ဘ၀ကြီးမှာ အပျော်ရွှင်ဆုံးက အမေ့ရဲ့ သမီးလေး ဖြစ်ခွင့်ရတာပါပဲ အမေ  

January 07, 2008

ဘ၀ကြီးမှာ အပျော်ရွှင်ဆုံးက အမေ့ရဲ့ သမီးလေး ဖြစ်ခွင့်ရတာပါပဲ အမေ

ငယ်ငယ်တုန်းတော့ ကြိုက်တတ်ခဲ့တဲ့သီချင်းက တစ်ကိုယ်ရေညများ
အတန်းကျောင်းတက်ချိန် ခံစားတတ်ခဲ့တာ အထီးကျန်
ခုတော့ သံစဉ်မဲ့ တစ်ကိုယ်ရေခန်းမှာ
ဘာသီချင်းမှ မဆိုညည်းဖြစ်တော့ပါဘူး
အရင်လိုမဟုတ်တော့ဘူးဆိုတဲ့ သူငယ်ချင်းရဲ့စကားအတွက်လည်း
ဝါကျတွေမတည်ဆောက်ချင်တော့ဘူးလေ
ရေးခဲ့တဲ့စာမျက်နှာက ၂၀ ကျော်ခဲ့ပြီမဟုတ်လား
ဇာတ်ကောင်တွေအများကြီးအတွက် ခံစားခဲ့ရမှတော့
လိုက်ဖက်မယ့် အရောင်ကို ရွေးချယ်နေတတ်ခဲ့ပါပြီ
အပြုံးတစ်ဝက် မျက်ရည်တစ်စက်နဲ့ မင်းသမီးလေးလိုလေ
အမေ ကျေနပ်မှာပါ.....

အမေချော့သိပ်ခဲ့တဲ့ အိပ်ရာဝင်တေးတွေနဲ့
ခုချိန်ထိ မကွယ်ပျောက်သေးတဲ့ အဖေ့ပုံရိပ်တွေဟာ
နာနာကျင်ကျင်ခံစားတတ်လွန်းသူအတွက်
အားတစ်ရပ်ပါပဲ
ကျေးဇူးတင်ပါတယ် အမေ
မပြည့်စုံပေမဲ့ လူဖြစ်လာရတဲ့အတွက်
ရတနာသုံးပါးဂုဏ်ကျေးဇူးကို အထူးသိနိုင်ခဲ့တဲ့အတွက်
ပြီးတော့
အနားမှာရှိနေပေးတဲ့အတွက်.....

ညတွေရောက်တိုင်း အမေ့နဖူးကို နမ်းမယ်
အမေ အိပ်မက်လှလှမက်ပါစေရယ်ပေါ့
နာကျင်လွန်းလို့ ကျရတဲ့ မျက်ရည်တွေကိုတော့
အမေခြုံပေးတဲ့ စောင်လှလှလေးအောက်မှာပဲ ပျောက်ဆုံးသွားစေချင်ပါတယ်
အမေ့အတွက် အလတ်ဆတ်ဆုံး ပြုံးပြနိုင်အောင်လေ.....

သမီးမွေးနေ့ရောက်တော့မယ်နော် အမေ
သူငယ်ချင်းတွေရဲ့မွေးနေ့ဆုတောင်းဆိုတာ မရှိခဲ့ဖူးလို့
အရူးတစ်ယောက်လိုလည်း မမျှော်တော့ပါဘူး
ခါတိုင်းလိုပဲ အမေရယ် သမီးရယ် အပြစ်မဲ့ကလေးတွေဆီ သွားကြမယ်
တကယ်တော့ သတ္တ၀ါဆိုတာ အဓိပ္ပာယ်ထပ်တူပဲမဟုတ်လား.....

ပျော်ရွှင်ပါ အမေ
စက္ကန့်တိုင်း မိနစ်တိုင်း
ရောင်နီပေါ်တိုင်း ဆည်းဆာရောက်တိုင်းပေါ့
အလိုအပ်ဆုံး ဆုတစ်ခုသာ တောင်းခွင့်ရခဲ့ရင်
အမေ့ထက်အရင် အကြွေစောချင်ခဲ့သူပါ အမေ....။

AddThis Social Bookmark Button


ငါလျှောက်ခဲ့တဲ့ လမ်း  

January 02, 2008

ငါလျှောက်ခဲ့တဲ့ လမ်း

ရောင်စုံတွေကြား ဖြတ်သန်းရင်းနဲ့
အဖြူတချို့ အခု မည်းသွားသလို
အရင်ကအမည်းတွေလည်း အခု ဖြူသွားတာတွေရှိတယ်
သေချာတာကတော့ အရောင်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိကြတယ်
အကြောင်းမဲ့ အကျိုးမဖြစ်ဘူး ဆိုတာလည်း
သူ့အဓိပ္ပာယ်နဲ့ သူပဲ
ကိုယ် သတိနဲ့မနေထိုင်တိုင်း လောကကြီးက အနာရင်းတယ်ဆို
အားလုံးမှာ ဒဏ်ရာတွေအပြည့်ပေါ့
မှေးငိုက်နေတဲ့မျက်ဝန်းတွေနဲ့ အရိပ်သဏ္ဌာန်တွေကို လိုက်ကြည့်ရင်း
မိတ်ဆွေလား ရန်သူလား ခွဲခြားနေဆဲလား
လောကအတွက် လိုအပ်တဲ့ လူသားတစ်ယောက်အဖြစ်
နှစ်ရှည်ပင် စိုက်ပျိုးပြီးရဲ့လား
James Allen ကတော့ ပြောဖူးတယ်
အိပ်မက်အကြီးကြီးမက်ပါတဲ့
အဲဒီအိပ်မက်အ၀င်လမ်းမှာပဲ
ငါဟာ မောဟိုက်နေခဲ့တယ်
ငါဟာ တစ်ကိုယ်တော်ခရီးသွား
သစ်ရွက်ခြောက်တွေကြားက
မကျလာမယ့်မိုးကိုလည်း မျှော်လင့်ဖူးတယ်
ပြန်မရနိုင်မှန်းသိရက်နဲ့
ငယ်ဘ၀ကိုလည်း တမ်းတဖူးတယ်
အများနဲ့မတူတဲ့ လူတစ်ယောက်မို့
ငါရွေးချယ်ခဲ့တဲ့လမ်းဟာလည်း သီးခြားဆန်တယ်
တစ်လမ်းဆုံးရင် တစ်လမ်းဆက်လျှောက်ရမြဲလေ
နောင်တစ်ချိန်မှာ ငါလျှောက်ခဲ့တဲ့လမ်းရဲ့
ထူထပ်တဲ့ မြက်တွေအကြောင်း
အစာအတွက် အသက်လုနေရတဲ့
ငါ မနင်းချေခဲ့တဲ့ ပုရွက်ဆိတ်တွေအကြောင်း
ငါ့ညကို ထွန်းပဖို့ မျက်လုံးအစုံကျိန်းစပ်နေမယ့်
ငါမမြင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း
ရောက်တတ်ရာရာလေးတွေပြန်ပြောဖို့
ငါ့ဘာသာစကားကို နားလည်တဲ့ အမေအို
အိပ်မက်အပြန်လမ်းမှာ စောင့်ကြိုနေရင်ပဲ
ငါ ဇရာကို လက်ကမ်းနိုင်ပါပြီ
ရုတ်တရက် တစ်စုံတစ်ခုဆိုတဲ့ ကံကြမ္မာသာ
ငါ့မှာ မရှိခဲ့ရင်ပေါ့။

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster