ကယောင်ကတမ်းရေရွတ်မိသော ညများ  

February 21, 2008

ကယောင်ကတမ်းရေရွတ်မိသော ညများ

ညမုဆိုးထံကို တစ်စတစ်စ တိုးဝင်လာတဲ့အမှောင်ဟာ
သားကောင်ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့
သြော်... အရုဏ်ရောက်တော့မှာပ
ကုန်လွယ်လှချည့် ညရေ
သံသရာဆိုတာ ရှိနေသရွေ့
ကိုယ်ကိုယ်တိုင်ပဲ
စိုက်ပျိုးလိုက် ရိတ်သိမ်းလိုက်
ပြန်တူးဆွလိုက် မြေမြှုပ်ပစ်လိုက်နဲ့
ရင်ခုန်သံတွေ ရှင်သန်ဖို့ ရင်ခုန်သံတွေ စားသုံးရင်းနဲ့။

ကယောင်ကတမ်းပဲ ဟင်းလင်းရင်ခွင်ကို စမ်းမိတယ်
ရည်ညွှန်းရာအတည်တကျမရှိပါဘဲ နာကျင်နေလိုက်တာ
အေးချမ်းတယ် အပြစ်ကင်းတယ် ဆိုတဲ့ အရိပ်လက်ခဏာ
သမီးမျက်နှာမှာ ရှာတွေ့သေးရဲ့လား အဖေ
ဟုတ်ပါရဲ့... သမီး မပြုံးဖြစ်တာ ကြာခဲ့ပြီပဲ
စကားခွန်းဆို မရှိပါဘဲနဲ့တောင်
အပြစ်ရှာချင်ကြတဲ့ လူတွေကြားမှာ
သမီး နှုတ်ဆိတ်နေတာ မှားလား။

အားပေးချွေးသိပ်လှည့်ပါဦး အဖေ
လွတ်မြောက်ခွင့်ပေးထားပါရက်နဲ့
မစွန့်ခွာခဲ့တဲ့ အဲဒီလက်အစုံရယ်
အဖေမျှော်လင့်ခဲ့တဲ့ပုံရိပ်တစ်ခုကို အသက်သွင်းရင်း
အေးစက်သထက် အေးစက်သွားတဲ့
သမီးရဲ့ နှလုံးသားတစ်ခုရယ်
ဘာပဲဖြစ်ဖြစ် အဖေလာရင်တော့ သမီးပြုံးနိုင်မယ်ထင်ရဲ့
ဒီည အိပ်မက်ထဲမှာ အဖေရှိနေပေးပါနော်။

AddThis Social Bookmark Button


ဘ၀ ညီမျှခြင်း  

February 13, 2008

ဘ၀ ညီမျှခြင်း

မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရင်း
ရှင်သန်ခြင်းကို မေ့လျော့မိတဲ့အခါ
မျှော်လင့်ချက်ဆိုတာဟာ ...
... ... ...
... ... ...
ဝေးနေရတဲ့ ရင်ဘတ်တစ်ခြမ်းလည်း
လွမ်းတယ်။

ဘ၀ရယ်...
ငါ အိပ်မက် မက်ကောင်းတုန်းမှာ
နင်က တော်တော်ဝေးဝေးထိ ခရီးဆက်နေခဲ့ပြီပဲ
ပိုးမွှားတွေကို သေစေသတဲ့
အာရုံတွေကို လန်းဆန်းစေသတဲ့
အဲဒီနေခြည်ရဲ့ဒဏ်ကို
ငါ ဘာကြောင့် မခံနိုင်ခဲ့တာလဲ...

ငါ စကားတွေအများကြီး ပြောခဲ့ရဲ့နဲ့
သူတို့တွေ မကြားခဲ့ဘူးတဲ့
ဖမ်းယူဆုပ်ကိုင်နိုင်စွမ်းမရှိအောင်ကို
ငါ့လက်ချောင်းတွေ မောပန်းနေခဲ့ပါပြီ
အိပ်မက်ထဲမှာတောင် သီဆိုသူမဖြစ်ခဲ့ဖူးပေမဲ့
ငါ့သံစဉ်တွေရဲ့ အတက် အသက်
စည်းချက်ကျကျ လှပနေမှာကိုတော့ ယုံကြည်ပေးပါ
ဘ၀နဲ့ရင်းခဲ့တဲ့ ကာရန်တွေကြားမှာလေ...

ကောင်းကင်ဟာ အပြောကျယ်တယ်
ပင်လယ် နက်ရှိုင်းတယ်
ငါတို့ ဒီလို အဓိပ်ပယ်ဖွင့်ခဲ့ကြတယ်နော်
ဒါပေမဲ့ ဘ၀ကိုတော့ ဒီအတိုင်းပဲထားလိုက်ပါ
ငါတို့ရေးခြယ်သမျှ ဒုက်ခဆိုလည်း ဒုက်ခ
အလှဆိုလည်း အလှပေါ့... ... ...

AddThis Social Bookmark Button


ပင်ပန်းတဲ့အခါမျိုးမှာတော့ ရင်ဖွင့်ခွင့်ပေးပါနော်...  

February 08, 2008

ပင်ပန်းတဲ့အခါမျိုးမှာတော့ ရင်ဖွင့်ခွင့်ပေးပါနော်...



ဒီကနေ့ဆိုရင် ဘလော့ကြီးနဲ့ခွဲခွာခဲ့တာ တစ်လတိတိ ရှိပါပြီ။ တကယ်တော့
ဒီစာကို ရေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အတ္တပဲဆိုပါတော့။
ကိုယ်မလုပ်နိုင်ပေမဲ့ ကြည့်လိုက်တဲ့အခါ လာလည်တဲ့သူငယ်ချင်းတွေကိုမြင်ရတဲ့
ကြည်နူးတဲ့စိတ် အတွက် သိုးလေးရဲ့ အတ္တကြီးမှုသက်သက်ကြောင့်ပေါ့။
နောက်ဆိုရင် သိုးလေး ဘလော့မှာ ရေးဖြစ်မှာ မဟုတ်တော့ပါဘူး။
ဘလော့ကသူတွေအားလုံးကို သိုးလေး အရမ်းပဲသံယောဇဉ်ရှိပါတယ်။ ၀ါသနာပါရာ၊
စိတ်ထက်သန်ရာအလိုက် ရေးကြလို့ ရသစုံခံစားနိုင်တယ်၊ နွေးထွေးတယ်၊
ဖော်ရွေတယ်၊ သိသမျှ မညည်းမညူပြောပြ တတ်တယ်။ ခုလောလာဆယ် မရေးနိုင်ပေမဲ့
လုံးဝအဆက်ပြတ်သွားမှာတော့ မဟုတ်ပါဘူး။ သိုးလေး အချိန်ရတာနဲ့
လက်လှမ်းမီသလောက် ဖတ်ဖြစ်မှာပါ။ ပြီးတော့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့တစ်နေ့
သိုးလေး ပြန်ရေးဖြစ်မှာပါ။



သိုးလေးမှာ အပေါင်းအသင်းမိတ်ဆွေဆိုတာ လက်ချိုးရေရင် ငါးချောင်းတောင်
မပြည့်ပါဘူး။ သိုးလေးက လူအများနဲ့ ရောထွေးနေရတာကို မနှစ်သက်ဘူး၊
ဝမ်းနည်းတဲ့အခါဆို ဘယ်လောက်ကြီးပဲ ငိုချင်ချင် တစ်ယောက်တည်း
အိပ်ရာထဲရောက်မှ ကြိတ်ငိုတိတ်တယ်။ စိတ်တူ ကိုယ်တူကိုပဲ ပေါင်းသင်းတတ်လို့
သိုးလေးမှာ သူငယ်ချင်း များများမရှိပါဘူး။ အေးစက်နေတဲ့ သိုးလေးကို
နွေးထွေးမှုပေးခဲ့တာ ဘလော့က လူတွေပါပဲ။ ဒါကြောင့် အားလုံးကိုပဲ သိုးလေး
တန်ဖိုးထားတယ်။ အတိုင်းအတာတစ်ခုထိ သိုးလေး ရှောင်ပုန်းခဲ့ပြီးပါပြီ...
လောကကြီးတစ်ခုလုံး၊ လူတွေအားလုံး၊ ပတ်ဝန်းကျင်ရဲ့ ဒီအိမ်မှာ ဒီကောင်မလေး
ရှိမှန်းတောင် မသိဘူး ဆိုတဲ့အသံမျိုး ကြားရတဲ့အထိပေါ့။ သိုးလေးကိုယ်ထဲမှာ
လည်ပတ်နေတဲ့ အဖေ့ရဲ့သွေးတွေ၊ အမေ့ကိုချစ်တဲ့ စိတ်တွေကို အားပြုပြီး
သိုးလေး လောကကြီးထဲ ၀င်တော့မယ်။ လူတွေရဲ့ အကြည့်တွေ၊ အသံတွေ၊ ဖြစ်လာမယ့်
အခြေအနေတွေအားလုံးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
အားလုံးနဲ့ ထုသားပေသား တစ်သားတည်း ကျဖို့ဆိုတာ အချိန်လိုပါတယ်။ ၆ လ၊ ၁
နှစ်၊ ၂ နှစ် ပြောမတတ်ပါဘူး။ စေတနာကောင်းလျှင် ကံကောင်းမည် ဆိုတဲ့
ဆောင်ပုဒ်ကလေးကို ကျင့်သုံးပြီး သိုးလေး ရှေ့ဆက်ပါမယ်။



နောက်တစ်ခုက ကိုနေဘုန်းလတ်အတွက်ပါ။ ဒီနေ့မှ မေးလ် စစ်ဖြစ်တော့
ကိုနေဘုန်းလတ်အတွက် တင်ပေးဖို့စာကိုလည်း ဒီနေ့မှ တွေ့ရပါတယ်။ သိုးလေးက
အားလုံးနဲ့ အလှမ်းဝေးနေလို့ အခြေအနေတွေလည်း မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်
သိုးလေး အကြိမ်ပေါင်းများစွာ ၀င်ရောက်ခဲ့တဲ့ ကိုနေဘုန်းလတ်
လွှတ်ချခဲ့တဲ့မြို့တော်ကြီးမှာ အေးချမ်းစွာနဲ့ အမြန်ဆုံး
ပြန်လည်ရေးသားနိုင်ပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။
သိုးလေး မကျွမ်းကျင်တဲ့အပိုင်းမို့ သိုးလေး ဝေဖန်ရေးတွေ မပေးချင်ပါဘူး။
ကိုနေဘုန်းလတ်အတွက် ရင်ထဲမှာပူလောင်နေမယ့် မိသားစုကို မြင်ယောင်ပြီး
စိတ်မကောင်းဖြစ်မိပါတယ်။ အမြန်ဆုံးပဲ လွတ်လပ်ခြင်းရဲ့အရသာကို
ခံစားနိုင်ပါစေ ဆိုတာကိုပဲ ဆုတောင်းပေးနေပါတယ်။



ဘလော့မရေးဖြစ်တော့ဘူးဆိုပေမဲ့ ရင်ထဲမှာ လက်စသတ်ချင်တာလေးတစ်ခု
ကျန်နေသေးတယ်လေ။ အရင်တုန်းက ဘလော့မှာ သိုးလေးရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေကို
ခေါင်းစဉ်မတပ်ခဲ့မိဘူး။ နောက်ပိုင်းမှာတပ်ဖြစ်ပေမဲ့ ရှေ့ပိုင်း
တော်တော်များများပဲ ကျန်နေတယ်လေ။ အားလုံး တစ်စုတစ်စည်းတည်း သိုးလေး
ပြန်ကြည့်နိုင်အောင် တပ်ချင်ပေမဲ့ အင်တာနက်ဆိုင်မှာ
ထိုင်လုပ်မှရမယ့်ကိစ္စမို့ သိုးလေးမှာ စိတ်ညစ်နေရတယ်။ အထူးသဖြင့်
ကဗျာတွေကိုပေါ့။ သိုးလေးရေးတဲ့ကဗျာတွေ အပုဒ်ပေါင်း
တော်တော်မနည်းတော့ဘူးလေ။ အဲဒါလေးတွေကို စိတ်ကူးပေါက်တိုင်း သိုးလေးက
ပြန်ဖတ်ချင်တာဆိုတော့ စုစုစည်းစည်းလေး ရှိနေစေချင်တာပါပဲ။ အဲဒီအတွက်
အလုပ်အပ်မလားလို့ စိတ်ကူးနေတာ။ ဘယ်သူကမှလည်း ယောင်လို့တောင် စကားမဟကြတော့
သိုးလေးလည်း လက်လျှော့ထားရတယ်လေ။ ဒါနဲ့ စကားမစပ် နောက်ပိုင်း သိုးလေး
သိချင်တာတွေရှိလို့ မေးတဲ့အခါ ဘလော့က မောင်နှမတွေကိုပဲ မေးရမှာမို့
သိုးလေးကို မညူစူကြပါနဲ့လို့ ကြိုပြီး ခွင့်ပန်ချင်ပါတယ်။



သိုးလေးကို သတိရတဲ့အခါပဲဖြစ်ဖြစ်၊ သိုးလေးနဲ့ပတ်သက်လို့ ဝေဖန်
အကြံပြုချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် thoemalay@gmail.com ကို
မေးလ်ပို့နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ g-talk ဖွင့်တဲ့အခါ ကိုယ်မသိတဲ့
နာမည်မျိုး invite လုပ်ထားရင် လက်ခံဖြစ်မှာမဟုတ်လို့ မေးလ်ကို
ကြိုပို့စေချင်ပါတယ်။ အားလုံးပဲ သိုးလေးနဲ့အတူ ဘ၀ကို အားနဲ့ မာန်နဲ့
ကိုယ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ချီတက်ကြပါစို့။



မလေး တို့ မမလေးမ တို့ မေးခဲ့ဖူးတဲ့ သိုးလေးမွေးနေ့ ဘယ်တော့လဲဆိုတာ...
လာမယ့် ၃ လပိုင်း ၉ ရက်နေ့ဟာ သိုးလေးမွေးနေ့ပါပဲ။ အရမ်းအံ့သြသွားလားဟင်၊
ဒီလောက်ပူပြင်းတဲ့ရာသီမှာ မွေးလာပြီး နာမည်ကျတော့ အေးခဲမတတ်ပဲ
ဆိုပြီးတော့ပေါ့။ အဲဒီလိုပါပဲ သိုးလေးက မွေးကတည်းက ဆန့်ကျင်ဘက်တွေနဲ့
ရှင်သန်ခဲ့လို့ပဲထင်ပါရဲ့... profile မှာ သိုးလေး ရေးထားသလိုမျိုးပဲ
သည်လောကကြီးမှာ ရှင်သန်ခဲ့စဉ်အတွင်း အားလုံးမဟုတ်ရင်တောင်
တစ်စုံတစ်ယောက်ဆီမှာ အေးချမ်းသူ ဆိုတာ ရှိခဲ့ဖူးပါလားဆိုတဲ့ တစ်ခါတစ်ရံ
သတိရခြင်းမျိုးလေး ဖြစ်ခဲ့ရင်ပဲ သိုးလေး ကျေနပ်နေမှာပါ။



နောင်ဆိုရင် အဖော်မဲ့ အထီးကျန်ဖြစ်နေမယ့် သိုးလေးရဲ့ဘလော့မှာ
သိုးလေးကတော့ အမြဲ အိပ်ဖန်စောင့် လုပ်နေမှာပါ။ ဖြတ်လျှောက်သူတွေ၊
မျက်လုံးဝေ့ကြည့်သူတွေ၊ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတဲ့သူတွေ အားလုံးကို
မျက်စိမညောင်းသရွေ့ လိုက်ကြည့်နေရင်း .....

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster