ငါလျှောက်ခဲ့တဲ့ လမ်း  

January 02, 2008

ငါလျှောက်ခဲ့တဲ့ လမ်း

ရောင်စုံတွေကြား ဖြတ်သန်းရင်းနဲ့
အဖြူတချို့ အခု မည်းသွားသလို
အရင်ကအမည်းတွေလည်း အခု ဖြူသွားတာတွေရှိတယ်
သေချာတာကတော့ အရောင်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိကြတယ်
အကြောင်းမဲ့ အကျိုးမဖြစ်ဘူး ဆိုတာလည်း
သူ့အဓိပ္ပာယ်နဲ့ သူပဲ
ကိုယ် သတိနဲ့မနေထိုင်တိုင်း လောကကြီးက အနာရင်းတယ်ဆို
အားလုံးမှာ ဒဏ်ရာတွေအပြည့်ပေါ့
မှေးငိုက်နေတဲ့မျက်ဝန်းတွေနဲ့ အရိပ်သဏ္ဌာန်တွေကို လိုက်ကြည့်ရင်း
မိတ်ဆွေလား ရန်သူလား ခွဲခြားနေဆဲလား
လောကအတွက် လိုအပ်တဲ့ လူသားတစ်ယောက်အဖြစ်
နှစ်ရှည်ပင် စိုက်ပျိုးပြီးရဲ့လား
James Allen ကတော့ ပြောဖူးတယ်
အိပ်မက်အကြီးကြီးမက်ပါတဲ့
အဲဒီအိပ်မက်အ၀င်လမ်းမှာပဲ
ငါဟာ မောဟိုက်နေခဲ့တယ်
ငါဟာ တစ်ကိုယ်တော်ခရီးသွား
သစ်ရွက်ခြောက်တွေကြားက
မကျလာမယ့်မိုးကိုလည်း မျှော်လင့်ဖူးတယ်
ပြန်မရနိုင်မှန်းသိရက်နဲ့
ငယ်ဘ၀ကိုလည်း တမ်းတဖူးတယ်
အများနဲ့မတူတဲ့ လူတစ်ယောက်မို့
ငါရွေးချယ်ခဲ့တဲ့လမ်းဟာလည်း သီးခြားဆန်တယ်
တစ်လမ်းဆုံးရင် တစ်လမ်းဆက်လျှောက်ရမြဲလေ
နောင်တစ်ချိန်မှာ ငါလျှောက်ခဲ့တဲ့လမ်းရဲ့
ထူထပ်တဲ့ မြက်တွေအကြောင်း
အစာအတွက် အသက်လုနေရတဲ့
ငါ မနင်းချေခဲ့တဲ့ ပုရွက်ဆိတ်တွေအကြောင်း
ငါ့ညကို ထွန်းပဖို့ မျက်လုံးအစုံကျိန်းစပ်နေမယ့်
ငါမမြင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း
ရောက်တတ်ရာရာလေးတွေပြန်ပြောဖို့
ငါ့ဘာသာစကားကို နားလည်တဲ့ အမေအို
အိပ်မက်အပြန်လမ်းမှာ စောင့်ကြိုနေရင်ပဲ
ငါ ဇရာကို လက်ကမ်းနိုင်ပါပြီ
ရုတ်တရက် တစ်စုံတစ်ခုဆိုတဲ့ ကံကြမ္မာသာ
ငါ့မှာ မရှိခဲ့ရင်ပေါ့။

AddThis Social Bookmark Button


6 comments: to “ ငါလျှောက်ခဲ့တဲ့ လမ်း

  • မျှားပြာ
    January 3, 2008 7:37 AM  

    ကဗျာတွေ အရမ်းအဓိပ္ပပါတယ် သိုးလေးရေ ..။
    ခံစားချက်တွေ များနေလား။

  • Z a.k.a ANGELIC-DEVIL
    January 3, 2008 4:02 PM  

    ဒီကဗျာလေးကို ကြိုက်တယ်...ရွေးသုံးထားတဲ့ စကားလုံးတွေရဲ့ အဓိပါယ်ကိုလဲ သဘောကျတယ်...

  • ~J-Quen~
    January 3, 2008 4:38 PM  

    love it!

  • တပြည်သူ အိမ့်ချမ်းမြေ့
    January 4, 2008 12:53 AM  

    ငါဟာ တစ်ကိုယ်တော်ခရီးသွား
    သစ်ရွက်ခြောက်တွေကြားက
    မကျလာမယ့်မိုးကိုလည်း မျှော်လင့်ဖူးတယ်

    တပုဒ်လုံးကြိုက်တယ်… အပေါ်ကဟာအကြိုက်ဆုံး
ါ်)

  • Layma
    January 4, 2008 4:45 AM  

    အရောင်တွေ..လူတွေရဲ့ ပြောင်းလဲခြင်း သဘောကို တော်တော် သဘောပေါက်နေပုံရတယ်..။ သိုးလေး ပျော်ပါစေ..။

  • hnin
    January 7, 2008 5:34 AM  

    ဒီလိုပါပဲ ကိုမျှားပြာ... တစ်ခါတစ်ခါတော့လည်း ခံစားမိတာပေါ့။
    နာမည်ခေါ်ရတာ နည်းနည်းရှည်လို့ z a.k.a လို့ပဲ ခေါ်လိုက်ပြီ။ ဘလော့လား... ဖွင့်လို့ရဘူးနော် :)
    ကျေးဇူးပါ j-quen။ တူတူပဲ ဖွင့်လို့ရဘူး :)
    မလေး... ထီးဂေါက်လေးဆိုလည်း မဆိုးပါဘူး၊ ဘယ်တော့မှ ထီးမကိုင်တတ်တဲ့သူအတွက် မလေးရဲ့ လက်ဆောင်ပေါ့ :) ညီမလေးက တစ်ကိုယ်တော်ခရီးသွားပါပဲ :)
    မမလေး... ကြာလေ ပိုသိလေပေါ့ ဟီးဟီး

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster