော့ ရင်ဖွင့်ခွင့်ပေးပါနော်...
ဒီကနေ့ဆိုရင် ဘလော့ကြီးနဲ့ခွဲခွာခဲ့တာ တစ်လတိတိ ရှိပါပြီ။ တကယ်တော့
ဒီစာကို ရေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အတ္တပဲဆိုပါတော့။
ကိုယ်မလုပ်နိုင်ပေမဲ့ ကြည့်လိုက်တဲ့အခါ လာလည်တဲ့သူငယ်ချင်းတွေကိုမြင်ရတဲ့
ကြည်နူးတဲ့စိတ် အတွက် သိုးလေးရဲ့ အတ္တကြီးမှုသက်သက်ကြောင့်ပေါ့။
နောက်ဆိုရင် သိုးလေး ဘလော့မှာ ရေးဖြစ်မှာ မဟုတ်တော့ပါဘူး။
ဘလော့ကသူတွေအားလုံးကို သိုးလေး အရမ်းပဲသံယောဇဉ်ရှိပါတယ်။ ၀ါသနာပါရာ၊
စိတ်ထက်သန်ရာအလိုက် ရေးကြလို့ ရသစုံခံစားနိုင်တယ်၊ နွေးထွေးတယ်၊
ဖော်ရွေတယ်၊ သိသမျှ မညည်းမညူပြောပြ တတ်တယ်။ ခုလောလာဆယ် မရေးနိုင်ပေမဲ့
လုံးဝအဆက်ပြတ်သွားမှာတော့ မဟုတ်ပါဘူး။ သိုးလေး အချိန်ရတာနဲ့
လက်လှမ်းမီသလောက် ဖတ်ဖြစ်မှာပါ။ ပြီးတော့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့တစ်နေ့
သိုးလေး ပြန်ရေးဖြစ်မှာပါ။
သိုးလေးမှာ အပေါင်းအသင်းမိတ်ဆွေဆိုတာ လက်ချိုးရေရင် ငါးချောင်းတောင်
မပြည့်ပါဘူး။ သိုးလေးက လူအများနဲ့ ရောထွေးနေရတာကို မနှစ်သက်ဘူး၊
ဝမ်းနည်းတဲ့အခါဆို ဘယ်လောက်ကြီးပဲ ငိုချင်ချင် တစ်ယောက်တည်း
အိပ်ရာထဲရောက်မှ ကြိတ်ငိုတိတ်တယ်။ စိတ်တူ ကိုယ်တူကိုပဲ ပေါင်းသင်းတတ်လို့
သိုးလေးမှာ သူငယ်ချင်း များများမရှိပါဘူး။ အေးစက်နေတဲ့ သိုးလေးကို
နွေးထွေးမှုပေးခဲ့တာ ဘလော့က လူတွေပါပဲ။ ဒါကြောင့် အားလုံးကိုပဲ သိုးလေး
တန်ဖိုးထားတယ်။ အတိုင်းအတာတစ်ခုထိ သိုးလေး ရှောင်ပုန်းခဲ့ပြီးပါပြီ...
လောကကြီးတစ်ခုလုံး၊ လူတွေအားလုံး၊ ပတ်ဝန်းကျင်ရဲ့ ဒီအိမ်မှာ ဒီကောင်မလေး
ရှိမှန်းတောင် မသိဘူး ဆိုတဲ့အသံမျိုး ကြားရတဲ့အထိပေါ့။ သိုးလေးကိုယ်ထဲမှာ
လည်ပတ်နေတဲ့ အဖေ့ရဲ့သွေးတွေ၊ အမေ့ကိုချစ်တဲ့ စိတ်တွေကို အားပြုပြီး
သိုးလေး လောကကြီးထဲ ၀င်တော့မယ်။ လူတွေရဲ့ အကြည့်တွေ၊ အသံတွေ၊ ဖြစ်လာမယ့်
အခြေအနေတွေအားလုံးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
အားလုံးနဲ့ ထုသားပေသား တစ်သားတည်း ကျဖို့ဆိုတာ အချိန်လိုပါတယ်။ ၆ လ၊ ၁
နှစ်၊ ၂ နှစ် ပြောမတတ်ပါဘူး။ စေတနာကောင်းလျှင် ကံကောင်းမည် ဆိုတဲ့
ဆောင်ပုဒ်ကလေးကို ကျင့်သုံးပြီး သိုးလေး ရှေ့ဆက်ပါမယ်။
နောက်တစ်ခုက ကိုနေဘုန်းလတ်အတွက်ပါ။ ဒီနေ့မှ မေးလ် စစ်ဖြစ်တော့
ကိုနေဘုန်းလတ်အတွက် တင်ပေးဖို့စာကိုလည်း ဒီနေ့မှ တွေ့ရပါတယ်။ သိုးလေးက
အားလုံးနဲ့ အလှမ်းဝေးနေလို့ အခြေအနေတွေလည်း မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်
သိုးလေး အကြိမ်ပေါင်းများစွာ ၀င်ရောက်ခဲ့တဲ့ ကိုနေဘုန်းလတ်
လွှတ်ချခဲ့တဲ့မြို့တော်ကြီးမှာ အေးချမ်းစွာနဲ့ အမြန်ဆုံး
ပြန်လည်ရေးသားနိုင်ပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။
သိုးလေး မကျွမ်းကျင်တဲ့အပိုင်းမို့ သိုးလေး ဝေဖန်ရေးတွေ မပေးချင်ပါဘူး။
ကိုနေဘုန်းလတ်အတွက် ရင်ထဲမှာပူလောင်နေမယ့် မိသားစုကို မြင်ယောင်ပြီး
စိတ်မကောင်းဖြစ်မိပါတယ်။ အမြန်ဆုံးပဲ လွတ်လပ်ခြင်းရဲ့အရသာကို
ခံစားနိုင်ပါစေ ဆိုတာကိုပဲ ဆုတောင်းပေးနေပါတယ်။
ဘလော့မရေးဖြစ်တော့ဘူးဆိုပေမဲ့ ရင်ထဲမှာ လက်စသတ်ချင်တာလေးတစ်ခု
ကျန်နေသေးတယ်လေ။ အရင်တုန်းက ဘလော့မှာ သိုးလေးရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေကို
ခေါင်းစဉ်မတပ်ခဲ့မိဘူး။ နောက်ပိုင်းမှာတပ်ဖြစ်ပေမဲ့ ရှေ့ပိုင်း
တော်တော်များများပဲ ကျန်နေတယ်လေ။ အားလုံး တစ်စုတစ်စည်းတည်း သိုးလေး
ပြန်ကြည့်နိုင်အောင် တပ်ချင်ပေမဲ့ အင်တာနက်ဆိုင်မှာ
ထိုင်လုပ်မှရမယ့်ကိစ္စမို့ သိုးလေးမှာ စိတ်ညစ်နေရတယ်။ အထူးသဖြင့်
ကဗျာတွေကိုပေါ့။ သိုးလေးရေးတဲ့ကဗျာတွေ အပုဒ်ပေါင်း
တော်တော်မနည်းတော့ဘူးလေ။ အဲဒါလေးတွေကို စိတ်ကူးပေါက်တိုင်း သိုးလေးက
ပြန်ဖတ်ချင်တာဆိုတော့ စုစုစည်းစည်းလေး ရှိနေစေချင်တာပါပဲ။ အဲဒီအတွက်
အလုပ်အပ်မလားလို့ စိတ်ကူးနေတာ။ ဘယ်သူကမှလည်း ယောင်လို့တောင် စကားမဟကြတော့
သိုးလေးလည်း လက်လျှော့ထားရတယ်လေ။ ဒါနဲ့ စကားမစပ် နောက်ပိုင်း သိုးလေး
သိချင်တာတွေရှိလို့ မေးတဲ့အခါ ဘလော့က မောင်နှမတွေကိုပဲ မေးရမှာမို့
သိုးလေးကို မညူစူကြပါနဲ့လို့ ကြိုပြီး ခွင့်ပန်ချင်ပါတယ်။
သိုးလေးကို သတိရတဲ့အခါပဲဖြစ်ဖြစ်၊ သိုးလေးနဲ့ပတ်သက်လို့ ဝေဖန်
အကြံပြုချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် thoemalay@gmail.com ကို
မေးလ်ပို့နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ g-talk ဖွင့်တဲ့အခါ ကိုယ်မသိတဲ့
နာမည်မျိုး invite လုပ်ထားရင် လက်ခံဖြစ်မှာမဟုတ်လို့ မေးလ်ကို
ကြိုပို့စေချင်ပါတယ်။ အားလုံးပဲ သိုးလေးနဲ့အတူ ဘ၀ကို အားနဲ့ မာန်နဲ့
ကိုယ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ချီတက်ကြပါစို့။
မလေး တို့ မမလေးမ တို့ မေးခဲ့ဖူးတဲ့ သိုးလေးမွေးနေ့ ဘယ်တော့လဲဆိုတာ...
လာမယ့် ၃ လပိုင်း ၉ ရက်နေ့ဟာ သိုးလေးမွေးနေ့ပါပဲ။ အရမ်းအံ့သြသွားလားဟင်၊
ဒီလောက်ပူပြင်းတဲ့ရာသီမှာ မွေးလာပြီး နာမည်ကျတော့ အေးခဲမတတ်ပဲ
ဆိုပြီးတော့ပေါ့။ အဲဒီလိုပါပဲ သိုးလေးက မွေးကတည်းက ဆန့်ကျင်ဘက်တွေနဲ့
ရှင်သန်ခဲ့လို့ပဲထင်ပါရဲ့... profile မှာ သိုးလေး ရေးထားသလိုမျိုးပဲ
သည်လောကကြီးမှာ ရှင်သန်ခဲ့စဉ်အတွင်း အားလုံးမဟုတ်ရင်တောင်
တစ်စုံတစ်ယောက်ဆီမှာ အေးချမ်းသူ ဆိုတာ ရှိခဲ့ဖူးပါလားဆိုတဲ့ တစ်ခါတစ်ရံ
သတိရခြင်းမျိုးလေး ဖြစ်ခဲ့ရင်ပဲ သိုးလေး ကျေနပ်နေမှာပါ။
နောင်ဆိုရင် အဖော်မဲ့ အထီးကျန်ဖြစ်နေမယ့် သိုးလေးရဲ့ဘလော့မှာ
သိုးလေးကတော့ အမြဲ အိပ်ဖန်စောင့် လုပ်နေမှာပါ။ ဖြတ်လျှောက်သူတွေ၊
မျက်လုံးဝေ့ကြည့်သူတွေ၊ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတဲ့သူတွေ အားလုံးကို
မျက်စိမညောင်းသရွေ့ လိုက်ကြည့်နေရင်း .....
Posted in emotion by hnin | 5 comments
နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ
December 31, 2007
နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ
နှစ်တစ်နှစ်ကုန်ဆုံးလို့ နေ့သစ်တွေမွေးဖွားခြင်းရဲ့အစ ရောက်ရပြန်တော့မယ်။ တကယ်တော့ တစ်နှစ်ပြီးတစ်နှစ် နှစ်သစ်တွေ စတင်တိုင်း ငါဟာ စိတ်သစ် လူသစ်နဲ့ နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တာ ကိုယ့်ဘ၀ကိုယ် ရပ်တည်ချင်တဲ့စိတ် စတင်ဖြစ်ပေါ်ကတည်းကပဲ။ ဒီလိုနဲ့ ခုဆို ၂၀၀၇ ကုန်ဆုံးပြီ။ မနက်ဖြန်ဆို ၂၀၀၈ ဖြစ်ပြီ။ ညီမလေး ၀င်္ကပါ ပြောသလိုပဲ ကိုယ်လုပ်ခဲ့သမျှ အရာအားလုံးကို လက်က ချမရေးရဲသေးဘူး။ စိတ်နဲ့ အရင်ခန့်မှန်းကြည့်တယ်။ သေချာတာတော့ ကျေနပ်အားရမှုမရှိသေးတဲ့အတိုင်းအတာတစ်ခုပဲ။ ငါဟာ ကြိုးစားဆဲပါပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၃၁ မှာ အမှတ်တရရှိခဲ့တာတော့ သေချာတယ်။ ပျော်ရွှင်ခြင်းလား၊ ၀မ်းနည်းကြေကွဲခြင်းလား... အေးချမ်းသော သိုးမလေး လို့ ချစ်ကြသူတွေက ခေါ်ကြတယ်။ ချစ်ရတဲ့ ဖေဖေကတော့ သမီးလေး နှင်း လို့ ခေါ်တယ်။ အမည်ပညတ်ချက်အတိုင်း နင့်ကို အေးချမ်းစေချင်တယ်လို့ အချစ်ဆုံးသူငယ်ချင်းက ပြောခဲ့တယ်။ ဖြူစင်သော သိုးမလေးရယ်လို့ မရည်ရွယ်ပါဘဲ ဒီနာမည်ကို ရခဲ့တယ်။ ဘ၀မှာ ပေးဆပ်မှုသာ ရှိမယ်လို့ မမေးရဘဲ ဗေဒင်ဟောခံထားရတယ်။ ဒါတွေဟာ တိုက်တိုက်ဆိုင်ဆိုင် ၃၁ မှာ ဖြစ်ခဲ့တာတွေပါ။ မယုံ ပုံပြင်လို့မှတ်။ မနှစ်က ၃၁ မှာ ပျော်ရျွင်ခြင်း၊ ၀မ်းနည်းခြင်း ဘာဆိုဘာမှ မရှိခဲ့ဘူး။ အဖေ့ကို သတိရတဲ့စိတ်က လွဲလို့ပေါ့။ ဒီ ၃၁ မှာတော့ တကယ်ကို အငိုမျက်လုံး အပြုံးမျက်နှာ ဆိုသလို အဖေ့အတွက် လွမ်းတဲ့စိတ်ကြောင့် ငိုချင်နေတဲ့နှလုံးသားကို သူငယ်ချင်းတွေရဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းလေးတွေဖတ်ပြီး ပြုံးရယ်နေတဲ့ မျက်နှာက အရှက်ရနေတယ်။ မမလေး tag လို့ ရေးလိုက်တာ။ လက်တန်း။ ဘာမှ ပြင်ဆင်ထားခြင်း မရှိ၊ ရည်ရွယ်ထားခြင်း မရှိပါဘဲ တဒင်္ဂဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ချရေးလိုက်တာပါ။ ၃၁ ကို ၃၁ မှာပဲ ထားခဲ့ချင်တယ်လေ။ အားလုံးပဲ နှစ်သစ်ကို ပျော်ရွှင်မှုတွေနဲ့အတူ ရွှင်လန်း လတ်ဆတ်စွာ စတင်နိုင်ပါစေ။
Posted in emotion by hnin | 4 comments
Movie Maker ကျေးဇူး
December 22, 2007
Movie Maker ကျေးဇူး
ပြီးခဲ့တဲ့သောကြာနေ့က အလုပ်ကလည်း အား၊ ပိုက်ဆံကလည်း ပြတ်နဲ့ သိုးလေး တော်တော်စိတ်ညစ်နေတာ။ အင်တာနက်သုံးချင်တာလည်း ပိုက်ဆံမရှိလို့ မသုံးရဘူး။ တော်တော်သနားဖို့ကောင်းတယ် ဟီးဟီး။ အဲဒါနဲ့ မထူးဘူးဆိုပြီး ကွန်ပျူတာရှေ့မှာ ဟိုလုပ်ဒီလုပ်နဲ့ လျှောက်လုပ်နေရင်း သူငယ်ချင်းတစ်ယောက် ပြောပြဖူးတဲ့ Movie Maker ကို သွားသတိရရော။ ပုံထည့်တာ၊ သီချင်းထည့်တာတော့ သိတယ်။ effect တွေ ထည့်ပြီး သီချင်းတစ်ပုဒ်ဆုံးတဲ့ထိ တစ်ခါမှမလုပ်ဖူးဘူး။ ဒါနဲ့ သိုးလေးအစ်မ ကျိုက်ထီးရိုးသွားတုန်းက ရိုက်ထားတဲ့ပုံတွေကို ကင်မရာထဲကနေ စက်ထဲထည့်၊ ပြီးတော့ တစ်ပုံနဲ့တစ်ပုံ ပြောင်းတဲ့ Video Making တွေ ထည့်၊ ပြီးတော့ audio သီချင်းသွင်း၊ ပြီးတော့ ပြန်ဖွင့်ကြည့်တော့ သီချင်းတစ်ပုဒ်ဆုံးသွားရော ပုံက အများကြီးကျန်နေသေးတယ်။ ဘယ်ရမလဲ နောက်သီချင်းတစ်ပုဒ်ထပ်သွင်း၊ အဲ... သီချင်း နှစ်ပုဒ်ဆုံးတော့ ပုံနဲ့ ကွက်တိ။ ဒါနဲ့ တစ်ခုခု လိုနေသေးသလိုပဲလို့ စဉ်းစားတော့ ခေါင်းစဉ်နဲ့ အပိတ်။ ဒါပေမဲ့ မထည့်တတ်ဘူး။ ကလိတဲ့နေရာမှာ သိုးလေးလေ ဘယ်ရမလဲ...Making title ဆိုတာတွေ့တာနဲ့ ဟုတ်ပြီ ဆိုပြီး နှိပ်လိုက်တာ။ အဲဒီလိုနဲ့ အဖွင့်စာသားနဲ့ အပိတ်စာသား ရသွားရော။ အပိတ်မှာလည်း Designed by Ayechanthu ဆိုပြီး အလကားရတဲ့ effct အကုန်ထည့်ပစ်လိုက်တာပေါ့။ ဘယ်ရမလဲ။ အဲဒီလိုနဲ့ နေ့ဝက်လောက်ကုန်သွားတဲ့အချိန်မှာ မမရဲ့ ကျိုက်ထီးရိုးသွား ခရီးစဉ် ရုပ်သေပုံလေးတွေဟာ သိုးလေးရဲ့အစွမ်းနဲ့ Movie Maker နဲ့လုပ်ထားတဲ့ မသပ်မရပ် မလှမပ (ကိုယ့်ဘာကိုယ်တော့ ပီတိဖြစ်နေတာပေါ့ ဟဲဟဲ) အခွေလေးတစ်ခွေ ဖြစ်သွားရော။ ပြီးတော့ အကြံရသွားတယ်။ ငါ့မှာ သူ့ပုံတွေကို နေ့ဝက်ကြီးများတောင် အချိန်ကုန်ခံပြီးလုပ်လိုက်ရတာ။ အကျိုးဆောင်ခတော့ ရသင့်တယ်လို့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ မမကို 'မမကျိုက်ထီးရိုးသွားတဲ့ပုံတွေကို သမီး အခွေလုပ်ပေးထားတယ်။ နောက်ခံသီချင်းလေးနဲ့။ အရမ်းမိုက်တယ် သိလား။ အဲဒါ နှစ်ထောင့်ငါးရာပဲပေး။ သူများဆို မရဘူး။ ပုံတွေကို Scan ဖတ်ရမယ်ဆိုရင်တော့ အဲဒီဈေးနဲ့ မရဘူး။ မမမို့ လျှော့ပေးတာ' ဆိုတော့ သူကလည်း သဘောတွေကျ၊ သူ့အခွေလေးကို ဖွင့်ကြည့်ပြီး ချက်ချင်းပဲ နှစ်ထောင့်ငါးရာ ထုတ်ပေးတယ်။ သူလည်း ကျေနပ်၊ ကိုယ်လည်း ပိုက်ဆံရပေါ့။
ညနေကျတော့ ဘယ်ကဘယ်လိုကြားလာတယ်မသိဘူး၊ နောက်တစ်ခါ ညီမလေးသဘောနဲ့ ညီမလေးလုပ်ရင် ပိုက်ဆံမပေးဘူးနော် တဲ့။ အဲ... ဘယ်လိုဖြစ်ရပြန်တာလဲ ဆိုတော့ တခြားကပြောလိုက်တယ်၊ ဆိုင်မှာ ပုံ ၇၀ ကျော်ကို အဲဒီလိုလုပ်တာ ၁၅၀၀ ပဲ ပေးရတယ်တဲ့။ ငါသာ အ လို့ ခံလိုက်ရတာ။ နင့်ဆီ ဘယ်သူမှလည်း အလုပ်အပ်မှာမဟုတ်ဘူးတဲ့။ ရှက်လည်းမရှက်ဘူး၊ နောက်ဆုံးမှာ သူ့နာမည်က ပါသေး ဆိုပြီး အပြောခံလိုက်ရတယ်။ သိုးလေးကတော့ မထင်ပါဘူး။ ပုံ ၇၀ ကျော်ကို Scan ဖတ်ပြီး အဲဒီလိုအခွေလုပ်တာ ၁၅၀၀ ပဲ ရမယ်ဆိုရင် သိုးလေးတော့ လုပ်မစားတော့ဘူး။ ဟီးဟီး... လောလောဆယ်တော့ ဘာပဲပြောပြော ၂၅၀၀ ရသွားပြီလေ။ အဲဒီပိုက်ဆံလေးကို စုထားရတယ်။ မမကို အခွေပေးကတည်းက ပြောထားတာလေ၊ မေမေ့ကို ပိုက်ဆံပေးရတယ်လို့ မပြောရဘူးလို့။ နှစ်ဦးသဘောတူမှ အခွေထုတ်ပေးထားတာဆိုတော့ သူလည်း မပြောရဲဘူး။ လူတကာလုပ်တတ်နေကြတဲ့ Movie Maker ကို သိုးလေးက အခုမှလုပ်တတ်တာ ရှက်တော့ ရှက်ပါဘူး။ ဘာလို့ဆို သိုးလေးက အဲဒါမျိုးတွေ သိပ်ဝါသနာမပါလို့။ ကိုယ်မလုပ်တတ်တာဆိုရင်တော့ လုပ်တတ်ချင်တယ်လေ။ အဲဒါကြောင့် မေးချင်တာရှိရင် မေးတယ်၊ မဖြေရင်တော့လည်း စိတ်မဆိုးပါဘူး၊ သူတို့မအားလို့ပဲနေမှာပေါ့လို့ တွေးပြီး ကိုယ့်ဘာကိုယ် ဖြေပါတယ်။ မဟုတ်ရင် ကိုယ်ပဲ စိတ်ညစ်ရမှာပေါ့။ ဟုတ်ဘူးလား။
မှတ်မှတ်ရရ အဲဒါလုပ်ပြီး ညဘက်ကျတော့ မီးက အပြတ်၊ UPS ကလည်း မခံနိုင်တာနဲ့ တိုက်ရိုက်ပိတ်သွားတာ။ ပြန်ဖွင့်တော့ Window မတက်တော့ဘူး။ Window လာတင်ပေးတဲ့ servician ကို Movie Maker ပါ ထည့်ပေးနော် ဆိုတော့ ရယ်တယ်။ ရယ် ရယ်... ကိုယ်မှ နားမလည်လို့ ပြောတာပဲ။ အဲဒါလေးကို အမှတ်တရအဖြစ် မမက သူ့သူငယ်ချင်းကို မေးလ်ကနေတစ်ဆင့် ပို့ပေးပါလားတဲ့။ သိုးလေးလည်း နားမလည်ပါးမလည်နဲ့ ယူလာတာပေါ့။ USB Flash Drive နဲ့ ကူးလာပြီး ဆိုင်ရောက်တော့ ထည့်ပေးပါလို့ ပြောလိုက်တယ်။ ခဏနေ ဆိုင်က အစ်မက ဟာ... ဟာ... နင့်ဟာကြီးက ဗိုင်းရပ်တွေပါလာတယ်။ ငါ့ server တော့ ကြွတော့မှာပဲတဲ့။ အဲလိုပြောရင် သိုးလေးက စိတ်မကောင်းဘူး။ အဲဒျီအငခု ကို ၀ယ်ပြီးကတည်းက format ချရတာလည်း အခါပေါင်းမနည်းတော့ဘူး။ သူ့ကိုတပ်တိုင်းလည်း Virus Scan လုပ်တယ်။ သတ်တယ်။ အဲဒါတောင်မှ ဗိုင်းရပ် ပါလာတယ်ဆိုတော့ စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးထိ ကျ၊ ဘာပဲပြောပြော ဒီနေ့ သိုးလေးစိတ်ကြိုက် ဘလော့တွေ ဖတ်နိုင်တာ Movie Maker ကျေးဇူးနဲ့ ရလာတဲ့ ပိုက်ဆံလေးကြောင့်လေ။ အဲဒါကြောင့် မိတ်ဆွေတို့လည်း အိမ်မှာပျင်းရင် Movie Maker လေးနဲ့ လုပ်ပြီး သိုးလေးလို ညာစားကြည့်ပါလားလို့။ သူငယ်ချင်းတို့က လုပ်တတ်ပြီးသားလူတွေဆိုတော့ သိုးလေးလိုတောင် အချိန်ကုန်မယ်မဟုတ်ဘူး။
Posted in emotion by hnin | 7 comments
သိုးလေးနှင့် ဘလော့
December 03, 2007
သိုးလေးနှင့် ဘလော့
ဘလော့ဂါတွေရဲ့ ဘလော့နဲ့ပတ်သက်တဲ့အကြောင်းတွေကို မှန်ဘီလူးတစ်လက်နဲ့ ဦးစံရှားလုပ်နေတဲ့ မကပ်သော ကိုပီကေက သိုးမလေးဆီမှာ သဲလွန်စ ဘာများတွေ့တယ်ရယ်မသိဘူး၊ ရှိတာအကုန်ထုတ် သိုးလေး တဲ့၊ အဲလေ... tag ထားတယ်တဲ့။ ဒါနဲ့ သိုးလေးတစ်ယောက် တအားပျော်ပေါ့ (ရေးစရာတစ်ခုရပြီဆိုပြီးတော့)။ သိုးလေး ဘလော့လုပ်တာ တစ်နှစ်ပြည့်တော့မယ်လေ။ ဘလော့လုပ်ဖြစ်ပုံကတော့ မယမင်းက သူ ဘလော့တစ်ခုလုပ်ထားတယ်။ ကြည့်ပြီး ဝေဖန်ပါ၊ အကြံပေးပါလို့ပြောတာနဲ့ သိုးလေး ကြည့်ကြည့်တော့ အရမ်းသဘောကျတယ်။ အဲဒါနဲ့ မယမင်းကို အပူကပ်ပြီး ဘလော့တစ်ခုဆောက်တယ်။ အဲဒီတုန်းက ဘလော့ကို ပြုပြင်ရမှာ နားမလည်တာနဲ့ ဘလော့တစ်ခုလုပ်လိုက်၊ မကြိုက်လိုက်၊ နောက်တစ်ခုလုပ်လိုက်နဲ့ အေးချမ်းသူ ဆိုတော့မှ အတည် ဖြစ်သွားတယ် (သုံးခုမြောက်ပေါ့)။ နေမြင့်လေ အရူးရင့်လေ ဆိုသလို ဘလော့လုပ်တာ ကြာလေ ဘလော့ကို ဖြတ်မရလေပဲ (တစ်ခါတစ်ခါ စိတ်ကူးမိတာလေ)။ ကိုပီကေက tag တဲ့သူဆိုတော့ ကိုပီကေနဲ့ နှိုင်းပြောရမယ်။ သိုးလေးလည်း ကိုပီကေ့လိုပဲ ဘလော့မှာ ပို့စ်မတင်ရရင် တစ်ရက်ကနေ နှစ်ရက်ဆို မနေနိုင်တော့ဘူး။ ခံစားချက်ချင်း တူတယ်။ ပြီးတော့ အပြင်မှာမပြောရသမျှ ဘလော့မှာ အတိုးချပြီး ရေးလို့ရတယ်လေ။ ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်မျိုးပေါ့။ သိုးလေး မေးကြည့်ဖူးသမျှ ဘလော့လုပ်တဲ့သူ တော်တော်များများ သဘောကောင်းကြတယ်။ သိုးလေးက သိချင်တာရှိရင် တစ်ယောက်ပြီးတစ်ယောက် လိုက်မေးတာလေ။ွှWeb နဲ့ ပတ်သက်လို့လည်း ဘာမှမသိပေမဲ့ အရမ်းစိတ်ဝင်စားတာ။ အခြေခံလေးတက်ပြီးကတည်းက သိချင်တာတွေ ပိုများလာပြီး အမေးအမြန်းထူလွန်းလို့ တော်တော်များများတောင် စိတ်ညစ်နေကြမလားမသိဘူး။ တော်ကြာ သိုးမလေး ဟေ့ ဆိုရင် ရှောင် ရှောင် ရှောင် ဖြစ်နေမှာစိုးလို့ ခုတော့ သိပ်မမေးတော့ဘူး... ဟီးဟီး... မမမိုးချစ်သူက သူငယ်ချင်းနဲ့ပတ်သက်လို့ သိုးလေးကို tag တာတောင် ခုတလော ဘလော့ကို ဆော့စရာလို ဆော့နေတဲ့ ချစ်ညီမလေး တဲ့၊ ပြောတော့မပေါ့... မမမိုးချစ်သူလည်း မေးခံထိထားတာကိုး။ မှတ်မှတ်ရရ ညတုန်းက အိပ်မက် မက်တယ်။ မနေ့က တန်းပလိတ်နဲ့ပတ်သက်လို့ သိုးလေး မေးတော့လေ သင်ပေးတဲ့သူ တော်တော်စိတ်ညစ်သွားမယ်ထင်တယ် (နာမည်ြေ့ပာရင် သူက စိတ်ဆိုးမလားပဲ :) )။ သူက တန်းပလိတ်ထဲမှာ ဟိုဟာရှာခိုင်းလည်း သိုးလေး တန်းပလိတ်ထဲမှာ မရှိဘူး၊ ဒီဟာရှာခိုင်းလည်း မရှိဘူး၊ page element မှာထည့်ဖို့ coding ပေးတော့လည်း သိုးလေးဆီမှာ အဲဒီ page element ဆိုတာကြီးကို မရှိဘူးလို့ ပြောလိုက်တော့ လက်မြှောက်သွားရော... ဟဲဟဲ... အဲဒီလို အဲဒီလိုနဲ့ သူ့ကို အပြင်မှာလည်း မမြင်ဖူးဘဲနဲ့ အိပ်မက်ထဲမှာ သူနဲ့ ရန်ဖြစ်ရပါရော... ဟားဟား... သိုးလေးဘလော့ကြီး သူ လုပ်လိုက်လို့ ပျက်စီးသွားတယ်တဲ့လေ။ အိပ်မက်ထဲမှာ သူ့ကို ဘာပြောလိုက်လဲ သိလား၊ ကိုပေကီနဲ့ မမမိုးချစ်သူ tag ထားတာ သိုးလေး မရေးရသေးဘူး။ အဲဒီဘလော့ကြီး ပြန်ကောင်းအောင်လုပ်ပေး ဆိုပြီး အော်တာပေါ့။ သူကလည်း မခေဘူး၊ တစ်ခွန်းမခံ ပြန်ပြောတယ်။ ကြောက်မယ်မထင်နဲ့ ခြေထောက်တွေ၊ လက်တွေ အလကားထားတာ မဟုတ်ဘူး။ ခြေထောက်က ပြေးဖို့၊ လက်က ထိုင်ရှိခိုးဖို့တဲ့။ အဲဒါနဲ့ သူ့ကို ဘာထပ်ပြောရမယ်မသိဖြစ်နေတုန်း ခြောက်နာရီထိုးနေပြီ၊ ဘုရားထရှိခိုးတော့ ဆိုတဲ့ မွေးမေမေရဲ့ အသံကြောင့် နိုးသွားရော။ အဲဒါ ကိုပီကေ့ရဲ့ tag ကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားရင်းနဲ့ အိပ်မက် မက်တဲ့အထိ ဖြစ်သွားရတာလေ။ တစ်နည်းပြောရရင် ဘလော့ကြီးအပေါ် သက်ရောက်တဲ့ သိုးလေးရဲ့စိတ် ဘယ်လောက်များတယ်ဆိုတာပေါ့။ ကိုပီကေ... ကျေနပ်ပါတယ်နော်...
(သိုးလေး ပေါက်ကရမေးသမျှ စိတ်လိုလက်ရ ပြန်ဖြေကြတဲ့ ချစ်သော ဘော်ဘော်တွေကို သိုးလေးက ဒီပို့စ်လေးကနေပဲ ကျေးဇူးတင်လိုက်ပါတယ်နော်...)
Posted in emotion by hnin | 8 comments
November 16, 2007
သိုးလေး အရှုပ်ကလေးတွေ လုပ်နေလို့... ဘလော့ကိုလေ အောက်ခံ ပြောင်းဖို့၊ ဘန်နာတင်ချင်လို့... အဟဲ... တစ်ခုမှတော့ မဖြစ်သေးဘူး... ကြိုးစားဆဲ။
Posted in emotion by hnin | 10 comments
ရင်တွင်းဖြစ်
November 13, 2007
ရင်တွင်းဖြစ်
၂၁ ရာစုရဲ့သမီးပျို
ရန်ကုန်ကို စစ်မြေပြင်လို သဘောထားတဲ့ ငါ
အဲဒီလမ်း ပင်ပန်းမှာလည်း မကြောက်ဘူး
ကြမ်းတမ်းမှာလည်း မကြောက်ဘူး
ငါကြောက်တာ မလျှောက်လှမ်းရမှာပဲ။
ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်ကို
မိဘအလိုကျ အိမ်မှာအလှပြထားမှ
အဲဒါ သမီးလိမ္မာတဲ့လား...
"မပြောချင်လို့ ကြည့်နေတာ ကြာပြီ" လို့ အပြောခံရလောက်အောင်
ငါ အတော့်ကို ဆိုးရွားနေပြီလား...
"တဇွတ်ထိုး တဇောက်ကန်း" ဆိုတဲ့ ဘွဲ့က
ငါ့အတွက် မြင့်များ မြင့်နေသလား...
ကျယ်ပေမဲ့ ကျဉ်းလွန်းတဲ့ မြို့ပြဟာ
ပါးစပ်တစ်ပေါက်နဲ့ အသက်ရှူတဲ့လူလို
ငါ့အတွက်တော့ ရှူ၍မ၀နိုင်သော လေပဲ။
နေရောင်ပျောက်ရင် မျက်စိအောက်ရောက်နေမှ
စေရာသွား ခိုင်းရာလုပ်
အရုပ်တစ်ရုပ်လိုဖြစ်နေတဲ့ငါ့အတွက်
တနင်္ဂနွေတွေ သေဆုံးခဲ့တာ ကြာပြီ။
Helen Keller နဲ့အတူ ဘ၀တိုက်ပွဲဝင်ခဲ့တဲ့
Anne Sullivan လို
တစ်ခါတစ်ရံတော့ အမေ့ကို အားကိုးချင်တယ်။
ကောင်းကင်ဘုံမှာ နေသားကျနေမယ့်
အဖေ့ရဲ့ရင်ခွင်ကျယ်မှာ
တစ်ခါတစ်ခါ ခိုနားချင်တယ်။
မလိုအပ်ဘဲ စွမ်းအင်တွေ မကုန်ခမ်းစေဖို့
မျက်ရည်မကျတတ်အောင် သင်ပေးခဲ့တဲ့
ငါ့ဘ၀ကြီးကို ငါလေးစားတယ်
အမှောင်တွင်းက အလင်းရစေဖို့
ငါ့ညကို ငါထွန်းပမယ်
ဒါပေမဲ့
အဲဒီညအတွက် အသက်ဆက်ဖို့
အမေ့ရဲ့အပြုံးတစ်ချက်တော့
အမှန်လိုအပ်တယ်။
Posted in emotion by hnin | 5 comments
October 30, 2007
လူအများပို့သတဲ့ မေတ္တာကြောင့် သိုးလေး ဒီနေ့ စာမေးပွဲ ကောင်းကောင်းဖြေနိုင်ပါတယ်။ လာမယ့် တနင်္ဂနွေက စလို့ အားပြီလေ။ အဲဒီကျမှ အတိုးချပြီး ဘလော့ရတော့မယ်။ သိုးလေးမရှိတုန်း ရင်တွင်းစကားတွေ ပြောကြားသွားတဲ့ မောင်နှမတွေကို ကျေးဇူးအများကြီးတင်ပါတယ်။
Posted in emotion by hnin | 1 comments
ကျွန်မနှင့် ကောင်မလေး
October 22, 2007
ကျွန်မနှင့် ကောင်မလေး
အသားဖြူဖြူ၊ လုံးလုံးလေးနဲ့ ကော့နက်နက်မျက်တောင်ပိုင်ရှင် ကောင်မလေးကို မြင်ရသူတိုင်းဟာ ချစ်စဖွယ် ကောင်မချောလေးအဖြစ် သတ်မှတ်ကြမယ့်အပြင် သူ့ဘ၀ကိုလည်း ချောမွေ့စွာဖြတ်သန်းခဲရလိမ့်မယ်လို့ မှတ်ချက် ချကြမှာ မလွဲဘူး။ တကယ်တော့ ဇနီးမောင်နှံနှစ်ယောက်အတွက် ဝေယျာဝစ္စလုပ်ပေးနေရတဲ့ ကောင်မလေးရဲ့ဘ၀ကို ဘယ်သူမှသိကြမယ်မဟုတ်ဘူး။ ကောင်မလေးဘ၀မှာ ချောချောမွေ့မွေ့မရှိခဲ့တဲ့အပြင် ယုယထွေးပိုက်ပေးမယ့် မိဘ တွေလည်း မရှိကြတော့ဘူးလေ။ အကြောင်းအရပ်အမျိုးမျိုးကြောင့် တိုက်ဆိုင်စွာ ကျွန်မနဲ့ ဆုံတွေ့လာခဲ့ရတဲ့ ကောင်မလေးကို ကျွန်မလည်း ညီမလေးတစ်ယောက်လို ချစ်မိတယ်။ "မရယ်... မသာ မရှိရင် သမီးလည်း ဒီမှာ မနေချင်ပါဘူး" တဲ့။ တစ်ခါတစ်ခါ ပျော်နေတတ်သလောက် တစ်ခါတစ်ခါ မှိုင်တွေနေတတ်တဲ့ကောင်မလေးကို နိစ္စဓူဝမြင်နေရတဲ့ ကျွန်မရဲ့ရင်ထဲမှာ ခံစားချက်တွေက အမျိုးမျိုးပဲ။ တစ်ခါတစ်ရံ ဆိုင်ထွက်၊ တစ်ခါတစ်ရံ အိမ်မှာလုပ်နဲ့ အမြဲတစေ တွေ့မနေရပေမဲ့ တွယ်မိတွယ်ရာ တွယ်နေတဲ့ ကောင်မလေးရဲ့သံယောဇဉ်ကို ကျွန်မ နားလည်ပါတယ်။ မောကြီးပန်းကြီးနဲ့ အပြင်က ပြန်လာ၊ ကျွန်မရဲ့ပါးကို ရွှတ်ခနဲ မွှေးပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကောင်မလေးကို ကျွန်မ ပြုံးပြုံးလေးပဲ စိုက်ကြည့်မိတယ်။ "ဟိတ် ဘာလုပ်တာလ" ဆိုတော့ "မကို ချစ်လို့တဲ့"။ တစ်နေကုန်နေလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားသုံးခွန်းပြည့်အောင် မပြောတတ်တဲ့ ကျွန်မကို သံယောဇဉ်တွယ်နေတဲ့ ကောင်မလေးကို ကျွန်မကလည်း ညီမလေးလို နှောင်တွယ်မိတယ်။ "မ၊ သမီး လကုန်ရင် အိမ်ပြန်မလို့။ ပြန်လာရမလား၊ မလာရဘူးလားဟင်။ ဒါပေမဲ့ မရယ်၊ မသာ သမီးနဲ့ အတူရှိမနေဘူးဆိုရင်တော့ သမီးလည်း ပြန်မလာချင်တော့ဘူး။ မကို လွမ်းလို့ သေမှာပဲ။" ကျွန်မရဲ့ရင်ထဲမှာ ကောင်မလေးနဲ့ပတ်သက်လို့ ပြောပြချင်တဲ့ စကားလုံးတွေ အများကြီးရှိနေတယ်။ ဒ'ါပေမဲ့ ကျွန်မနှုတ်ဖျားကနေ ထွက်ကျမလာခဲ့ဘူး။ ကိုယ့်အတွက်တစ်နေရာ စာတောင် ပိုင်နိုင်မှုမရှိတဲ့ ကျွန်မဘ၀၊ ဘယ်သူ့ကိုမှ အာမခံချက်မပေးနိုင်ခဲ့ဘူးလေ။ ပြန်လာပါလို့ မဖိတ်ခေါ်ရဲသလို ပြန်မလာနဲ့လို့လည်း ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်တာ သေချာနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေး စိတ်ချမ်းသာစေချင်တယ်။ "ပြန်လာခဲ့ပေါ့ ညီမလေးရယ်၊ မတို့ ရုံး မရွှေ့သရွေ့တော့ ညီမလေးနဲ့ တွေ့ရမှာပေါ့။ မဟုတ်ရင်လည်း ညီမလေးဆီ မ လာလည်မှာပေါ့" ဒီအခါ ကောင်မလေးရဲ့ ကော့နက်နက်မျက်တောင်လေးတွေ အောက်ကိုထိုးဆင်းသွားတာ ကျွန်မ မမြင်ရက်ခဲ့ဘူး။ သူ့ကိုယ်သူ အိမ်ဖော်တစ်ယောက်လို သိမ်ငယ်နေတတ်တဲ့ ကောင်မလေးကို ကျွန်မနှုတ်က ရှားရှားပါးပါး စကားတစ်ခွန်းပြောဖြစ်တယ်။ ဒါကို ကောင်မလေးက သူ့ပိုက်ဆံညှပ်တဲ့ စာအုပ်လေးထဲမှာ မပီမသတဲ့ ၀ိုးတ၀ါးလက်ရေးလေးတွေနဲ့ ရေးထားတာ ကျွန်မ မသိခဲ့ဘူး။ "သမီးပြန်ရင် မက ဘာလက်ဆောင်ပေးမှာလဲ" တဲ့။ တကယ်က ကျွန်မ ရည်ရွယ်ခဲ့ပြီးသားပါ။ အမှတ်တရဖြစ်စေမယ့် တစ်ခုခုပေါ့။ ကောင်မလေး ပြန်လာမယ်မဟုတ်မှန်း ကျွန်မစိတ်က အလိုလိုကြိုသိနေပြီးသားပါ။ ဘယ်အရာမဆို သံယောဇဉ် ကြီးတတ်တဲ့ ကျွန်မကိုယ်ကျွန်မ အားမလိုအားမရဖြစ်မိတယ်။ ကောင်မလေးကို မတွေ့ရတော့ဘူးဆိုတဲ့အသိက ကျွန်မကို စိုးမိုးထားတယ်။ အလုပ်ထဲမှာ ကောင်မလေးကို တွေ့လည်း ကျွန်မ မကြည့်ဖြစ်အောင် နေတယ်။ ကောင်မလေးပြန်ရမယ့်ရက် နီးကပ်လာလေ ကျွန်မရဲ့စိတ်တွေ ယောက်ယက်ခတ်လေပဲ။ ဒီအချိန် ကျွန်မသာ လူတစ်ယောက်အတွက် တာဝန်ယူနိုင်မယ်ဆိုရင် ကောင်မလေးကို ကျွန်မ ခေါ်ထားမိမှာအမှန်ပဲ။ ကောင်မလေးအတွက် လက်ဆောင်ကို စဉ်းစားနေရင်းနဲ့ မထင်မှတ်တဲ့နေ့မှာ ကောင်မလေး ပြန်သွားတယ်။ မနက်ခင်း လင်းအရုဏ်ဟာ အဲဒီနေ့အဖို့ ကျွန်မအတွက်တော့ မိုးသားတိမ်လိပ်တွေ အုံ့ဆိုင်းနေတဲ့ နေမသာသောနေ့ပဲ။ ကောင်မလေးအတွက် လက်ဆောင်မပေးလိုက်ရလို့ စိတ်မကောင်းတဲ့အပြင် ကောင်မလေးမျက်နှာကို တစ်ဝကြီးမကြည့်လိုက်ရတဲ့ ကျွန်မ၊ ညီမလေးတစ်ယောက် ဆုံးရှုံးလိုက်သလိုပဲ။ ကျွန်မရဲ့ မကောင်းမကန်းကဗျာလေးတွေကို ဖတ်၊ "အရမ်းကောင်းတာပဲ မရယ်" ဆိုတဲ့ ကောင်မလေးရဲ့အသံလေးတွေ၊ ကျွန်မရဲ့ပါးပြင်ကို တရှိုက်မက်မက် နမ်းရှိုက်တဲ့ တစ်ဦးတည်းသော ကောင်မလေးကို ခုတော့ ကျွန်မ လွမ်းဆွတ်နေရပြီ။ ကောင်မလေးရဲ့ ယာယီအုပ်ထိန်းသူဖြစ်ခဲ့ဖူးသူက ကျွန်မလက်ထဲကို စာရွက်လေးတစ်ရွက် လာထည့်ပေးတယ်။ ကောင်မလေး ပေးသွားတာတဲ့။ ကျွန်မ မဖွင့်ရဲခဲ့ဘူး။ ကောင်မလေးရဲ့ မျက်ရည်တွေ စွတ်စိုနေမယ့် ဒီစာလေး ကျွန်မဖွင့်လိုက်လို့ ခြောက်သွေ့သွားမှာ ကျွန်မ မလိုလားဘူး။ ဒါပေမဲ့ ကျွန်မကို ဖတ်စေချင်တဲ့ ကောင်မလေးရဲ့ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးချင်ခဲ့မိတယ်။ "မ... သမီး မနက်ဖြန်ပြန်ရတော့မယ်။ စောသွားတယ် မရယ်။ သမီးတော့ အရမ်းလွမ်းနေရတော့မယ်။ မနဲ့နေတဲ့ တစ်ချိန်လုံး မက ဘာမှမပြောလည်း မ သမီးကို ချစ်တာ သမီး သိပါတယ်။ အားလုံးထဲကမှ မ ပြောခဲ့တဲ့ စကားလေးကို သမီး အရမ်းတန်ဖိုးထားတယ်။ မ အတွက် အမှတ်တရ မ ပြောခဲ့တဲ့စကားလေးကို သမီးလက်ရေးနဲ့ ရေးပေးထားခဲ့တယ်။ မ သိမ်းထားနော်။"
လူ အထက်မှာ လူ မရှိသလို လူ အောက်မှာလည်း လူ မရှိဘူး။
ချစ်တဲ့ ညီမလေး
Posted in emotion by hnin | 7 comments
မြန်မာဘလော့ဂီ တို့ချစ်သည်
September 18, 2007
မြန်မာဘလော့ဂီ တို့ချစ်သည်
ကျွန်မ ကိုညီလင်းဆက်ရဲ့ Myanmar Blogger Directory ပို့စ်မှာ ကိုယ့်နာမည်လေးကို တွေ့ပြီး အတွေးဝင်မိလို့ ရေးဖြစ်သွားတာပါ။ ကျွန်မ ဒီဘလော့ခ်လေးကို မတ်လ၊ ၂၀၀၇ မှာ စလုပ်တယ်။ ဘလော့ခ်စလုပ်ချိန်ကနေ ခုချိန်ထိ ကျွန်မရေးခဲ့တာတွေမှာ ပညာရစရာတော့ မပါတာ သေချာတယ်။ ကျွန်မ ပညာဖြန့်ဝေနိုင်တဲ့လူတစ်ယောက် မဟုတ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မ သူများကို မစော်ကားဘူး၊ မပုတ်ခတ်ဘူး။ ကျွန်မစိတ်ခံစားချက်သက်သက် ၀မ်းနည်းမှု၊ ပျော်ရွှင်မှုလေးတွေ ရေး၊ သိချင်တာလေးတွေ မေး၊ ကဗျာလေးတွေ ရေး၊ သူများ ဘလော့ခ်တွေ (ကိုယ်လက်လှမ်းမီသမျှ အကုန်) ဖတ်၊ ပညာပြန်ယူ၊ ကဗျာတွေ အားပေး၊ စာတွေ ရေးနဲ့ ကျွန်မကိုယ်ကျွန်မ ဘလော့ဂါ လို့ နှစ်သက်စွာ ခံယူထားတာ။ ကျွန်မ ဟိုအရင်က blog.co.uk ရော multiply.com မှာပါ blog လုပ်ဖူးတယ်။ uk blog ကတော့ သိတဲ့အတိုင်း လူမျိုးခြားတွေများမှာပေါ့။ အစတုန်းကတော့ blog မှာ အင်္ဂလိပ်လိုရေးသေးတယ်။ နောက်ပိုင်း ဘုရားဟောဂါထာတွေ ဘာတွေ မြန်မာလို တင်လိုက်တော့ ဘလော့ခ်အသိတစ်ယောက်က English လို ရေးရင်ပိုကောင်းတယ်လို့ မေးလ်လာတယ်။ ဒီတော့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို အတင်းကာရော လုပ်နေရသလို ဖြစ်နေတယ်။ ကျွန်မ English ကို ခုထိ လေ့လာနေတာပါပဲ။ ဒါပေမဲ့ အဲလောက်ထိ မရေးနိုင်သေးပါဘူး။ နောက် သိပ်မကြာဘူး ဒီ blogspot.com ကို ချိတ်မိတယ်။ မြန်မာတွေ တော်တော်များတယ်ဆိုတာလည်း သိရတယ်။ အဲဒါနဲ့ စိတ်ဝင်စားလို့ လုပ်ဖြစ် သွားတာ။
ဒီဘလော့ခ်စလုပ်တဲ့ အဲဒီ မတ်လကစပြီး uk blog ကို လုံးဝဆက်မလုပ်တော့ဘူး။ ကျွန်မ မြန်မာ ဘလော့ဂါတစ်ယောက်အဖြစ် နှစ်သက်စွာ ခံယူလိုက်တာ။ ကျွန်မပြောလိုတာက ဒီမှာပါ။ ကျွန်မက မြန်မာ ဘလော့ဂါတစ်ယောက်ဖြစ်သွားပြီဆိုတော့ ဒီ မြန်မာဘလော့အသင်းကြီးတစ်ခုလုံးရဲ့ကိစ္စမှန်သမျှ ကျွန်မနဲ့လည်း သက်ဆိုင်သွားပြီ။ ဒါပေမဲ့ မြန်မာဘလော့အသင်းကြီး တိုးတက်ရေးတို့ စတဲ့ အသင်းအတွက် တခြား စွမ်းဆောင်မှုတွေမှာ ကျွန်မ ပါဝင်နိုင်ပါ့မလား။ ကျွန်မကတော့ မထင်ပါဘူး။ တခြားမတွေးပါနဲ့၊ ကျွန်မ ပို့စ် တင်တာကလွဲပြီး ဘာဆိုဘာမှကို မသိလို့ပါ။ ဒီ့အတွက် ကျွန်မ ဘလော့မလုပ်ရတော့ဘူးလား။ မြန်မာ ဘလော့ဂါတစ်ယောက် မဖြစ်ရတော့ဘူး။ ဒီလိုလည်း ဘယ်ရပါ့မလဲနော်။ ကျွန်မ ကိုရဲထွန်းအောင်ဘလော့ခ်မှာ ဖတ်ခဲ့ရတဲ့ ''မြန်မာဘလော့ဂီ တို့ချစ်သည်'' ဆိုတဲ့ စာသားလေးကို အရမ်းသဘောကျတယ်။ ကျွန်မတို့ရဲ့ မြန်မာ ဘလော့ခ်ကြီးကို ချစ်တယ်။ ပြီးတော့ ကျွန်မဘလော့ကို ကျွန်မ လေးစားတယ်။ နေ့တိုင်းမတင်နိုင်ရင်တောင် အနည်းဆုံး ၁ ပတ် ၁ ခါ၊ ၃ ရက် ၁ ခါလောက် ပို့စ်တစ်ခုတော့ တင်နိုင်အောင် ကြိုးစားမယ်။ ကျွန်မအိမ်မှာ အင်တာနက်မရှိဘူး။ ဒါပေမဲ့ အကြောင်းမဟုတ်ဘူး၊ " စိတ်" သာ အဓိကပဲလေ။ နောက်ဆုံးအဆင့် အကြောင်း အမျိုးမျိုးကြောင့် တစ်လတန်သည် နှစ်လတန်သည် နားရဦး လေးစားစွာနဲ့ အားလုံးကို အသိပေးမှာပဲ။ Blogger.com မှာ ပို့စ်တွေတင်ပြီး ပညာတွေ ဝေငှပေးနေတဲ့ မောင်နှမတွေကို အရမ်းအားကျတယ်။ တစ်နေ့တော့ ကိုယ်လည်း အဲဒီလိုဖြစ်နိုင်ကောင်းပါရဲ့နော်။ ၀ါသနာပါတယ်။ အရမ်းဝါသနာပါလို့ကို ထူသွားတာလား မသိဘူး။ ဒါပေမဲ့ စိတ်ထဲ အရမ်းတော့ feel မထားပါဘူး။ အားလုံးက သူ့လမ်းကြောင်းနဲ့ သူပဲလေ။ နိုင်ငံစုံ၊ နေရာစုံ၊ ဒေသစုံက လူတွေ အလုပ်အကိုင်လည်း မတူကြ၊ ဗီဇ၊ ၀ါသနာ၊ ဓလေ့စရိုက်တွေ ဘာတစ်ခုမှလည်း မတူကြဘဲနဲ့ (တူမယ်မထင်လို့ပါ) ဒီ blogspot.com လေးမှာ လာဆုံကြတာ။ ဒါလေးကိုပဲ ကျွန်မ တန်ဖိုးထားတယ်။ ကျွန်မက အောင်မြင်မှုထက် ကိုယ်လုပ်ချင်တာ လုပ်နေရရင် ကျေနပ်တဲ့ လူစားမျိုး။ ကျွန်မဘ၀မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ပြောရရင် ရှည်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဲဒီအားနည်း ချက်တွေကြောင့်ပဲ စိတ်ဓာတ်က မာသွားသလားတော့ မသိဘူး။ အသက်ရှင်နေရခိုက်လေး... အဲဒီအသက်ရှင်နေ ရတဲ့အခိုက်အတန့်လေးမှာ ဘယ်သူနဲ့မှလည်း အငြင်းမပွားချင်ဘူး၊ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကိုယ်လုပ်ချင်ရာ လုပ်နေရရင်ပဲ ကျေနပ်တယ်။ တော်တော်များများက ဘလော့ခ်လုပ်၊ ပို့စ်တင် ပေါ့ပေါ့ပါးပါး နေကြရပေမဲ့ ပေါ့ပေါ့ပါးပါးမနေနိုင်ဘဲ မြန်မာဘလော့အသင်းကြီး အတွက် အင်တိုက်အားတိုက် ပွဲတွေလုပ်၊ စာအုပ်ထုတ်ဖို့ ပြင်နဲ့ လုပ်နေကြတဲ့ ဘလော့မောင်နှမတွေကို ကျွန်မ ချီးကျူးပါတယ်။ အားလည်း ပေးပါတယ်။ Myanmar Blogger အသင်းကြီးအတွက် တစ်ဖက်တစ်လမ်းကမှ ကျွန်မ မပံ့ပိုးနိုင်ပေမဲ့ အမည်ခံသက်သက်မဟုတ်တဲ့ မြန်မာဘလော့ဂါတစ်ယောက်တော့ ပီသစေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် မြန်မာဘလော့ဂါတစ်ယောက်အဖြစ် တကယ်လက်ခံတယ်ဆိုရင် ဒီနေရာလေးမှာ ကိုယ့်နာမည် ပါ မပါ သွားကြည့်လိုက်ပါဦး။
Posted in emotion by hnin | 5 comments
အမိုးမဲ့ အိမ်
September 13, 2007
အမိုးမဲ့ အိမ်
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့ဘ၀ကို
ခံစားဖူးပါသလား
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့
ဆန္ဒတွေ၊ အာသီသတွေ
ဒါတွေကိုကော စာနာဖူးပါသလား ... ... ...
သစ်ပင်တစ်ပင်ရဲ့အရိပ်အောက်မှာ
အဘိုးတစ်ယောက်ဟာ
ကလေးငယ်တစ်ယောက်ကိုပြောပြနေတယ်
ကောင်းကင်ဟာ မိခင်ပဲ
သူများမိခင်တွေ တစ်ချိန်ချိန်မှာ သေဆုံးနိုင်ပေမဲ့
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးဘူး
သားရဲ့မိခင်ဟာ အကောင်းဆုံးတဲ့။
ဒီအချိန်မှာ
ကလေးငယ်ကလည်း တွေးနေတယ်
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးပေမဲ့
သားနဲ့ အရမ်း အလှမ်းဝေးလွန်းနေတယ်
နွေးထွေးတဲ့အမေ့ရင်ခွင်မှာ ခိုနားနိုင်မယ်ဆိုရင်
သား ခုပဲ ငှက်တစ်ကောင်ဖြစ်လိုက်ချင်ပါရဲ့တဲ့။
တစ်ချိန် ပရဟိတလုပ်ငန်းလုပ်နိုင်မယ်ဆိုရင် သိုးလေးက မိဘမဲ့ဂေဟာဖွင့်ပြီး ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးချင်တယ်။ မိဘမဲ့နေတဲ့ကလေးတွေကို နွေးထွေးမှုပေးချင်တယ်။ အဲဒါ သိုးလေးရဲ့ ရင်ထဲကဆန္ဒပဲ။ ကလေးလေးတွေ လမ်းဘေးမှာ လျှောက်သွားနေတာတွေ့ရင် ဘာကြောင့်မှန်းမသိဘူး၊ အရမ်းသနားတယ်။ သူတို့ကို ရေမိုးချိုး၊ သန့်သန့်ပြန့်ပြန့်လေးတွေလုပ်ပေး၊ ပြီးရင် ကျောင်းလွှတ် အဲဒီလိုမျိုးလုပ်ပေးချင်တာအရမ်းပဲ။ ငယ်ငယ်က မှတ်မှတ်ရရ သိုးလေးတို့မိသားစု ရုပ်ရှင်သွားကြည့်ကြတုန်းကပေါ့။ ညနေ ကျောင်းကပြန်ချိန်။ မိုးတွေက တအားရွာနေတော့ မေမေက မသွားတော့ဘူးလုပ်တာ။ သိုးလေးတို့မောင်နှမတစ်တွေရဲ့ ဂျစ်ကျတာကို မခံနိုင်တဲ့အဆုံးမှ သွားကြည့်ကြတာ။ အိမ်နဲ့ ရုပ်ရှင်ရုံနဲ့က မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တယ်လေ။ ကားလည်း ထွေထွေထူးထူး စီးမနေတော့ဘူးဆိုပြီး သိုးလေးတို့အကုန် လမ်းလျှောက်သွားကြတယ်။ ရုံထဲရောက်ပြီး ရုပ်ရှင်ပြနေတုန်း ကလေးလေးတွေ (အဲ သိုးလေးဆိုလည်း အဲဒီတုန်းက တကယ့်ကလေးလေးပေါ့၊ ရှိလှ ၇ နှစ် ၈ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်) ရုံထဲဝင်လာတယ်။ စုစုပေါင်း ၄ ယောက်။ မိုးရေတွေ စိုရွှဲနေတာပဲ။ သိုးလေးတို့ရှေ့မှာ လာထိုင်တယ်။ မေမေကတော့ ပြောတယ်။ ကလေးလေးတွေ မိဘတွေလည်း မပါဘဲ လာကြည့်ကြတာနဲ့တူတယ်တဲ့။ ရုပ်ရှင်သာပြနေတယ် သိုးလေးတို့မောင်နှမတွေရဲ့ မျက်လုံးက အဲဒီကလေးလေးတွေဆီမှာပဲ။ ကိုယ်နဲ့ ရွယ်တူလေးတွေဆိုတော့ ပိုစိတ်ဝင်စားမိတာလည်း ပါတာပေါ့။ အဲဒီအချိန်တုန်းက ရူုပ်ရှင်တစ်ကားကို နှစ်ပိုင်းကြည့်ရတယ်။ တစ်ပိုင်းပြတယ်၊ ပြီးရင် မုန့်စားချိန် ၁၅ မိနစ်ပေးတယ်။ ပြီးမှ နောက်တစ်ပိုင်းဆက်ပြတယ်။ အဲဒါ မုန့်စားချိန် ၁၅ မိနစ်နားတော့ ကလေးလေးတွေက တအားကို ချမ်းနေပြီ။ သိုးလေးတို့လည်း ဘယ်လိုမှ မနေနိုင်တော့ဘူး၊ မေမေ့ကို ၀ိုင်းပြောကြတယ်။ သိုးလေးတို့ အ၀တ်တွေ ချွတ်ပေးလိုက်မယ်လို့။ သိုးလေးတို့က အိမ်ကထွက်ကတည်းက မိုးရွာမှန်းသိတော့ မေမေက ဘောင်းဘီတိုတစ်ထပ် ဘောင်းဘီရှည်တစ်ထပ်၊ အပေါ်က ဂါဝန်တစ်ထပ်၊ အနွေးထည်တစ်ထပ်နဲ့ဆိုတော့ အကြောင်းမဟုတ်ဘူးလေ။ မေမေက နင်တို့သဘောတူရင် ပြီးတာပဲတဲ့။ ပြီးတော့ မေမေက ကလေးလေးတွေကို ဟိုမေး သည်မေးပေါ့။ နောက်တော့ သိုးလေးတို့အကုန် အိမ်သာထဲသွားကြတယ်။ သိုးလေးက ဘောင်းဘီရှည် ချွတ်၊ အပေါ်က အနွေးထည် ချွတ်၊ သိုးလေးအထက်က မမကလည်း သိုးလေးလိုပဲ ချွတ်၊ ကိုကို့ကိုလည်း ချွတ်ခိုင်း၊ ပြီးတော့ ကလေး လေးယောက်ကို မျှဝတ်ပေးလိုက်တယ်။ အဲဒီကပြန်တော့ ဘာမှလည်း မည်မည်ရရမဟုတ်ပေမဲ့ စိတ်ထဲ အရမ်းပျော်နေတာ။ သိုးလေးသာ တစ်ချိန် လက်ထဲ ပိုက်ဆံထုပ်ပိုက်နိုင်ရင် သီလရှင်ဝတ်မှာလို့ မေမေ့ကိုပြောခဲ့ဖူးသေးတယ်။ နောက်မှ မေမေက နင်ကတော့ အမြဲ တလွဲပြောတဲ့။ အဲဒီအချိန်တုန်းက သိုးလေးက သီလရှင်တွေပဲ မိဘမဲ့ဂေဟာ ဖွင့်လို့ရတယ်လို့ ထင်တာကိုး။ သိုးလေးတစ်သက် အမြဲစိတ်မကောင်းဖြစ်နေရတာ တစ်ခုရှိတယ်။ ကလေးလေးတစ်ယောက် သိုးလေးမျက်စိရှေ့တင် ပျောက်သွားဖူးတယ်။ အဲဒီကလေးလေးက အိမ်ကနေ ထွက်ပြေးလာတာလေ။ သူ့အမေက မော်လမြိုင်မှာမို့ သူ့အမေဆီလိုက်သွားမယ်ဆိုပြီး အိမ်ကနေ ထွက်ပြေးလာတာ။ သိုးလေးရဲ့ရှေ့မှာ အဲဒီကလေးလေးက သွားနေတာ။ သိုးလေးလည်း သွားနေတာပဲ။ ကလေးလေးကို ကြည့်နေရင်းနဲ့ အမှုမဲ့ အမှတ်မဲ့ အဲဒီကလေးလေးကို သတိမထားမိတော့ဘူး။ ခဏနေတော့ နောက်က လူကြီးတွေလိုက်လာပြီး ကလေးလေးတစ်ယောက် တွေ့မိလားလို့ မေးတယ်။ သိုးလေးက တွေ့မိတယ်ပေါ့။ လမ်းဆုံရောက်တော့ ဘယ်ဘက်ချိုးသွားသလဲဆိုတော့ သိုးလေး ဘယ်လိုမှကို မျက်လုံးထဲ ပုံဖော်လို့ မရဘူး။ နောက်တော့ လူကြီးတွေက ရဲစခန်းတိုင်ကြတာပေါ့။ သူ့အမေဆီကိုလည်း မရောက်လာဘူးတဲ့။ မော်လမြိုင်ကို သူက ဘယ်လိုလုပ်သွားတတ်မလဲ။ အခုအချိန်ထိ လုံးဝကို သတင်းမရတော့ဘူး။ တကယ် ပျောက်သွားတာ။ သိုးလေး အဲဒီအကြောင်းစဉ်းစားမိတိုင်း ရင်ထဲ မကောင်းဘူး။ သိုးလေးကြောင့်လို့ပဲ တွေးတွေးနေမိတယ်။ သိုးလေးသာ သေချာ ကြည့်လိုက်မိရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့။ ကလေးလေးတွေနဲ့ပတ်သက်လာရင် သိုးလေးက ကိုယ်တိုင်ဖြစ်နေသလိုကို ခံစားမိတယ်။ သူတို့ဘ၀တွေ သာယာရင် အလိုလိုနေရင်း ပျော်မိသလို၊ သူတို့ဘ၀တွေ မလှရင် သိုးလေးလည်း စိတ်မကောင်းဖြစ်ရတယ်။ သိုးလေး အိတ်ထဲမှာ သကြားလုံး အမြဲတမ်း ဆောင်ထားတယ်။ ဘတ်စ်ကားပေါ်မှာ တစ်ခါတလေ ကလေးတွေငိုရင် သကြားလုံးလေးပေးလိုက်ရင် ဘာပဲပြောပြော ခဏတော့ အငိုတိတ်သွားတာပဲလေ။ သိုးလေးကိုယ်တိုင်ကလည်း ကြိုက်တယ်။ အလကားနေ အဲဒီသကြားလုံးပဲ စားနေတာလေ။ ရိုးရိုးသကြားလုံးတော့ မကြိုက်ဘူး။ ဒိုင်းနမိုက်လို ပူရှိန်းချောကလက် သကြားလုံးမျိုးကိုကြိုက်တယ်။ သိုးလေးတို့အိမ်မှာ တာချီလိတ်ကနေ ကျောင်းလာတက်တဲ့ မောင်ဝမ်းကွဲလေးရှိတယ်။ သိုးလေးက ပြောလို့ဆိုလို့မရလို့ တအားစိတ်တိုလာရင် နင့်ကို တာချီလိတ်ပြန်ပို့မယ်၊ အထုပ်ပြင်ထားဆိုပြီး ခဏခဏပြောလွန်းလို့ မေမေကဆို ဒါနဲ့များ သူက မိဘမဲ့ဂေဟာ ဖွင့်ဦးမတဲ့ လို့ ပြောတတ်တယ်။ သိုးလေး မိဘမဲ့ဂေဟာ ဖွင့်ဖြစ်ရင် သိုးလေးကို ကူညီကြဦးနော်။ ဟဲဟဲ...။
Posted in emotion by hnin | 11 comments
ရက်စွဲတစ်ခု
September 06, 2007
ရက်စွဲတစ်ခု
တနင်္ဂနွေ...
အိုက်စပ်ပူလောင်လွန်းလှသည့်အပြင် လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာအရပ်သို့ ခရီးလွန်နေပုံမျိုး။ သည်တနင်္ဂနွေမှာတော့ ကျွန်မစိတ်ကူးတချို့ကို ခဏတစ်ဖြုတ် မြေမြှုပ်ထားရဦးမည်။ တနင်္ဂနွေနေ့မှာ အလုပ်မရှိလျှင် အိမ်ပြင်ထွက်တာ မကြိုက်တဲ့ အမေ့ရဲ့အလိုကို တစ်ရက်လောက်တော့ ဖြည့်ဆည်းပေးလိုက်ချင်ရဲ့ ဆိုပြီး အပြင်မထွက်ခဲ့တဲ့ တနင်္ဂနွေ။ ကလေးတွေကတော့ ပျော်နေကြမှာပဲ။ ကျွန်မတို့လည်း ငယ်ငယ်က ဒီလိုပါပဲလေ။ တနင်္ဂနွေတွေ မျှော်ရလွန်းလို့ တနင်္ဂနွေ နှစ်ထပ်တောင် ဖြစ်ချင်ခဲ့သေးတာပဲ။ အပြင်မထွက်လျှင်ပြီးရော အိမ်ထဲမှာ ကြိုက်သလောက် မွှေနှောက် စား၊ လှိမ့်ပိမ့် အိပ်ချင် အိပ် စိတ်ရှိသလိုနေ၊ သားသမီး စုံစုံလင်လင်မြင်ချင်တဲ့ အမေ့အကြောင်းကို စဉ်းစားရင်း ကျွန်မတို့ငယ်ငယ်က အမေ့ပုံရိပ်တွေကို မျက်လုံးထဲ မြင်ယောင်လာမိတယ်။
အမေက အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အပြင် အဖေနဲ့ အသက်အများကြီးကွာတော့ အဖေ့အပေါ် နိုင်တယ်။ နိုင်တဲ့အပြင် အလုပ်လည်း ဘာမှ မည်မည်ရရမလုပ်တတ်ဘူး။ မိဘလက်ထက်က သက်သောင့်သက်သာ နေခဲ့ရတာလည်း ပါမှာပေါ့။ တစ်ခါတစ်ခါ အဖေက အပေါင်းအသင်းတွေနှင့် အရက်သောက်လာတတ်တဲ့နေ့မျိုးဆို အမေ မသိအောင် လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပြီး အမေအိပ်ပျော်လောက်တဲ့အချိန်ကျမှ အိမ်ပေါ်တက်တယ်။ ပြီးမှ ထမင်း စားသောက်ပြီး အိပ်တယ်။ အဲ... အမေ မနိုးရင်တော့ ကံကောင်းတာပေါ့။ အမေ တစ်ရေးနိုးတဲ့အချိန် အဖေ့ကိုတွေ့တာနဲ့ အတင်းနှိုးပြီး ရစ်တော့တာပဲ။ "ရှင် ဘယ်အချိန်က ပြန်ရောက်တာလဲ။ ဘာလို့ ကျွန်မကို မနှိုးတာလဲ။ ရှင် ဒီအရည်သောက်လာရင် အိမ်ပေါ်တက်မလာနဲ့လို့ ကျွန်မ ပြောထားတယ်နော်" ဆိုတာ မပြီးတော့ဘူး။ အဲဒီအခါမျိုးဆို အဖေက "ညီမရယ်... အစ်ကို တစ်လမှ တစ်ခါလောက်သောက်တာပါ။ နည်းနည်းလေး သောက်ထားတာ။ အဲဒါကြောင့် ညီမအိပ်တဲ့အချိန်မှ အိမ်ပေါ်တက်တာ။ အစ်ကို မမူးပါဘူး" ဆိုပြီး လေပြည်လေးနဲ့ ချော့တယ်။ အဖေ ဘယ်လိုချော့ချော့ အမေကတော့ မိုးအလင်းပဲ။
ကျွန်မတို့မောင်နှမ ငါးယောက်စလုံးက အမေ့ဆို မျက်လုံးလေးနဲ့တောင် လှန်မကြည့်ရဲပေမဲ့ အဖေ့ကိုတော့ အရုပ်ပဲ။ အဖေကလည်း သားသမီးတွေ ချစ်တဲ့နေရာမှာ ရှာမှရှားလို့ ဆိုရလောက်တယ်။ ကျွန်မတို့အပြစ်တစ်ခုခုလုပ်လို့ အမေက ရိုက်တော့မယ့်အချိန်ဆို အဖေက "ကလေးတွေကို အစ်ကိုဆုံးမပါမယ် ညီမရယ်၊ ညီမ မောပါတယ်။ သိပ်ပြီး စိတ်အပင်ပန်း မခံပါနဲ့" ဆိုပြီး ပြောတတ်တယ်။ အမေကလည်း မရဘူး "ရှင်ဆုံးမမှာကို ကျွန်မသိနေတယ်။ ရှင် နောက်ဖေး ဘူးပင်က ဘူးရိုးကို သွားချိုးမယ်။ ပြီးရင် ကျွန်မ မမြင်ကွယ်ရာကို ခေါ်သွားမယ်၊ ကျွန်မကြားအောင် ပါးစပ်နဲ့ ရိုက်မယ်။ ဟွန့်... ရှင် ကျပ်ကျပ် အလိုလိုက်၊ အဲဒါကြောင့် ရှင့်ကို ဘယ်ကလေးမှ မကြောက်တာ" လို့ ပြန်ပြောတယ်။ အဲဒီအချိန်တုန်းက ဘ၀လေးကို ကျွန်မ အရမ်းတသမိတယ်။ ကျွန်မတို့ခြံကြီးက အကျယ်ကြီးပဲ။ အဖေက စိုက်တာပျိုးတာ ၀ါသနာပါတော့ သရက်၊ သြဇာ၊ မာလကာ၊ နာနတ် အမျိုးစုံပဲ။ ဘုရားပန်းဆိုလည်း အိမ်နားက လူတွေ မ၀ယ်ရဘူး။ ညဘက်ဆို ကျွန်မတို့တစ်မိသားစုလုံး အိမ်ပေါ်မှာ မနေကြဘူး။ ခြံထဲမှာ ဖျာကြမ်းကြီး ခင်းပြီး အဲဒီအပေါ်မှာ အိပ်ကြတာ။ ညဥ့်တော်တော်နက်လို့ အေးလာမှ အိမ်ထဲဝင်ကြတယ်။ အဲဒီအချိန်ဆို အမေက သူငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြတတ်သလို အဖေကလည်း သီချင်းတွေဆိုပြတယ်။ အဖေ့သီချင်းသံ မကြားရရင် မအိပ်တတ်အောင်ကို ဖြစ်ခဲ့ရတယ်။ အဖေ့ပခုံးပေါ်ကနေ ကျော်ပြီး အဖေ့ပေါင်ပေါ်ကို လှဲလှဲချရတာ ကျွန်မ အပျော်ဆုံးပဲ။ အမေက ဇက်ကျိုးမယ်လို့ ဘယ်လောက်ပြောပြော အဖေ့ကို မျက်စိမှိတ်ပြလိုက်တာနဲ့ အဖေက လုပ်ပေးတာပဲ။ ကျွန်မတို့မောင်နှမတွေစီးဖို့ဆိုပြီး အဖေက သရက်ပင်ကြီး နှစ်ပင်ကို ကြိုးနဲ့ သွယ်ပြီး ဒန်းလုပ်ပေးတယ်။ သရက်ပင်က ကြီးလည်း ကြီးပြီး နည်းနည်းလည်း ဝေးတော့ ကျွန်မတို့ ဒန်းကလည်း ကြိုး အရှည်ကြီးနဲ့ အကြီးကြီး ဖြစ်နေတာပေါ့။ ဒန်းပေါ်မှာ တစ်ခါစီးရင် ကျွန်မတို့မောင်နှမငါးယောက်လုံး ထိုင်လို့ရတယ်။
ကျွန်မတို့မိသားစုအကြောင်းရေးရင် ၀တ္ထုရှည်တစ်အုပ်တောင် မကဘူးထင်တယ်။ အခုအချိန်မှာ အမေက မပူမပင် မကြောင့်မကြ နေရတယ်ဆိုပေမဲ့ အဖေဆုံးခါစ တုန်းက အမေ တော်တော်ဒုက္ခရောက်ခဲ့တာကလား။ ကျွန်မတို့မောင်နှမတွေက ကျောင်းနေတဲ့အရွယ်တွေ။ အမေကလည်း မလုပ်တတ်မကိုင်တတ်နဲ့ ကျွန်မတို့ခြံကြီးကို ရောင်းပစ်လိုက်ရတာလေ။ အမေက သတိရတိုင်း ခြံလေးကို နှမြောလိုက်တာလို့ ပြောတတ်တယ်။ အရင်က ကိုကိုနဲ့ မမတို့ကို စိတ်ဆိုးတဲ့အခါတိုင်း အမေက "နင်တို့လုပ်စာ ငါစားနေတာမဟုတ်ဘူး။ အသက်ကြီးလာလို့ မလုပ်နိုင်မကိုင်နိုင်ဖြစ်လည်း နင်တို့ကိုတော့ အားမကိုးဘူး" လို့ ပြောတတ်ပေမဲ့ ခုတော့ "တနင်္ဂနွေတစ်ရက်တော့ ဘယ်မှမသွားပါနဲ့ သမီးရယ်၊ နင့်အစ်ကိုတွေ အစ်မတွေလည်း လာမှာ။ တနင်္ဂနွေတစ်ရက်လေး မိသားစု ဆုံရတာ။ အမေ ဈေးသွားမယ်။ သမီး စားချင်တာပြော" ဆိုပြီး သားသမီးတွေစုံစုံလင်လင်နဲ့ နေချင်တဲ့ အမေ့ကို ကျွန်မ သနားမိတယ်။ တစ်ခါတစ်လေ "ငါက ကားကို ကိုယ်တိုင်မောင်းပြီး ခရီးသွားချင်တာ" လို့ အမေက ပြောတတ်သေးတယ်။ မောင်နှမတွေအားလုံး အသီးသီးဘွဲ့ရခဲ့ကြပေမဲ့ အမေက "ငါ့သမီး အငယ်ဆုံးလေးကိုပဲ အားကိုးရမှာ။ သူ နိုင်ငံခြားသွားလည်း ငါလိုက်မှာပဲ။ သူ့ကိုပဲ ငါ စိတ်မချတာ။ သူများနဲ့တူတာလည်းမဟုတ်ဘူး။ ဇွတ်တရွတ်ရယ်။ သူလုပ်ချင်တာ လုပ်တာ။ အခုလည်း ညဘက်ညဘက် ပြန်တာ မိုးချုပ်လို့ စောစောပြန်လာပါ မှာရတာ မောလွန်းလို့ ကြာတော့ မမှာနိုင်တော့ဘူး။ သူကလည်း ပြန်လာရင် ငါဆူမှာစိုးလို့ သူတို့ဘလော့တွေ ဘယ်လိုဖြစ်တာ ဘယ်ညာဖြစ်တာနဲ့ ပြောတာ စုံနေတာပဲ။ ငါကတော့ ဘာမှစိတ်မ၀င်စားဘူး။ အေး နင့်ဘာနင် ဘလော့ဖြစ်ဖြစ် ဘလက်ဖြစ်ဖြစ် နောက်နေ့ မိုးချုပ်ရင် သေမယ် ဆိုပြီး ပြောရတာလည်း ရက်ခြားပဲ"။ အမေက အဲဒီလို ခဏခဏပြောတတ်လွန်းလို့ ကျွန်မအိမ်နားက လူတွေကတောင် ကျွန်မကိုမြင်ရင် "ဟဲ့ နင် ဒီနေ့ စောတယ်နော်၊ ဘလော့မလုပ်ဘူးလား" ဆိုပြီး မေးတတ်နေပြီ။ ကျွန်မကတော့ သူတို့ဘာပြောပြော အပြုံးနဲ့ပဲ တုံ့ပြန်တယ်။ ဘာမှ ပြန်မပြောတော့ဘူး။ ဘယ်သူ့ကိုမှလည်း ရှင်းပြချင်စိတ်မရှိဘူး။ ကျွန်မရဲ့ နဂိုဗီဇကိုက လူအများနဲ့ ရောရောထွေးထွေး မနေတတ်တာကြောင့်ရောပေါ့။
ဝှူး... ပူအိုက်လွန်းလှတဲ့ တနင်္ဂနွေပါလား။ မိုးကိုချစ်တဲ့ ကျွန်မအတွက်တော့ ဒီတနင်္ဂနွေဟာ ကန္တာရထဲရောက်နေသလို ခံစားရတယ်။ မိသားစုရဲ့ နွေးထွေးမှုသာမရှိရင် ဒီလိုတနင်္ဂနွေမျိုးကို အိမ်ထဲမှာထိုင်ပြီး ကျွန်မအချိန်မဖြုန်းချင်ဘူး။ နောက်အပတ်တော့ ကျွန်မ ဆိုက်ဘာသွားရင် သွား၊ မသွားရင် စာကြည့်တိုက်မှာပဲ စာသွားဖတ်တော့မယ်။ ပြန်လာရင်တော့ ထုံးစံအတိုင်း အမေ့ကို ဟိုဟိုသည်သည် လျှောက်ပြောရင်းနဲ့ ချော့ရမှာပေါ့။
Posted in emotion by hnin | 4 comments
ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ
September 04, 2007
ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ
ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ သိုးလေးလျှောက်ခဲ့တဲ့ အွန်လိုင်းပေါ်က အလုပ်တွေနဲ့ သိုးလေးရဲ့ ငိုရမလို ရယ်ရမလို အကြောင်းလေးတွေပေါ့။ သိုးလေးက အွန်လိုင်းနဲ့ အကျိုးပေးတယ်လို့တော့ ပြောလို့ရတယ်။ ဘာလို့ဆို လျှောက်သမျှအလုပ်တိုင်း ခေါ်လို့၊ ဟဲဟဲ... ပထမဦးဆုံး DTP & Graphic Design လုပ်ပေးနိုင်တဲ့သူတစ်ယောက်အနေနဲ့ Myanmartalk မှာ လျှောက်တယ်။ သိုးလေးက လက်ရှိအလုပ်နဲ့ဆိုတော့ Part Time ပဲ လျှောက်တယ်။ ၀ါသနာပါတာကြောင့်ရော အင်တာနက်ဖိုးလေး ကာမိအောင်ဆိုပြီးတော့ရော လျှောက်ထားလိုက်တာ။ ဒီလိုပဲပေါ့။ ခေါ်မယ်လို့လည်း မထင်ဘူးလေ။ လျှောက်ပြီး သိပ်မကြာဘူး ကိတ် လုပ်တဲ့ဆီက ခေါ်တယ်။ နာမည်တော့ မပြောတော့ဘူးနော်။ အဲဒီအစ်မက အိမ်ကို ဖုန်းဆက် ပြီးတော့ အလုပ်လုပ်စေချင်တယ်ပေါ့။ သူတို့နေရာက ဝေးတော့ဝေးတယ်။ ဒါပေမဲ့ အတွေ့အကြုံရအောင်ရယ်၊ ပိုက်ဆံလေးလည်း လိုချင်တာနဲ့ လုပ်မယ်ပေါ့။ အဲဒီကို တစ်ခါမှ မသွားဖူးတော့ အစ်မကိုယ်တိုင် ကားနဲ့လာခေါ်တယ်။ အရမ်းသဘောကောင်းတဲ့ အစ်မပါ။ မုန့်တွေလည်း အများကြီးကျွေးတယ်။ သိုးလေးကတော့ မုန့်တွေစားရတာနဲ့ပဲ ပျော်နေတာပဲ။ တစ်ရက်ပဲပေါ့။ သူတို့ကိတ်တွေရဲ့ စာရင်းတွေကို ဒီတိုင်း သူတို့ချထားတဲ့ ပုံစံအတွင်းမှာ ရိုက်ထည့်ပေးရုံပဲ လုပ်ပေးလိုက်ရတယ်။ နောက်ဆို မုန့်ဘူးဒီဇိုင်းတွေပါ လုပ်ပေးရမယ်လို့တော့ ပြောပါတယ်။ အဲဒီနေ့အတွက်လည်း ပိုက်ဆံရလိုက်သေးတယ်။ ရေရှည်အတွက် စဉ်းစားတော့ နေ့တိုင်း ရုံးကအပြန် ဘတ်စ်ကားနဲ့ သွား၊ ပြီးမှ အိမ်ပြန်... အဲဒီလိုလုပ်ဖို့က အဆင်မပြေဘူး။ ရုံးနဲ့ သူတို့နေရာနဲ့က ဝေးသလို အိမ်နဲ့ကျတော့လည်း တောင်နဲ့ မြောက် ဖြစ်နေတယ်။ အိမ်ပေးလုပ်ဖို့ကျတော့လည်း သူတို့ဘက်က တချို့ဟာတွေဆို သူများပေးမသိစေချင်တာတွေ ဘာတွေနဲ့ဆိုတော့ အဆင်မပြေပြန်ဘူး။ အဲဒီလိုအကြောင်းလေးတွေကြောင့် Part Time ပွဲဦးထွက်အလုပ်ကို တစ်ရက်ကြီးများတောင် လုပ်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီတစ်ရက်ကိုလည်း ဘယ်တော့မှ မမေ့နိုင်အောင် ပါပဲ။ ပြန်တော့လည်း လိုက်ပို့ပေးတယ်။ သိုးလေးက flash အကြောင်း စိတ်ဝင်စားတယ်ဆိုလို့ အဲဒီစာအုပ်တောင် ပေးလိုက်သေးတယ်။ နောက် သိပ်မကြာဘူး အစ်ကိုတစ်ယောက်က ထပ်ခေါ်တယ်။ သူကတော့ ဒီရန်ကုန်မှာတင်မက နယ်တွေအပြင် ပြည်ပကိုပါ ခြေဆံ့နေတဲ့ ကွန်ပျူတာပညာရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ နာမည်ပြောရင် တော်တော် များများက သိကြမှာပါ။ ဒါပေမဲ့ မပြောတော့ပါဘူး။ အစ်ကိုက design နဲ့ ပတ်သက်လို့ ခေါ်ချင်တယ်လို့ပြောတယ်။ သိုးလေး ၀မ်းသာပါတယ်။ နေရာကလည်း အဆင်ပြေတယ်။ သိုးလေး အရမ်းလုပ်ချင်တာပေါ့။ အဲဒီအစ်ကိုက ခေါ်ပြီး လက်တွေ့ လုပ်ပြခိုင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ဖို့လည်း ဆုံးဖြတ်ထားတယ်။ သူဖုန်းဆက်တော့လည်း ကိုယ်မရှိတဲ့အချိန်၊ ကိုယ်ဖုန်းဆက်တော့လည်း သူ မအားတဲ့အချိန်နဲ့ ကြားထဲမှာ တစ်ပတ်လောက် ခြားသွားတယ်။ သိုးလေးမှာက ရင်ခုန်မှုတွေအပြည့်နဲ့ပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ အဲဒီအစ်ကိုက သိုးလေးကို ညီမ design လုပ်ထားတဲ့ ပုံ နှစ်ပုံ သုံးပုံလောက် မေးလ်နဲ့ ပို့ပေးပါလားလို့ပြောတယ်။ သိုးလေး သိပ်နားမလည်ဘူး။ သိုးလေးက အပြင်မှာ professional လုပ်စားနေတဲ့လူ မဟုတ်ဘူး။ သိုးလေးကိုယ်တိုင် design လုပ်ထားတဲ့ဟာရယ်လို့ သိုးလေး စဉ်းစားလို့ကိုမရဘူး။ ကိုယ်တိုင်ဆွဲထားတဲ့ design လား၊ ဒါမှမဟုတ် ဓာတ်ပုံတွေကို သိုးလေးပြုပြင်ထားတဲ့ လက်ရာကို ကြည့်ချင်တာလား၊ vinyl တွေ လုပ်သလို သိုးလေးလုပ်ထားတဲ့ design မျိုး ပို့ပေးရင်ရော ရလားနဲ့ ခေါင်းထဲမှာ "လား" ပေါင်းများစွာ စဉ်းစားနေရင်းနဲ့ မပို့ဖြစ်ဘူး။ ဒါနဲ့ အဲဒီအလုပ်ကလေးက နိဒါန်းမစခင် နိဂုံးချုပ်လိုက်ရတာပေါ့။ အမှန်တော့ သိုးလေးက ခံယူချက် လွဲသွားတာပါ။ design ဆိုမှတော့ သိုးလေးလုပ်ထားတဲ့လက်ရာပါဖို့က အရေးအကြီးဆုံးပဲမဟုတ်လား။ ဟိုဟိုဒီဒီ လျှောက်လုပ်ထားတာတွေတော့ အများကြီးရှိတာပေါ့။ နောက်မှ ပို့ပေးလိုက်ရ ကောင်းသား ဆိုပြီးတော့ တွေးမိသေးတယ်။ သိုးလေးဖြစ်ချင်တာက သိုးလေးကို ခေါ်တွေ့စေချင်တယ်။ သူလည်း သူလိုချင်တဲ့အပိုင်းကို ပြော၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာကို ပြောမယ်။ လက်တွေ့ လုပ်ပြဆိုတော့လည်း လုပ်ပြမယ်။ ကြိုက်ရင် အလုပ်ဆက်လုပ်၊ မကြိုက်တော့လည်း အလုပ်မဖြစ်ဘူးပေါ့။ သိုးလေးက အဲဒီလို ဖြစ်စေချင်တာ။ ခုလို မစလိုက်ရဘဲ ဆုံးသွားတာကိုတော့ နှမြောမိတယ်။ ဒါဟာလည်း သိုးလေးအတွက် အတွေ့အကြုံကောင်း တစ်ခုပဲပေါ့။ သိုးလေး အတွေးအခေါ်နုနယ်သေးတယ်ဆိုတာ အထင်းသားပေါ်လာတာပဲလေ။ အပြင်မှာ အဲဒီအစ်ကိုက သိုးလေးကို သိမယ်မဟုတ်ပေမဲ့ သိုးလေးကတော့ အဲဒီအစ်ကိုကို သိပါတယ်။ သူ့ seminar ကိုလည်း သိုးလေး နားထောင်ဖူးပါတယ်။ စကားမစပ် အဲဒီအစ်ကိုက ဘလော့ဆရာကြီး သိလား။ သိုးလေးကို ဘလော့လုပ်ဖို့တိုက်တွန်းတဲ့ အစ်မက ဘလော့အကြောင်းကို အဲဒီအစ်ကိုဆီကတစ်ဆင့် သိခဲ့ရတာလို့ပြောတယ်။ အဲဒီလို... အဲဒီလိုပေါ့... အွန်လိုင်းပေါ်မှ အလုပ်နဲ့ ကျွန်မရဲ့ ဇာတ်လမ်းက ရှိသေးတယ်။ ဘလော့မိတ်ဆွေတွေ ဖတ်ရတာ ပျင်းစရာကြီး ဖြစ်နေမှာစိုးလို့။
Posted in emotion by hnin | 6 comments
ဆန္ဒ
July 24, 2007
မရေရာတဲ့လောကကြီးမှာ လူတွေဟာ မသေချာတဲ့နေရာတစ်ခုအတွက် အမောတကော ပြေးနေကြရတာပဲ။ ပြေးနေရင်းနဲ့တော့ ကိုယ်ရောက်နေတဲ့ နေရာဟာ ကိုယ့်အတွက် စိတ်ကျေနပ်မှု ရှိနေပြီလား၊ ငါကော အတော် မောပန်းနေပြီလားလို့ ပြန်ဆန်းစစ်ရမယ်လေ။ ပုံပြင်လေးတစ်ခုပြောပြချင်တယ်။ တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ တိုင်းသူပြည်သား မရှိဆင်းရဲသားတွေအတွက် မြေနေရာ ဝေငှချင်တာနဲ့ ဘယ်လိုကြေညာချက်ထုတ်သလဲဆိုတော့ မနက် စမိုးလင်းတာနဲ့ မရပ်မနားပြေးရမယ်။ ညနေအထိ။ စပြေးတဲ့နေရာကနေ ညနေအချိန် ရပ်တဲ့နေရာအထိကို မိမိပိုင်တဲ့မြေအဖြစ် သတ်မှတ်ပေးမယ်ဆိုပြီး ကြေညာတယ်။ အဲဒီမှာ လူတစ်ယောက်ဟာ ဒီတစ်ခါတော့ ကျွန်ဘ၀က ကျွတ်ရချည်ရဲ့၊ ကိုယ်ပိုင်မြေလေးနဲ့တော့ နေရချည်ရဲ့ဆိုပြီး မနက်လင်းတာနဲ့ စပြေးတာ... ပြေးတာ... အလိုလောဘကလည်းကြီးတော့ မရပ်မနားဘဲ တောက်လျှောက်ပြေးတာ ညနေစောင်းတဲ့အထိ ဆိုပါတော့။ အတွေးထဲမှာလည်း ငါ အတော်ပြေးခဲ့ပါလား။ ဒါပေမဲ့ သတ်မှတ်ချိန်ရောက်ဖို့ နည်းနည်းလိုသေးတာပဲ၊ ငါထပ်ပြေးလိုက်ရင် မြေပိုရတာပဲဆိုပြီး မရပ်မနားဆက်ပြေးတာ ပြေးနေရင်းနဲ့ အမောဆို့ပြီး လဲကျရာနေရာတင် သေဆုံးပါရောတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးက ဘာပြောသလဲဆိုတော့ အလိုလောဘကြီးတဲ့လူဖြစ်လို့ သူ့အတွက်မြေဟာ ခြောက်ပေသာ ဖြစ်တယ်တဲ့။ တကယ်တော့ အလိုလောဘကြီးတဲ့သူဖြစ်စေ၊ အလိုလောဘမကြီးတဲ့သူဖြစ်စေ ကိုယ်ပိုင်တဲ့မြေရယ်လို့ မရှိပါဘူး။ ကိုယ် ဘာမှ မပိုင်ပါဘူး။ ဒါ ကိုယ်ပိုင်တယ်လို့ ပြောလိုက်တာနဲ့ ဒါ အတ္တ ဖြစ်သွားပြီလေ။ ဒါကို လူတွေမသိဘူးလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ သိကြတာပေါ့။ ဒါပေမဲ့ မပြောဘူးလားဆိုတော့လည်း မကြာခဏ ပြောနေကြတာပဲလေ။ သိုးလေးလည်း လွတ်လားဆို မလွတ်ပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီးအများကြီး တွေးဖြစ်တယ်။ ဖြစ်ချင်ခဲ့တဲ့ဘ၀နဲ့ ဖြစ်နေတဲ့ ဘ၀ အရမ်းကို ကွာဟပါတယ်။ မကြိုးစားခဲ့လို့လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရမ်းကို အမောတကော ပြေးပြီးတော့ကို ကြိုးစားခဲ့တာ။ အခုတော့ မောပန်းနေပြီလေ။ နည်းနည်းလေးတော့ နားလိုက်ဦးမယ်။ ကိုယ်ပိုင်တဲ့အရာ ဘာမှမဟုတ်ဘူးဆိုတာ သိပေမဲ့လည်း ကိုယ့်အတွက်မြေ ခြောက်ပေတော့ နည်းတယ်ထင်တာပဲ။ ဒီ့အတွက် ပြေးလိုက်၊ နားလိုက်နဲ့ မရေရာတဲ့လောကကြီးမှာ မသေချာတဲ့ နေရာတစ်ခုအတွက် ကြိုးစားပါရစေဦးနော်...
Posted in emotion by hnin | 3 comments
Subscribe to:
Posts (Atom)