မပြီးဆုံးခြင်း  

August 08, 2007

မပြီးဆုံးခြင်း

ငါ့အကြောင်းကို ဖွင့်ပြောရရင်
အားလုံး မောကုန်မှာပေါ့
ဒီတော့ နားနားပြီး ပြောမယ်
နားနားပြီးလည်း ဖတ်ပေါ့။

အခုတလော ရူးသွပ်မှုတွေက
မိုးထိမြင့်နေတယ်
သန်းခေါင်ယံည အတွေးတွေဆိုတော့
အရုဏ်ပေါ်တော့ ပျောက်ကွယ်သွားတာ
မဆန်းပါဘူး။

ငါ့အိတ်ကပ်ကို ခဏမေ့သွားတယ်
စကောလားရှစ်အတွက် အွန်လိုင်းကနေ ၀င်ခွင့်ဖြေဖို့...
အန်ဂျီအိုမှာလည်း ဘာရာထူးဆိုလားပဲ
မျှော်လင့်လိုက်သေး။

တစ်ညတစ်ည စာအုပ်လက်ကမချဘဲ
စိတ်ကူးက ဟားဗတ်တက္ကသိုလ်မှာ
Edgar Allan Poe အကြောင်း ဖတ်နေတာ
ရက်ပေါင်း ၄၀ ကြာပြီ။

Would you mind နဲ့ Don't you mind တောင်
ကွဲပြားအောင်မသိလို့ အခုမှ
အခြေခံသဒ္ဒါ ပြန်လေ့လာနေရတုန်း။

သူငယ်ချင်းကတော့ အားပေးတယ်
မင်း နီးတော့ နီးလာပါပြီတဲ့
သူရည်ရွယ်တာ မမေးတော့ဘူး
လိုရာဆွဲတွေးတာပဲ ကောင်းတယ်။

မောသွားပြီဆို မိတ်ဆွေ
ရေသောက်နိုင်တယ်နော်
သောက်မယ့်ပမာဏတော့
ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပေါ့။

ငါလည်း မောပြီ
ဒီတော့
ဒီနေရာမှာ တစ်ခန်းရပ်လို့
ကိုစိုင်းဝင်းမြင့်စကား ခဏငှားလိုက်ရရင်
မြန်လို့လည်း မရ
ပြေးလို့လည်း မရတဲ့ ကမ္ဘာ
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ်
စကားများများကိုလည်း
မနက်ဖြန်မှပြောမယ်။ ။

AddThis Social Bookmark Button


2 comments: to “ မပြီးဆုံးခြင်း

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster