ရင်ထဲမှ သူငယ်ချင်း ဖြူ... သို့...
April 19, 2008
ရင်ထဲမှ သူငယ်ချင်း ဖြူ... သို့...
ဘ၀ကို စိတ်ကြိုက်နာကြည်းခွင့်ရှိတယ်
ဒါပေမဲ့ ဘ၀ကို စိတ်ကြိုက်မဖျက်ဆီးသင့်ဘူးတဲ့
မလိုချင်လောက်အောင် မုန်းတီးပေမဲ့
ငါ ဘာလို့ တန်ဆာဆင်နေမိပါလိမ့် ဖြူ
အမှောင်ကို မြတ်နိုးသူရဲ့ ချောက်ချားညတွေကို
နင် ရင်ဆိုင်ဖူးလား
ငါတော့ လပြည့်ည ကောင်းကင်အောက်မှာ
ငါ့ဘ၀ကို ဖုံးကွယ်ဖို့
မလုံခြုံတဲ့အမိုးတစ်ခုအောက်မှာ ထိုင်ရင်း
အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့ဖူးတယ် ဖြူ
လူ လူချင်းတဲ့
ငယ်ငယ်က အဖေ အမြဲပြောခဲ့ဖူးတယ်
လောကကြီးထဲ ရဲဝံ့စွာထွက်ဖို့
ငါ စွမ်းဆောင်ခဲ့ပါတယ်
နင်နဲ့အတူရှိခဲ့တဲ့ အဲဒီ 2001 အထိပေါ့
ကျရောက်သမျှ မိုးသက်မုန်တိုင်းက
ငါ့ကိုချည်း ထိမှန်တယ်ထင်တယ် ဖြူ
အဖေ... ပြီးတော့ နင်...
လွင့်စဉ်သွားတဲ့မုန်တိုင်းနောက်ကို
အရူးတစ်ယောက်လို လိုက်ရင်း
ငါ ရှာဖွေခဲ့မိတယ်
အတော်ကြာကြာကလေးပါပဲ
အမေ ငါ့ကိုပြောခဲ့တဲ့ လေလွင့်နေချိန်တွေပေါ့
စက်ရုပ်တစ်ရုပ်လို သည်းခံမှုအပြည့်နဲ့
ဘ၀ခရီးကိုကျော်ဖြတ်ခဲ့တာ
ခုဆို 4 နှစ်ရှိပြီ ဖြူ
ပစ်စလက်ခတ်ထားတဲ့ ငါ့နှလုံးသားကို
အချိန်မှန်ကုစားပေးသူကတော့ အမေပေါ့
နောက်ထပ်ရလာမယ့် ဘယ်လိုဒဏ်ရာမျိုးကိုမှ
အမေ့ကို မမြင်စေချင်တော့ဘူး ဖြူ
ခရီးဆုံးကို အမေ ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ဖို့
ဘ၀ကို ဘယ်လိုပဲနာကြည်းပေမဲ့
ငါ့နှလုံးသား အစိမ်းသေ သေဆုံးသွားရင်တောင်
အမေ့ကို ပျော်စေမှာပါ ဖြူ
နင် ဆုတောင်းနေပေးပါ။