မက်ခဲ့ဖူးသော အိပ်မက်တစ်ခု  

March 22, 2008

မက်ခဲ့ဖူးသော အိပ်မက်တစ်ခု

ည..... လပျောက်နေတဲ့ အမှောင်ကမ္ဘာထဲမှာ ကျွန်မ စမ်းတ၀ါးဝါး သွားနေမိတယ်။ အခုတလော ရင်ထဲ ပြည့်ကျပ်နေသလိုပဲလေ။ လျှောက်ရင်းလျှောက်ရင်းနဲ့ မျက်စိထဲမှာ အေးချမ်းတဲ့ နေရာလေး တစ်ခုကို မြင်လိုက်တယ်။ အလင်းလော... လျှပ်လော... မသဲမကွဲ နေရာလေးတစ်ခုလည်း မြင်လိုက်ရတယ်။ အလိုက်သင့် ခြေထောက် လေးက အဲဒီနေရာဆီကို တန်းတန်းမတ်မတ်။ ဟင်းလင်းပြင်တစ်ခုပါပဲ။ ပိုးစုန်းကြူးအလင်းတောင် မမြင်ရပါဘူး။ ဒါပေမဲ့ တကယ့်ကို အေးချမ်း နေပါတယ်။ ကျွန်မ ရပ်တည်နေတဲ့နေရာဟာ သဲကန္တာရလို နေရာမျိုးလား၊ ချောက်ကမ်းပါး အစွန်းမှာလား၊ ကမ်းခြေများလား ဘာတစ်ခုမှ မရေရပါဘူး။ ဒါပေမဲ့ ကျွန်မ ရပ်နေမိတယ်။ အေးချမ်းတယ်လေ။ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ပကတိအမှောင်။ ကြယ်ရောင် ပြိုးပြိုးပြက်ပြက်လည်း မရှိဘူး။ ဆန်ဖွပ်နေတဲ့ အဘိုးအိုလည်း မမြင်ရဘူး။ အမှတ်မထင်ဘဲ ကျွန်မ အဝေးကို ငေးကြည့်လိုက်တော့ သဏ္ဌာန်တူ လူရိပ်တစ်ခုကို မြင်ရတယ်။ အလင်းပါးပါးလေး ကျရောက်နေတဲ့ သူ့ခန္ဓာကိုယ်ကို ခြုံကြည့်လိုက်ရုံနဲ့ ယောက်ျားတစ်ယောက်ဖြစ်မှန်း ကျွန်မ သိလိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လိုပုံစံလဲ၊ ဘယ်လိုအခြေအနေမျိုးနဲ့လဲ မသဲကွဲပါဘူး။ သူလည်း ကျွန်မကို မြင်သွားတယ်ထင်ရဲ့၊ ရုတ်တရက် စောင်းငဲ့လာတဲ့ သူ့ဦးခေါင်းအရိပ်ကို မြင်လိုက်တာနဲ့ ကျွန်မ အကြည့်လွှဲလိုက်တယ်။ သူ ဘယ်မှာရပ်နေတာလဲ၊ ကျွန်မနဲ့ တစ်နေရာတည်းမှာလား၊ မြေခြားနေလား၊ သူနဲ့ ကျွန်မကြားမှာ သမုဒ္ဒရာများ ခံနေမလား... အတွေးတွေ အစုံပါပဲ။


အသံအဖြစ် ထွက်ကျမလာတဲ့ စကားလုံးသက်သက်နဲ့ ကျွန်မနှုတ်ခမ်းလေးတွေ လှုပ်ရှားသွားတယ်။
"ရှင် ဘယ်သူလဲ"

ကျွန်မ သိနေတယ်။ သူ ဘယ်လိုမှ မကြားနိုင်မှန်းကို။ ဒါပေမဲ့ ကျွန်မ မြင်လိုက်ရတယ်။ သူ့နှုတ်ခမ်းတစ်စုံ ခပ်ဟဟ လှုပ်ခတ်သွားတာကို။ ပကတိ အကြားမဲ့ပါပဲ။ ဒါပေမဲ့ သိနေတယ်။


"ခင်ဗျားရော ဘယ်သူလဲ"

ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် မသိသော အရပ်နှစ်ခုကနေ ကြားနိုင်မဲ့ အသံတွေနဲ့ အရိုးသားဆုံး စကားတွေ ပြောဖြစ်ကြတယ်။ နားထောင်ကြည့်မလား။



"ခင်ဗျား အခု ဘယ်မှာရပ်နေတာလဲ"
"ကျွန်မအထင် အာရှတိုက် တစ်နေရာရာမှာပဲ"
"ရှင်ရော"
"ကျွန်တော်က ကမ္ဘာမြေ တစ်နေရာရာမှာပေါ့"
"ကတ်သီးကတ်သတ်ပဲ"
"ဒါနဲ့ ခင်ဗျား ဘာလို့ ဒီကိုလာတာလဲ"
"ကျွန်မ ၀န်းကျင်တစ်ခုကို လွမ်းနေတယ်။ ခွဲရတာ အသားမကျသေးဘူး။ ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ"
"ဒီလိုပါပဲ၊ အရာအားလုံးကိုတွေးပြီးတော့ ပျော်လိုက်၊ စိတ်တိုင်းမကျလိုက်နဲ့မို့ ခဏလောက်များ အေးချမ်းရမလားလို့"
"ခင်ဗျားက ၀န်းကျင်တစ်ခုကို လွမ်းနေတယ်ဆိုတော့ အဲဒီဝန်းကျင်မှာ ခင်ဗျား အသားတကျ အံဝင်ခွင်ကျ ဖြစ်ခဲ့လို့လား"

"ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လို့ ရသတဲ့လား။ ဒါ ဘေးလူ အလုပ်လေ။ ကျွန်မ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ကျွန်မ အမြဲသတိရဖြစ်တဲ့ အစ်မတစ်ယောက်ရဲ့ စကားနဲ့ပြောရရင် အဲဒီဝန်းကျင်မှာ ကျွန်မကလည်း ချစ်တဲ့... ကျွန်မကိုလည်း ချစ်တဲ့ လူတွေ၊ ကျွန်မက ချစ်ရပေမဲ့ ကျွန်မကို အမှတ်မရတဲ့ လူတွေ၊ ကျွန်မက အမှုမဲ့ အမှတ်မဲ့ပေမဲ့ ကျွန်မကို သတိတရ ရှိနေတဲ့ လူတွေ... အစုံပဲရှိမှာပေါ့။ ဒါဖြင့် ရှင်ကရော ဘာလို့ လာတာလဲ"


"ကျွန်တော် လူတွေနဲ့ စကားများများမပြောချင်ဘူး။ အထူးသဖြင့် မလိုအပ်ဘဲ အပိုပြောတတ်တဲ့လူမျိုးပေါ့။ ပြီးတော့ ဒီည လသာတယ်လေ။ လကိုကြည့်ရတာ စိတ်ချမ်းသာတယ်"


"ရှင် မှားနေပြီထင်တယ်နော်။ ဒီမှာ လ လုံးဝမရှိဘူး။ ပကတိအမှောင်ပဲ။ ကျွန်မလာတာ အဲဒီ ပုန်းနေတဲ့ လကို ဖမ်းချင်တာလည်း ပါတယ်"


"ဟားဟား... ခင်ဗျား မေ့နေပြီထင်တယ်။ ကျွန်တော်တို့ ရပ်နေတာ တစ်ဖက်ခြားစီမှာနော်။ ပြီးတော့ လက ဘယ်တော့မှ ရှောင်မပုန်းပါဘူး။ ကမ္ဘာကြီးကသာ သူ့ကို လည်ပတ်နေတာ။ သူကတော့ ဘယ်ကိုမှ ထွက်မပြေးပါဘူး။ အဲဒါလည်း စိတ်ဝင်စားစရာတစ်ခုပဲ။ အမှားအားကြီးသွားရင် အမှန်လို ဖြစ်သွားတတ်တယ်လေ။ ကျွန်တော်တော့ ဒီမှာရပ်နေရတာ အရမ်း စိတ်ချမ်းသာတယ်။ ခင်ဗျားရော"


"မပြောတတ်သေးဘူး။ ကျွန်မက ခုမှရောက်တာလေ။ ဒါနဲ့ ရှင် ဘာလူမျိုးလဲ"
"ကျွန်တော် ဘာလူမျိုးဆိုတာထက် ကျွန်တော်တို့ လူသား အချင်းချင်းပါပဲဗျာ။ ခင်ဗျား မကြောက်ပါနဲ့။ ခင်ဗျားရော"

"ရှင်က ပြန်မေးတာတော့ တကယ်တော်တယ်။ ဒီတစ်ခါ ကျွန်မ ထပ်မေးမယ်။ ရှင် ဘာဘာသာ ကိုးကွယ်လဲ။ ကျွန်မ အရင် ဖြေထားမယ်။ ကျွန်မက ဗုဒ္ဓဘာသာ"


"ကျွန်တော်လား၊ ခင်ဗျားတို့အယူနဲ့ဆိုရင် ကျွန်တော်တို့ ဘာသာရေးအလုပ်က အကုသိုလ်အလုပ် ဖြစ်နေမှာပေါ့"
"ရှင် မွတ်ဆလင်မ် လား"
"သေချာတာပေါ့"

"မထင်ပါဘူး။ ကိုယ့်ဘာသာကို ယုံကြည်မြတ်နိုးတာ ကောင်းခြင်းတစ်မျိုးပါပဲ။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် နံပါတ် တစ် အနေနဲ့ စိတ်ကောင်းရှိဖို့က အဓိကပဲ။ ပြီးမှ နောက်ဆက်တွဲတွေ လာမှာလေ"


"သေချာတာပေါ့။ ကျွန်တော် ခြေလေးချောင်းသား မစားဘူး။ အတတ်နိုင်ဆုံး အသား ငါးတွေ မစားဖြစ်အောင် နေတယ်။ မိရိုးဖလာ ဘာသာဆိုပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဘာမှန်းကို မသိပါဘူး"


"အဲဒါတွေ မပြောတာပဲကောင်းပါတယ်ရှင်။ ဟော... ကောင်းကင်မှာ အနီလေး မှိတ်တုတ်မှိတ်တုတ် မြင်တယ်။ ကြယ်တော့ မဖြစ်နိုင်ဘူး။ လေယာဉ်လား မသိဘူးနော်"


"ခင်ဗျား လေယာဉ်စီးဖူးလား"
"ရှင်ရော"
"ခင်ဗျား ကျွန်တော့်ကို ပြန်မေးနေတာပဲ။ ဒါဆို လေယာဉ်နဲ့ပတ်သက်လို့ကော အမှတ်ရစရာတွေ ဘာတွေ ရှိလား"
"ဟာ... ရှိတာပေါ့"
"ပြောပါဦး၊ ကျွန်တော် စိတ်ဝင်စားသွားပြီ"

"ကျွန်မ ငယ်ငယ် ပထမဆုံးအကြိမ် ဖေဖေ့ရုံးကို ညအိပ် လိုက်သွားတုန်းကပေါ့။ ဖေဖေ့ရုံးခန်းရဲ့ အပြင်ဘက် ခပ်လှမ်းလှမ်းမှာ ကွင်းပြင်ကြီးရှိတယ်။ ဘယ်လောက်ကြီးလဲဆို အဆုံးကို မမြင်ရဘူး။ ကျွန်မက ကလေးဆိုတော့ စပ်စုတယ်လေ။ ကွင်းအစပ်နားသွားကြည့်တာပေါ့။ သံဆူးကြိုးတွေနဲ့ ခတ်ထားတာ ဆိုတော့ အတွင်းဘက်ကို လှမ်းမြင်နေရတယ်။ ကွင်းရဲ့ ဟိုးခပ်လှမ်းလှမ်းမှာ လေယာဉ်တွေ တန်းစီထားတာမြင်တော့ ကျွန်မ အရမ်းအံ့အားသင့်သွားတာ။ ပြီးတော့လည်း စီးချင်တာ တအားပဲ။ ဒါနဲ့ ဖေဖေ့ကို ပူဆာတာပေါ့။ ဖေဖေ ဘယ်လိုချော့ချော့ မရဘူး။ ဖေဖေက အတွဲတွေအများကြီးနဲ့ ကား စီးမလားဆိုလည်း ကျွန်မကတော့ စိတ်ကောက်နေတာပဲ။ မရဘူးပေါ့။ အဲဒီမှာ ဖေဖေက အင်္ဂလိပ် သတင်းစာကြီးတစ်စောင် ယူလာတယ်။ ဘာသတင်းစာလဲတော့ ကျွန်မ မမှတ်မိတော့ဘူး။ ပြီးတော့ ကျွန်မကို လက်ညှိုးနဲ့ ထောက်ပြတယ်။ မြေပုံတစ်ခုပေါ်မှာ တြိဂံပုံသဏ္ဌာန် ဆွဲပြထားတဲ့ နေရာကိုလေ။ ပြီးတော့ ပြောသေးတယ်။ ဒါ လျှို့ဝှက် ဆန်းကြယ်တဲ့ တြိဂံဒေသလို့ ခေါ်တယ်။ ဟိုနေ့က ဖေဖေတို့ဆီကနေ တက်သွားတဲ့ လေယာဉ် ၅ စင်း၊ အထဲမှာ စစ်ပြန် လေသူရဲ ၁၄ ဦးပါတယ်။ အဲဒါ ကောင်းကင်မှာ ပျံသန်းရင်းနဲ့ အခု ဖေဖေပြတဲ့နေရာရောက်တော့ လုံးဝ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်သွားတာ ဒီနေ့ထိပဲ။ ဘာအစအနမှလည်း မရဘူး။ ဖေဖေနဲ့ သမီး ကောင်းကင်ပေါ်မှာ အဲဒီလိုပျောက်သွားရင် သမီးမေမေ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့တဲ့။ အဲဒီတုန်းက ဖေဖေ ပြောတာကို အကုန်နားမလည်ပေမဲ့ အဲဒီလို ပျောက်သွားမှာ၊ မေမေတစ်ယောက်တည်း ကျန်ခဲ့မှာမျိုးကို စဉ်းစားပြီး ကျွန်မ အငိုတိတ်သွားတယ်။ အဲဒီကတည်းက နောင် ဖေဖေ့ရုံးကို လိုက်သွားဖြစ်လည်း လေယာဉ်စီးဖို့ မပူဆာတော့ဘူး။ အဲဒီတုန်းက ဖေဖေ ကျွန်မကို ညှက်ချခဲ့မှန်း ကျွန်မ နည်းနည်းကြီးမှ သိရတာ။ ၁၉၄၅ ခုနှစ်က ဖြစ်တာတွေ၊ ပြီးတော့ ဖလော်ရီဒါပြည်နယ်မှာ ဖြစ်ခဲ့တာတွေကို မနေ့ တစ်နေ့ကမှ ဒီမှာဖြစ်သလိုမျိုး ပြောခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ အရမ်းကို အမှတ်တရပါပဲ။ ရှင့်မှာရော ရှိလား"


"ကျွန်တော့်မှာလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ ကျွန်တော်က အဲဒါမျိုးတွေကို နေ့တိုင်း ဖြုတ်၊ ထုတ်၊ တပ်ဆင် လုပ်နေရတော့ အမှတ်ရစရာတွေလည်း မရှိချင်တော့ပါဘူး"


"ဒါဆို ရှင်က အင်ဂျင်နီယာပေါ့"
"ခင်ဗျားပတ်ဝန်းကျင်မှာရော ခင်ဗျား ဒီလိုပဲ မေးလိုက် ပြောလိုက်ပဲလား"

"ရှင်... ရှင်ပဲ ကျွန်မကို မေးခွန်းတွေ မေးနေတာပါနော်။ ကျွန်မပတ်ဝန်းကျင်က လူတွေက ကျွန်မ ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု တစ်ခုကိုတောင် မေ့ချင် မေ့နေမှာပါ။ ကျွန်မက စိတ်ဝင်စားစရာ အလျဉ်းမရှိတဲ့သူပဲလေ"


"ကျွန်တော်တော့ အဲဒီလိုမထင်ပါဘူး။ လူတိုင်းမှာ ထူးခြားချက်ကိုယ်စီရှိကြတာပဲလေ။ ခင်ဗျား မပြန်သေးဘူးလား။ ခင်ဗျားရောက်နေတာ တော်တော်ကြာပြီနော်။ ကျွန်တော်တော့ ဒီမှာ ခဏလှဲလိုက်ဦးမယ်။ ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း ကျအောင် ခံစားလိုက်ဦးမယ်"


"အခု ပြန်မှာပါ။ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဘယ်ကိုပဲ ရောက်နေ ရောက်နေ နောက်ဆုံးတော့ ကိုယ့်နေရာ ကိုယ် ပြန်ကြရမှာပဲ မဟုတ်လား"


"အဲဒါ အမှန်ဆုံးစကားပဲပေါ့ဗျာ။ မပူပါနဲ့၊ နောက်နေ့ဆို ခင်ဗျားမျှော်နေတဲ့ လ ခင်ဗျားဆီ ရောက်လာမှာပါ။ လောကကြီးက တရားပါတယ်ဗျ။ မတရားချင်နေတာ လူတွေပါ။ နောက်နေ့တွေရော ခင်ဗျား လာဦးမှလား။ ခင်ဗျား....."


သူ ဘာတွေဆက်ပြောနေလဲ ကျွန်မ မသိတော့ပါဘူး။ နောင်တစ်နေ့မှာ ကျွန်မ မျှော်နေတဲ့ လ ကျွန်မတို့ဆီ ရောက်လာမယ်ဆိုပေမဲ့ ဒီနေ့အဖို့တော့ မှောင်နေဆဲပဲလေ။ သူနဲ့သာ ဆက်ပြောနေရင် ကျွန်မ အိမ်ပြန်ခက်ရချည်ရဲ့။ ခံစားချက်အစုံနဲ့ ရင်ခုန်သံတွေကိုတော့ ရင်ဘတ်ကြီးထဲမှာပဲ မျိုချထားလိုက်တယ်။ ကျွန်မကိုမျှော်နေမယ့်... အပြုံးနဲ့ဆီးကြိုနေမယ့် အမေ့ကို ကျွန်မ ပြန်ပြုံးပြရဦးမယ် မဟုတ်လား။ တရားသော လောကကြီးမှာ တရားသော လူတွေရဲ့ကြား အပြုံးများနဲ့ တုံ့ပြန်နိုင်ကြပါစေလို့ပဲ တိတ်တဆိတ် ဆုတောင်းလိုက်တော့တယ်။

AddThis Social Bookmark Button


4 comments: to “ မက်ခဲ့ဖူးသော အိပ်မက်တစ်ခု

  • စိုးထက် - Soe Htet !
    March 22, 2008 at 3:12 PM  

    အိပ်မက်ထဲကို ပြုံးပြပြီး ပြန်သွားတယ်ဗျို့ :D

  • Yi Yi Win
    March 24, 2008 at 10:18 AM  

    “ကျွန်မက အမှုမဲ့ အမှတ်မဲ့ပေမဲ့ ကျွန်မကို သတိတရ ရှိနေတဲ့ လူတွေ...” ထဲ
    မှာပဲ အစ်မကပါနေရရင်လဲ ကျေနပ်ပါတယ်ညီမလေးရေ။ သတိရတိုင်းလာလာကြည့်ဖြစ်
    တယ်။ အိပ်မက်အကြောင်းလေးရေးထားတာ အကယ်အိပ်မက်ဆန်ဆန်လေးပဲ။

  • တစ်ပြည်သူ အိမ့်ချမ်းမြေ့
    March 25, 2008 at 10:01 PM  

    ကောင်းလိုက်တဲ့ အိပ်မက်..
    ရင်ထဲမှာ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး
    ညီမလေး စာရေးကောင်းတယ်
    ဒါမျိုး များများဆက်ရေးပါ…

  • BLACK DREAM
    March 26, 2008 at 1:58 PM  

    အနက်ရောင် အိပ်မက်တစ်ခု မက်တယ်ထင်တယ် :)

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster