နားလည်ပေးပါနော်  

April 08, 2008

နားလည်ပေးပါနော်

တစ်စုံတစ်ယောက်ကိုမှ ကျွန်မ ချစ်ခွင့်မရှိပါတဲ့
နေပါစေလေ ကိုယ်ထူထောင်ခဲ့တဲ့ ကိုယ့်ရဲ့အရိပ်ပဲ
အဲဒီအတွက် နှလုံးသားတွေ နာကျင်ရ နာကျင်ရ
ကျွန်မ ခံစားနေမှာပါ
နောက်ဆုံးအချိန်ထိ.....

ပိုက်ဆံထည့်မှ တေးသံမြည်တတ်တဲ့ ကိရိယာလို
လူတွေကို ကျွန်မ မုန်းတီးမိတဲ့အခါ
ကိုယ်ပြန်ကြားရတဲ့ တေးသံရဲ့ ချိုမြိန်မှုကိုသာ
နားလည်နေတတ်ဖို့
အတိုင်းအဆမရှိတဲ့ ၀မ်းနည်းမှုတွေကို
ကြိုးစားအားထုတ်မှုတွေအဖြစ် ပြောင်းလဲပစ်ဖို့
တကယ်ပါ သူဟာ ကျွန်မရဲ့ မီးပြတိုက်ပါပဲ.....

အောင်မြင်မှု ရှုံးနိမ့်မှုဆိုတာထက်
မှန်ကန်တဲ့ ရှင်သန်ခြင်းမျိုးဖြစ်ဖို့
မသိခဲ့တဲ့ဘ၀တစ်ခုရဲ့ ပြုမိအမှားတွေကို
အံကြိတ်မျိုသိပ်ခံရင်း
ကျွန်မ ကြိုးစားစွာရှင်သန်နေပါတယ်
သူလည်း ပျော်နိုင်မယ်မဟုတ်လား.....

သူ မထုဆစ်ပေမဲ့ ဖြစ်စေချင်တဲ့ဘ၀ပုံစံအတွက်
ကိုယ်တိုင်ချုံခုတ် လမ်းလုပ်ခဲ့ရပေမဲ့
ဆူးတွေထိ စူးငြိခဲ့ရပေမဲ့
မျက်ရည်စက်လက်ကြားက ကျွန်မ ပြုံးပြနေမှာပါ
အဓိပ်ပယ်ရှိသောရှင်သန်ခြင်းအတွက်
သူက အသက်သွင်းပေးသူလေ.....

ကျွန်မဦးနှောက်က တားမြစ်ထားတဲ့
ဘယ်တုန်းကမှ မမျှော်လင့်ရဲတဲ့စကားတစ်ခွန်းအတွက်
သူ့ရင်ထဲမှာ အပြီးအပိုင်မြုပ်နှံထားတယ်တဲ့
ကျွန်မ ကောင်းစွာနားလည်နေပါတယ်
ငြိမ်သက်တဲ့အခြေအနေတစ်ခုမှာ
ကျွန်မအနား တိုးတိတ်စွာနေတတ်ပြီး
ပျောက်ကွယ်ချင်လောက်အောင် ၀မ်းနည်းနေချိန်မှာ
သူ့ရင်ထဲ မချိတင်ကဲဖြစ်နေတာတွေအတွက်
ကျွန်မ ဒီ့ထက်ပိုပြီး အတ္တမကြီးသင့်ဘူးလေ.....

ကျွန်မက အဆိပ်ပန်းတစ်ပွင့်နဲ့ တူနေမလားပဲ
အမြင်တင့်တယ်နေဦးတော့
သူတစ်ပါးခူးဆွတ်စေချင်ဦးတော့
အဆိပ်ပန်းလို့သိလိုက်တာနဲ့
သူတို့ရဲ့ထိခိုက်မှုတစ်စုံတစ်ရာအတွက်
ရှောင်လွှဲသွားခံရမယ့် ပန်းလေ
အဲဒီအဆိပ်ပန်းကိုမှ တန်ဖိုးထားချင်သူက
ကိုယ်တိုင် အဆိပ်ခတ် ခံနိုင်ပေမဲ့
သူ့ဝန်းကျင်ကိုတော့ မပျံ့နှံ့စေချင်ဘူးထင်ပါရဲ့
ဒါပေမဲ့ သူ အစွမ်းကုန်စောင့်ရှောက်နေပါတယ်
မျှော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ ပေးဆပ်မှုသက်သက်နဲ့ပေါ့.....

ကျွန်မလည်း ဆုတောင်းနေဆဲပါ
ကျွန်မဘ၀ အဓိပ်ပယ်ရှိစွာရှင်သန်ရင်းနဲ့
ခွဲခွာခဲ့တာ ကြာပြီဖြစ်တဲ့ အဖေနဲ့
မသိနိုင်တဲ့ဘ၀တစ်ခုမှာ အမြန်ဆုံးအတူနေနိုင်ဖို့
ပြီးတော့ အမေနှင့် သူ အေးချမ်းစွာ ကျန်နေရစ်ဖို့.....

AddThis Social Bookmark Button


2 comments: to “ နားလည်ပေးပါနော်

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster