August 29, 2008

ဝိညာဉ်ကူးတဲ့ ည

ပလတ်စတစ်ထိုင်ခုံလေးပေါ်မှ ခန္ဓာကိုယ်ကို ဟိုယိမ်းသည်နွဲ့လုပ်လိုက်၊ ခါးမတ်လိုက်လုပ်လျက် မျက်လုံးအစုံက ကွန်ပျူတာဖန်သားပြင်ပေါ်မှ မခွာသည့် သမီးငယ်ကို ဒေါ်ယုယုနွယ် ခြင်ထောင်ထဲမှ ငေးမောကြည့်နေမိသည်။ သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေ ဆိုးမွေ အားလုံးကို ရကြတာ ဓမ္မတာမဟုတ်ပါလား။ ပေ ၂၀ ပတ်လည် အခန်းကျဉ်းလေးထဲမှာ အမေတစ်ခု သမီးတစ်ခုဘ၀ကို စကြပြီဆိုကတည်းက ဒေါ်ယုယုနွယ် သမီးအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကိုယဉ်ထွန်း ဆုံးပြီးကတည်းက အဖေမဲ့သမီးလေးရဲ့ဘ၀... ဆရာဝန်အမှတ်မမီရင် အင်ဂျင်နီယာပဲတက်ပေါ့ သမီးရယ်လို့ ပြောခဲ့ဖူးပေမဲ့ ရိုးရိုးမေဂျာနဲ့သာ ဘွဲ့တစ်ခုရခဲ့တဲ့ သမီးလေးကို တွေးမိတိုင်း ဒေါ်ယုယုနွယ် ရင်ထဲမကောင်းဖြစ်ရသည်။ သို့သော်ငြား သမီးကတော့ တစ်ခါမျှ မိခင်အပေါ် အပြစ်မတင်ခဲ့ဖူးပါ။ ထို့ကြောင့်လည်း သမီးအတွက် တတ်နိုင်သမျှထက်ပို၍ ဖြည့်ဆည်းပေးချင်ခဲ့မိသည်။
တစ်နေ့လုံး အလုပ်လုပ်ရင်းနဲ့ မေမေ့ကို အရမ်းသတိရနေတာ။ အိမ်မှာ မေမေတစ်ယောက်တည်း အရမ်းပျင်းနေမှာဆိုပြီး အပြေးလာချင်ခဲ့တာ... ပြောရင်း ဝေ့တက်လာတဲ့ မျက်ရည်ဖုံး မျက်လုံးအိမ်ကြီးတွေနဲ့အတူ မုန့်ဘူးလေးကို လှမ်းပေးတော့ သမီးလေးကိုကြည့်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရဖူးသည်။ အသက် ၅၀ ကျော်လာပြီဖြစ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်မှာ အားငယ်မှုတွေ ပြည့်နေတတ်ခဲ့ပြီလားမသိ။ သမီး ခုလုပ်နေတဲ့အလုပ်က မပင်ပန်းပေမဲ့ ၀ါသနာပါလှတယ်လည်း မဟုတ်ဘူး မေမေရဲ့။ ပြီးတော့ မေမေ့ကိုလည်း ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းနိုင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သမီး စင်ကာပူမှာ အလုပ်သွးလုပ်မယ်လေ။ လောလောဆယ် ကွန်ပျူတာတစ်လုံးတော့ လိုတယ် မေမေရဲ့။ သမီး ဆွဲကြိုးနဲ့ လက်စွပ် ရောင်းလိုက်မယ်နော်။ အဲဒါတွေ မ၀တ်ရလို့ သမီး ဘာမှမဖြစ်ပါဘူး။ ပိုက်ဆံအများကြီးရှာနိုင်တဲ့အခါကျတော့ တစ်မျိုးပေါ့။
ရည်မှန်းချက်တွေပြည့်နေတဲ့ သမီးလေးကို ဒေါ်ယုယုနွယ် ပိတ်ပင်စကား မပြောချင်ပါ။ မိခင်တစ်ယောက် ပီသစွာ အရန်သင့် လမ်းခင်းမပေးနိုင်ပေမဲ့ လမ်းထွင်နေတဲ့သမီးလေးကိုတော့ စိုးစဉ်းမျှ အနှောင့်အယှက် မဖြစ်စေလိုပါ။ သမီးလေးပြောခဲ့သလို ကိုယ်တိုင်ကားမောင်းနိုင်တဲ့အချိန်အထိ အသက်ရှင်မနေရင်တောင် သမီးလေးအတွက် စိတ်အေးခဲ့ရရင်ပဲ ကျေနပ်နိုင်ပြီမဟုတ်လား။
သမီး စာလုပ်နေတာလား၊ အလုပ်က ယူလာတဲ့ အလုပ်တွေကို လုပ်နေတာလား
အိပ်မပျော်နိုင်တဲ့ ရီဝေေ၀မျက်လုံးတွေနဲ့အတူ ခြင်ထောင်ထဲမှ ဒေါ်ယုယုနွယ် လှမ်းမေးလိုက်သည်။
အလုပ် မေမေရဲ့၊ ကာဗာတစ်ခုကို ‘ဒီဇိုင်းလုပ်နေတာ။ မျက်စိနောက်စရာ လှုပ်ခတ်နေတာမျိုး မဟုတ်ရဘူး၊ ပုံသေပန်းချီလိုလည်း မဖြစ်ချင်ဘူးဆိုလို့ လုပ်ချင်ရာ လျှောက်လုပ်ပစ်လိုက်ပြီ။ ဘာပဲဖြစ်ဖြစ် သုံးသောင်းတော့ ရမှာပေါ့၊ ဟဲဟဲ။
သမီးလေးက ပေါ့ရွှတ်ရွှတ် ရယ်ရယ်မောမောပြောနေပေမဲ့ အလုပ်တစ်ခုလုပ်တိုင်း စိတ်တိုင်းမကျမချင်း လုပ်တတ်တဲ့ သမီးလေးရဲ့အကျင့်ကို သိပြီးသားမို့ သိပ်လည်း ညဥ့်မနက်စေနဲ့ဦး သမီး၊ မနက်ကျလည်း အလုပ် ဆင်းရဦးမှာမဟုတ်လား ဟု ပြောရင်း ကိုယ်ကို တစ်ဖက်သို့ စောင်းလှည့်လိုက်သည်။ ခုတလော ရာသီဥတု မမှန်ခြင်းကြောင့်လားမသိ၊ ခန္ဓာကြီးက ဖောက်ပြန်ချင်နေ၏၊ ဟိုက နာ၊ သည်က ကျင်နှင့်။
*
လူတွေရဲ့ ဆန္ဒနဲ့ အိပ်မက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး သမီး၊ အနည်း အများ အနိမ့် အမြင့် ထုပမာဏတွေ ကွာသွားပေမဲ့ ကိုယ်လိုချင်တဲ့အိပ်မက်ကို ရယူနိုင်ခဲ့ရင် စိတ်ချမ်းသာကြရတာပဲ။ သမီးလည်း သမီး အတိုင်းအတာနဲ့ သမီးဖြစ်ချင်တာတွေ ပြည့်စုံပြီဆိုတဲ့တစ်နေ့ မေမေ့ဆီ အမြန်ပြန်လာခဲ့နော်
ဘုရားရှိခိုးပြီးတိုင်း မေမေ့ရဲ့လက်ရေးလေးတွေ စီထားတဲ့ သည်စာလေးပေါ်ကို နွေ အကြည့်ရောက်တတ်မြဲ။
လူတွေဟာ ဘ၀အတွက် ပြည့်စုံမှုတွေ တောင့်တကြတယ်၊ တောင်းဆိုကြတယ်။ ကိုယ်လိုချင်တာတွေရပြီး ပြည့်စုံမှုတွေရှိသွားရင် ပျော်ရွှင်သွားကြလိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့ လူအများစုဟာ ကိုယ် ဘာဖြစ်ချင်တာလဲ၊ ဘာကို လိုချင်တာလဲဆိုတဲ့ ကိုယ့်ရဲ့ ခံစားမှုအစစ်အမှန်ကို နားလည်အောင် မကြိုးစားကြဘဲ လမ်းလွဲလိုက်ရင်း သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿ ကုန်ဆုံးသွားခဲ့တယ်။ နားလည်ပါ သမီး၊ ကြိုးစားတဲ့သူတိုင်းအတွက် နေရာတစ်နေရာ အမြဲရှိနေမှာပါ။ နေတတ်အောင် နေဖို့ လိုသလို နေချင်တဲ့နေရာ ဖြစ်ဖို့လည်း လိုတယ်လေ။
နှစ်နှစ်ကျော်က ပြောခဲ့တဲ့ မေမေ့ရဲ့စကားတွေက နွေ့နားထဲမှာ လတ်လတ်ဆတ်ဆတ်ကြားနေရဆဲ။ မျက်လုံးအစုံမှာ မျက်ရည်တွေ ၀ိုင်းလာခဲ့သည်။ လမ်းစပျောက်နေသော အိပ်တန်းပျံငှက်တစ်ကောင်၏ ကြေကွဲမှုကို မည်သူမျှသိကြလိမ့်မည်မဟုတ်ပါ။
ထိုတစ်ညကိုတော့ နွေ ကောင်းကောင်းမှတ်မိနေဆဲ။ လုပ်လက်စအလုပ်တွေကို မျက်စိမှိတ် ရပ်နားပစ်လိုက်ရင်း ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကို မေမေ့ဘေးနားဝင်လှဲလိုက်တော့ သမီး အိပ်ပြီလား ဟု တစ်ချက်ညည်းရင်း မေမေ ပြန်လည် အိပ်ပျော်သွားခဲ့သည်။ အမှောင်ရိပ်ကျနေ၍ သဲသဲကွဲကွဲမမြင်ရသော်လည်း မေမေ့ရဲ့မျက်ခွံတွေ အရင်လိုပြည့်ဖောင်းမနေတော့တာ နွေ သတိထားမိလိုက်သည်။ လျော့ရဲရဲပါးပြင်ပေါ်မှာ စေတနာ မေတ္တာငွေ့များ ယှက်ဝန်းလွှမ်းဖွဲ့နေသော လှိုက်လဲသိမ်မွေ့နူးညံ့သည့် အပြုံးတွေကြောင့် မေမေ့ရဲ့ဇရာကို နွေ မေ့လျော့ခဲ့မိသည်လား။
မျှော်လင့်ချက်တွေ၊ အလိုဆန္ဒတွေဆိုတာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့် ဦးနှောက်ထဲက ဖြစ်ပေါ်လာရတာ။ အများစုက ကိုယ့်ရဲ့ရင်ထဲက အစစ်အမှန် လိုလားတောင့်တမှုကိုတော့ ကြည့်မြင်ဖို့ မေ့လျော့နေတတ်ကြတယ်။ အဲဒီတော့ ကိုယ့်လိုချင်တာတွေကိုရဖို့အတွက် သူတို့ရဲ့လွတ်လပ်ပျော်ရွှင်မှုတွေကို စတေးပစ်ကြရတယ်။ လိုချင်တာတွေ ရတော့ကော စိတ်ချမ်းသာမှုရှိရဲ့လား။ ပိုင်ဆိုင်မှုတွေ များလာရင် ဆုံးရှုံးရမှာကို ကြောက်ရွံ့လာတယ်။ ပူပင်သောကတွေ ကြီးမားလာတယ်။
မေမေ ပြောမထွက်ခဲ့တဲ့စကားတွေကို တစ်စတစ်စ နွေ သိမြင်လာခဲ့သည်။ ခဏလေးပဲ သည်းခံပါ မေမေ။ နွေ ကြိုးစားပိုက်ဆံရှာပြီး မေမေ့ကို ချမ်းချမ်းသာသာထားမှာပါလို့ ဦးနှောက်တစ်နေရာက လှုံ့ဆော်နေပေမဲ့ နှလုံးသာမှာတော့ တဆစ်ဆစ်နာနေခဲ့သည်။
ခလုတ်တွေကိုနှိပ်နေတဲ့ နွေ့လက်တွေ သိသိသာသာ တုန်ယင်နေသည်။ ဖုန်းလာကိုင်ပါ မေမေ၊ ဖုန်းလာကိုင်ပါ။ ရင်ထဲမှာ ဘယ်နှကြိမ် ဘယ်နှခါ ဆုတောင်းနေမိသည် မသိ။ သမီးလေး ဆိုတဲ့ မေမေ့ရဲ့အသံ ကြားလိုက်ရတော့ နွေ့တစ်ကိုယ်လုံး ပျော့ခွေသွားချင်ခဲ့သည်။ နေမကောင်းလို့လားလို့ တအားစိတ်ပူသွားတယ် သမီးရယ်။ နေကောင်းတယ်မဟုတ်လား။ တစ်ပတ် တစ်ခါပဲ ဆက်ပါ သမီးရယ်၊ သမီး ပိုက်ဆံကုန်ပါတယ်....
မေမေဆက်ပြောတဲ့စကားတွေကို နွေမကြားတော့ပါ။ နွေမျက်ရည်ကျတာကိုသာ သိရင် မေမေပါ ရှိုက်ကြီးတငင် ငိုနေမယ်မှန်း နွေသိသည်။ မေမေ့ကို ချစ်တယ်နော်။ သမီးကို အရမ်းလွမ်းနေလား။ မေမေတစ်ယောက်တည်း အရမ်းပျင်းနေမှာပဲ။ သမီးပြန်လာရင် လာကြိုနော်၊ ဒါပဲနော် မေမေ။
ပလုံးပထွေးစကားတွေကို ဆိုရင်း လည်ချောင်းမှာ ဆို့နေသည်။ သမီးအတွက် ရှိနေပေးပါ မေမေရယ်။
..... ..... .....
မျက်လုံးအစုံကို ဖြည်းလေးစွာဖွင့်လိုက်ရင်း မျက်နှာကြက်ဆီသို့ အဓိပ္ပာယ်မဲ့စွာ ငေးကြောင်ကြည့်နေမိသည်။ ကြေကွဲဝမ်းနည်းစိတ်သည် ရင်ထဲသို့ ချက်ချင်းရောက်လာသည်။ နွေ ငိုချင်သွားသည်။ တစ်ယောက်ယောက်နှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားပြောချင်သည်။ ပူပန်ကြောင့်ကြမဲ့ ဟစ်အော်ရယ်မောလိုသည်။ တကယ်တော့ စကားပြောဖော်ရဖို့က ဘာမျှမခဲယဉ်း။ ကမ္ဘာရွာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ ခိုနားရင်း မိတ်ဆွေရှာဖွေသူများနှင့် စကားပြောနိုင်သည်။ ငြီးငွေ့နေသည့် စိတ်အာရုံတွေကို လျှော့ချနိုင်သည်။ သို့သော် သည်လိုခံစားမှုမျိုးကို နွေ မလိုချင်။ မေမေ့ပေါင်ပေါ် ခေါင်းအုံး၍ မေမေ ချော့သိပ်သည့် အိပ်ရာဝင်ပုံပြင်၊ တေးသီချင်းတို့ကို နားဆင်ခွင့်မရရင်တောင် အနည်းဆုံးတော့ မေမေ့ကိုယ်ငွေ့လေးနဲ့ ထိစပ်ချင်နေမိသည်။
လှဲနေရာမှ ထလိုက်ရင်း ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။ နေ့တစ်နေ့ ကုန်ဆုံးတော့မည့်အချိန်၊ အလင်းရောင်သည် မှုန်ပျပျ။ ကောင်းကင်တွင် အမှောင်သည် တိုးဝင်ဖြန့်ကျက် နေရာယူနေလေပြီ။ သည်လိုအချိန် ရောက်တိုင်း လူတွေအားလုံး အိပ်တန်းပျံငှက်တွေလို ကိုယ့်နေရာလေးဆီသို့ ပြန်ကြရော့မည်။ ဟိုမှသည်မှ သွားလာနေသူများ... နွမ်းဖတ်နေသော သူတို့မျက်နှာများပေါ်တွင် အိမ်ပြန်ချိန် ဟူသည့် မျှော်လင့်ချက်များနှင့် ပြည့်စုံ၍ ပြုံးရွှင်ကြည်နူးကောင်း ကြည်နူးနေမည်။ နေလုံးပျောက်ကွယ်သွားသည်နှင့် အမှောင်ရိပ်က ဖုံးလွှမ်းလာသည်။ အမှောင်သည် တိတ်ဆိတ်ချောက်ချားဖွယ်ရာ။
ခပ်သွက်သွက်မောင်းနှင်နေသော မော်တော်ကားလေးပေါ်မှ နွေလေပူ တံလျှပ်များထံသို့ ခံစားမှုအာရုံ ကင်းမဲ့သူလို နွေ ငေးကြောင်ကြည့်နေမိသည်။ အမည်ဖော်မရသည့် ကြောင့်ကြစိုးရိမ်မှု... မည်သည့်အရာမျှ ခံနိုင်စွမ်း ရှိတော့မည်မထင်ပါ။ သည်မြေ၊ သည်နေရာ၊ သည်အခန်းလေး... နွေ့ရင်အုံသည် တဒုန်းဒုန်းခုန်နေသည်။ အခန်းလေးအတွင်းသို့ နွေ ခြေလှမ်းလိုက်သည်။ နှစ်ယောက်အိပ်ခုတင်အိုတစ်လုံး၊့ စာကြည့်စားပွဲတစ်ခုနှင့် ပန်းကန်စင်။ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော်လည်း မပြောင်းလဲသည့် မြင်ကွင်းဖြစ်သည်။ ကြည့်ရင်းကြည့်ရင်း နွေ့မျက်လုံးတွေေ၀၀ါးလာသည်။ ရင်ထဲမှာ မီးညွန့်မီးစတွေ ထိုးဆွနေသည့်အလား ပူလောင်စူးရှသွားသည်။ ရှိုက်ကြီးတငင် ငိုချလိုက်ချင်ပါသည်။ လေသည် ခပ်ကြမ်းကြမ်းတိုက်ခတ်ရင်း အခန်းအတွင်းသို့ ဆောင့်တိုး ၀င်လာခဲ့သည်။ အံတင်းတင်းကြိတ်ထားသော်လည်း ပါးပြင်ပေါ်သို့ မျက်ရည်တွေ လိမ့်ဆင်းကျလာခဲ့သည်။
အမြင့်ဆုံးနေရာက လှမ်းကြည့်လိုက်ရင် အရာအားလုံးဟာ သူ့အောက်မှာ ပြားပြားဝပ်ရှိနေကြပြီး တချို့အရာတွေဟာ သူ့အမြင်မှာ သေးကွေးမှုန်ဝါးနေကြလိမ့်မယ်။ ဒါပေမဲ့ အမြင့်ဆုံးမှာရှိနေတဲ့သူနဲ့ အောက်ခြေမှာ ရှိနေတဲ့သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှုမရှိပါဘူး။ အမြင့်ဆုံးနေရာမှာရှိတဲ့သူကိုလည်း အောက်ကနေ မော့ကြည့်လိုက်ရင် သူဟာ ပုံသဏ္ဌာန်အားဖြင့် သေးငယ်ပြီး သဲမှုန်တစ်မှုန်လောက်ပဲ ရှိမှာပါ။ မေမေက ပြောလက်စ စကားကိုရပ်ကာ နွေ့ကိုကြည့်လိုက်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ ထာဝရတည်မြဲနေသည့် နွေးထွေးမှုအပြုံး။ မေမေ့မျက်နှာတွင် အလိုရမ္မက်များကင်းဝေး၍ အမြဲတမ်း သိမ်မွေ့အေးချမ်းနေစမြဲဖြစ်သည်။ မေမေနှင့်အတူ အမှောင်လွှမ်းနေသော မိုးကောင်းကင်ကြီးကို မျှော်ကာ ငေးရီကြည့်နေမိသည်။ မိုးကောင်းကင်ကြီးထဲမှ အလင်းစက်များသည် မြူငွေ့တွေထဲမှာ မှိန်ဖျော့နေကြသည်။
သွားတော့လေ သမီး တိုးတိုးပြောသံ ကြားလိုက်ရသည်။ မေမေ့မျက်နှာပေါ်က အပြုံးရိပ် နွေ့ထံ ကူးစက်သွားသည်လား၊ နွေ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ကြည်လင်သော အပြုံး၊ ကြည်နူးချမ်းမြေ့သော အပြုံး။ နွေ ခုတင်လေးပေါ် လှဲချလိုက်သည်။ မေမေ့လက်မောင်းအိုလေးက ခါတိုင်းထက် ကျစ်လျစ်နေသယောင်။ ကြောင့်ကြပူပန်မှု၊ စိုးရိမ်ထိတ်လန့်မှု၊ အထီးကျန်ဘ၀ဖြင့် အလိုမကျမှုများ၊ လောဘ၊ ဒေါသနှင့် မာနမီးလျှံများ အားလုံးကင်းငြိမ်းလို့ နွေ ခဏလေးပဲ မှေးစက်ပါရစေ မေမေ။



(တန်ဖိုးထားသူကို လေးစားခြင်းအပြင် ရင်ထဲမှာသိမ်းထားတဲ့ အမြတ်တနိုးစာများစွာထဲက ၀ိညာဉ်ကူးတဲ့ ည ဆိုတာလေး တစ်ခုကို လိုလားစွာ ဆွဲထုတ်လိုက်တာပါ။ အိပ်မက် မက်သူလို ယောင်ယမ်းနိုးထလာတာလားလို့ ထင်ကောင်း ထင်နိုင်ကြပေမဲ့ အကြောင်းပြချက် တစ်စုံတစ်ရာမရှိပါဘဲ ခရီးတစ်ထောက်နားရဦးမှာမို့ တစ်ဆင့်စကားနဲ့ စာတွေလိုက်ဖတ်ရတာ ပျော်ဖို့ကောင်းပါတယ်လို့....)



AddThis Social Bookmark Button


2 comments: to “

  • BLACK DREAM
    September 14, 2008 at 12:16 AM  

    ရင်ထဲက ခံစားချက်တွေကို အတိအကျနီးပါး မြင် လိုက်ရတယ် သူငယ်ချင်းရေ...။ အမြဲတမ်း အားပေးနေပါ့မယ်...။

  • pandora
    November 9, 2008 at 12:15 AM  

    ခံသားချက်တွေ လှလှပပ သီကုံးထားတဲ့ စာလေးပါ
    ဖြူစင်သန့်ရှင်းတဲ့ ၀ိညာဉ်နဲ့ ပျော်ရွှင်နိုင်ပါစေ

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster