သဘာဝရဲ့ ရင်သွေးငယ်များ
May 20, 2008
သဘာဝရဲ့ ရင်သွေးငယ်များ
ညထဲမှာ ကယောင်ချောက်ချားနဲ့ မေဇွန် နိုးလာခဲ့တယ်။ အမှောင်က ညဥ့်နက်နက်ကို သရုပ်ပြနေသလိုပဲ။ ညယောင်ဆောင်ထားတဲ့ မနက်၊ သို့မဟုတ် မနက်ယောင်ဆောင်ထားတဲ့ ည ဖြစ်မှာပေါ့။ နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကို တစ်ချက်လူးလွန့်လိုက်တော့ ကျောက်တုံးလို့ထင်ရတဲ့ အရာတစ်ခု မေဇွန့်ကိုယ်ကို လာရောက်ထိခတ်တယ်။ လက်ထဲမှာ မတော်တဆ ဖမ်းဆုပ်မိလိုက်တာက ကြမ်းရှရှသဲတွေ။ မေဇွန် ဘယ်ကိုရောက်နေတာလဲ။
ပိန်းပိတ်နေတဲ့အမှောင်ထဲကြားမှာ ချောက်ချားစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းလိုက်တော့ မေဇွန့်တစ်ကိုယ်လုံး စိုရွှဲလို့ပါလား။ အထိအတွေ့ အေးစက်စက်ကြောင့် ခုမှ ချမ်းရမှန်းသိလာတယ်။ ဦးနှောက်ရဲ့ မြန်ဆန်လှတဲ့ လှုံ့ဆော်မှုက မဝေးလှတဲ့ အချိန်တစ်ခုကို အမှတ်ရစေလိုက်တယ်။ အမေ..... တုန်ယင်လှိုက်လှဲစွာနဲ့ အာခေါင်ကို ခြစ်ပြီး မေဇွန် အသံကုန်အော်လိုက်တယ်။ မနေ့က ညနေခင်းရဲ့ ကြောက်မယ်ဖွယ်ပုံရိပ်တွေ မေဇွန့်အာရုံမှာ ပေါ်လာတယ်။ အမေ ဘယ်ရောက်နေလဲ၊ ပြီးတော့ မကြီးတို့ရော.....။ အမေ... အမေ သမီးဘေးမှာ ရှိနေလား။ သမီးကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ အမေရယ်... သမီးကြောက်တယ်။ သမီး ခု ဘယ်ရောက်နေတာလဲ။ အမေ ဘယ်မှာလဲ။ တပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေနဲ့အပြိုင် မေဇွန် စကားတွေ တတွတ်တွတ်ပြောနေမိတယ်။ အမှောင်က မေဇွန့်ကို ပြက်ရယ်ပြုနေသလားပဲ။ လှိုက်တက်လာတဲ့ ၀မ်းနည်းမှုကို ရင်တွင်းမှာသာ ထားပြီး ဖင်တရွတ်ဆွဲရက် ရွှေ့သွားလိုက်တယ်။ ခုချိန်မှာ မေဇွန့်အတွက် အမေနဲ့တွေ့ရဖို့ကလွဲပြီး တခြား ဘာကိုမှ မမျှော်လင့် မတောင့်တပါဘူး။
၅ မိနစ်လောက် သွားပြီးတဲ့အချိန်မှာ မေဇွန့်ခန္ဓာကိုယ်ကြီးက မလှုပ်ရှားချင်လောက်အောင် နာကျင်နေခဲ့ပြီ။ ရုတ်တရက် ခံစားလိုက်ရတဲ့ အသိစိတ်ကြောင့် ဘေးကို လက်စမ်းကြည့်လိုက်တယ်။ လူတစ်ယောက်၊ သေချာတယ် ဒါလူတစ်ယောက်။ ဘယ်သူလဲ၊ အမေလား...။ အမေ... အမေ... အလျင်လိုစိတ်နဲ့အတူ အမေ့နာမည်ကို တွင်တွင်အော်ပြီး တစ်နေရာပြီး တစ်နေရာ စမ်းကြည့်လိုက်တယ်။ အေးစက်စက် လက်တစ်စုံ။ အပေါ်ကို တိုးပြီး စမ်းလိုက်တယ်။ အမေ မဟုတ်ပါစေနဲ့၊ အမေ မသေရဘူးဆိုတဲ့ စကားတွေက ရင်ထဲမှာ အထပ်ထပ် ပဲ့တင်လျက်။
ရွှဲရွှဲနစ်နေတဲ့ ခါးထိရောက် ဆံပင်တွေက အမေ့ရဲ့ ဆန့်ကျင်ရာပါပဲလား။ အမေ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူ... သူလည်း လူတစ်ယောက်ပဲ။ လှုပ်ရှားနေတဲ့ လက်အစုံက ဦးနှောက်သိနဲ့ တခြားလက်တစ်ဖက်ကို စမ်းလိုက်တယ်။ သေဆုံးနေတဲ့ မိန်းမရဲ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့၊ ဖြေထုတ်လို့မရတဲ့ တခြားလက်တစ်စုံ။ ဒါ... ဒါ ဘယ်သူလဲ။ မြန်ဆန်သွားတဲ့ရင်ခုန်သံတွေနဲ့အတူ ကိုယ်ကိုရွှေ့လိုက်ပြီး တခြားလက်တစ်စုံပိုင်ရှင်ကို သိဖို့ ရှာဖွေလိုက်တယ်။ အမေရေ... ကလေးလေး..... ကလေးလေး ပါလား။ အမေ... မေဇွန် အရူးတစ်ပိုင်းလို ထပ်မံအော်ဟစ်လိုက်ပြန်တယ်။ ကြောက်တယ် အမေရယ်... သမီးကြောက်တယ်။ သာယာခဲ့တဲ့ မေဇွန်တို့ရွာလေး ခု ဘယ်လိုဖြစ်နေပြီလဲ။ ပြီးတော့ အမေရော.....။
နေ့ခင်းပိုင်းအချိန်ကြီးဖြစ်ပြီး နီမြန်းလာတဲ့ ကောင်းကင်ကိုကြည့်ရင်း ပဲတိုက်နေတဲ့ အစ်မတွေကို သိမ်းဖို့ဆည်းဖို့ အမေ ပြောနေတယ်။ အဲဒီအချိန်မှာ မေဇွန်က အမေနဲ့အတူ အ၀တ်လျှော်လို့ပေါ့။ ရုတ်တရက် ရွာချလိုက်တဲ့ မိုးစက်မိုးပေါက်တွေရဲ့နောက်မှာ လူသားတွေကိုဝါးမျိုမယ့် မုန်တိုင်းဆိုတဲ့ အရိပ် အငွေ့အသက်တွေကို မေဇွန်တို့ ဘယ်သူမှ မသိခဲ့ကြဘူး။ မိုးရွာရင် ဒီည အိပ်ကောင်းဦးမယ် အမေ လို့တောင် မေဇွန် ပြောနေခဲ့သေးတာ။ တစ်စထက်တစ်စ ပြင်းထန်လာတဲ့ လေပြင်းမုန်တိုင်းတွေက တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မေဇွန့်ကို အရမ်းချောက်ချားနေစေခဲ့တယ်။
အိမ်ကလေးပေါ်မှာ အမေရယ်၊ မေဇွန်တို့ မောင်နှမ ငါးယောက်ရယ် တစ်ယောက်ကို တစ်ယောက်ဖက်ပြီး စောင်တွေအထပ်ထပ်ခြုံလို့ ဘုရားစာတွေ တစ်သီကြီးရွတ်နေခဲ့ကြတာ။ ၀ုန်း ဆိုတဲ့ အသံနဲ့အတူ မေဇွန်တို့အိမ်ကလေး သိမ့်သိမ့်တုန်ခါသွားပြန်တယ်။
အမေ... သမီးတို့ အပြင်ထွက်ကိုထွက်ပြီး မိုးလေလုံမယ့် တစ်နေရာရာကို ပြေးမှ ဖြစ်မယ်နဲ့တူတယ်။ လေက တော်တော်နဲ့ ပြီးဦးမယ်မထင်ဘူး။ ရေတွေကလည်း တော်တော်တက်နေပြီ အမေ
အစ်မကြီးက စိုးရိမ်တကြီး အမေ့ကို စကားပြောရင်းက တစ်ချက် ၀င်ဆောင့်လိုက်တဲ့ လှိုင်းရဲ့ ရိုက်ချကြောင့် ကြမ်းပြင်ပေါ် လွင့်ကျသွားတယ်။ မကြီး.... ကျွန်မတို့မောင်နှမတစ်တွေရဲ့ ၀ိုင်းအော်သံနဲ့အတူ သမီးကြီး ဆိုတဲ့ အမေ့ရဲ့ ၀မ်းခေါင်းသံကြီးက ချောက်ချားစွာ ထွက်ပေါ်လာတယ်။
အိမ်ရှေ့လမ်းမပေါ်မှာ ကျောက်သားတွေလို ကြမ်းရှတဲ့ မိုးပေါက်တွေကြား၊ လူသားတွေကို ၀ါးမျိုမယ့် လှိုင်းလုံးတွေရဲ့ကြား ကလေးတွေ၊ မိန်းမတွေ၊ သားနဲ့ သမီးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး အသက်လုပြေးလွှားနေတဲ့ ယောက်ျားတွေ၊ အမေ အိမ်မှာကျန်ခဲ့တယ်။ အမေ သေရင် ငါလည်း သေမယ်။ ငါ့ကို ထားခဲ့ပါ ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့အသံနဲ့အတူ သမီးရေ... သားရေ... ဆိုတဲ့ ငိြုွေကးသံတွေ။ တကယ့်ကို ကမ္ဘာပျက်နေတာပါပဲ။ ရုတ်တရက် ဟီး... ဟီး... ဆို ငိုချလိုက်တဲ့ အစ်မလတ်ရဲ့ အသံနဲ့အတူ မေဇွန်တို့အိမ်ကလေး လွင့်ထွက်သွားတယ်။ ဒါ မုန်တိုင်း တဲ့။ လူတစ်ရပ် အမြင့်ထက် ကျော်အောင် တက်လာတဲ့ လှိုင်းလုံးကြီးတွေက ကမ်းစပ်က သဲတွေကို ဆွဲယူသလို လူတွေကို ခေါ်ဆောင်သွားပြန်တယ်။ အမေရယ် မေဇွန်တို့ မောင်နှမ ငါးယောက်ရယ် လွင့်စဉ်သွားတဲ့နေရာကနေ အော်ဟစ်တကြီးနဲ့ ပြန်စုစည်းကြပြန်တယ်။ အမေ့လက်ကို တင်းတင်းဆုပ်ထား၊ သမီးကြီးက ညီမလေးတွေကို တင်းတင်းကိုင်ထား၊ အားလုံး တစုတစည်းတည်း သွားကြမယ်။ အံကိုကြိတ်ပြီး အမေပြောတော့ မိုးရေတွေနဲ့ ရောနေတဲ့ မျက်ရည်တွေကြားက ညီအစ်မတွေအကုန်လုံး ခေါင်းညိတ်လိုက်ကြတယ်။
ကြမ်းတမ်းခက်ထန်လှတဲ့ လေပြင်းက ခန္ဓာကိုယ်က အ၀တ်ကိုတောင် ချမ်းသာမပေးချင်ဘူး။ ရှေ့မှာ လဲကျလိုက် ပြန်ထပြေးလိုက်နဲ့ မိန်းကလေးတစ်ယောက်နဲ့ ကလေးလေးတစ်ယောက် ကျွန်မတို့ဘက်ကို ပြေးလာနေတယ်။ ဒီဘက်ကို မလာနဲ့။ ရေတွေ တအားတက်နေပြီ။ ဟိုဘက်ကို ပြန်ပြေး၊ ပြန်ပြေး အမေက ကုန်းအော်တယ်။
ဘွားဘွားရေ၊ ဘွားဘွား၊ ဟီး... ဟီး... ဆိုတဲ့ အသံကို ကြားတော့ မေဇွန်တို့ အကုန် အံ့သြမင်သက်သွားတယ်။ ဒါ မေဇွန့်တူလေးရဲ့ အသံ။ သားလေး သားလေး လာ လာ၊ သား ကြောက်နေပြီလား။ ဘွားဘွားဆီလာ မျက်ရည်တွေမထိန်းနိုင်တော့ဘဲ ငိုရင်းက အမေ အော်ပြောပြန်တယ်။
သမီးတို့ဆီမှာ အိမ်တွေ တစ်အိမ်မှ မရှိတော့ဘူးအမေ။ ပြီးတော့ အစ်ကို... အစ်ကိုလည်း...
ဟီး... ဟီး...အစ်မက ပြောရင်းနဲ့ ငိုပြန်တယ်။
လာ... လာ... ဝေးနိုင်သလောက် ဝေးဝေးရောက်အောင် ပြေးရမှာပဲ။ ဘုရားကိုသာ အာရုံပြုထား၊ ကလေးကို အလယ်မှာ ထားလိုက်။ လက်ကို မြဲမြဲချိတ်ထား အကုန်လုံး....
အမေ့ရင်ထဲ ဗလောင်ဆူအောင် ဖြစ်နေမှာသေချာပေမဲ့ သားသမီးတွေ၊ မြေးတွေရဲ့ကြားမှာ အမေက သူရဲကောင်းတစ်ယောက်လို အံတင်တင်းကြိတ်ရင်း ပြောတယ်။ အဲဒီလိုနဲ့ မေဇွန်တို့ တစ်သီတစ်တန်းကြီး ပြေးလိုက်၊ လဲကျလိုက်။ မိုးဒဏ် လေဒဏ်အောက်မှာ မေဇွန်တို့လို ဘ၀တူ ရွာသူရွာသားတွေရဲ့ ချောက်ချားဖွယ်ရာအသံတွေနဲ့အတူ ပြေးလွှားနေတဲ့ လူမမည်ကလေးလေးတွေ။
အမေ.... ကျွန်မတို့ အကုန် ၀ိုင်းအော်လိုက်ကြတယ်။ သွားပြီ၊ မေဇွန်တို့ရဲ့ ဘ၀တွေ။ အမေ၊ မေဇွန်တို့မောင်နှ ငါးယောက်၊ ပြီးတော့ အစ်မနဲ့ တူလေး။ အရှိန်နဲ့ ဆောင့်ချပြီး ပြန်လည် ဆွဲယူသွားတဲ့ သေမင်းရဲ့ လက်တွေကို မေဇွန်တို့အားလုံး မတွန်းလှန်နိုင်ခဲ့ကြဘူး။
အမေ... အမေ... သမီးကို လာကြည့်လှည့်ပါဦး အမေရယ်။ သမီးကို ဒီလိုမျိုးတော့ တစ်ယောက်တည်း မထားခဲ့ပါနဲ့... ဟီး ဟီး။ မကြီး... မကြီးရေ... ဟီး ဟီး..... ချောက်ချားဖွယ်ညကို မေဇွန့်ရဲ့ ငိုသံက ဖုံးလွှမ်းသွားပြန်တယ်။ ဖင်တရွက်ဆွဲရက် သွားနေရင်းက ထိတိုက်မိတဲ့ အလောင်းကောင်တွေ။ အား... ဟား... ယောက်ျားလား၊ မိန်းမလား၊ ကလေးလား၊ ဘယ်လိုအရွယ်တွေလဲ၊ ဘယ်သူတွေလဲ ဆိုတာ စမ်းသပ်ရင်းနဲ့ မေဇွန် အရူးတစ်ပိုင်းလို အော်ဟစ်လိုက်တယ်။ မနက် မြန်မြန်ရောက်ပါတော့ လို့ ထပ်မံအော်လိုက်ပြန်တယ်။ ဒါမှ ဒီ လူသေပင်လယ်ကြီးထဲက မေဇွန် လွတ်မြောက်နိုင်မှာလေ။ ပြီးတော့ အမေ့ကို ရှာရမယ်။ မကြီးတို့ရော၊ တူလေး... တူလေးကိုရော။
မေဇွန့်ဆုတောင်း မပြည့်ခဲ့ပါဘူး။ နေမင်း ပေါ်လာပြီး အရုဏ်ဦး ရောက်လာပြီဖြစ်ပေမဲ့ မေဇွန့်အတွက်တော့ တစ်လောကလုံး အမှောင်တိပါပဲ။ မေဇွန့်တစ်ဘ၀လုံး၊ ပြီးတော့ မေဇွန်တို့ တစ်ရွာလုံးအတွက်တော့ ပြန်မပွင့်တော့မယ့် ပန်းတွေလိုြွေကသွားခဲ့ပါပြီ။
မိဘမဲ့ တဲ့။ မေဇွန်က ခုတော့ မိဘမဲ့ ဖြစ်ရပြီပေါ့။ မေဇွန် လက်မခံနိုင်ပါဘူး။ အမေ ရှိနေသေးတယ်။ အမေ သေရင် အလောင်းတော့ ရှိရမှာပေါ့။ ခုတော့ ဘာမှ မပြနိုင်ဘဲနဲ့ မေဇွန့်ကို သနားတဲ့ မျက်လုံးတွေနဲ့ မကြည့်ကြပါနဲ့။ ပြီးတော့ အနိုင်ကျင့်ဖို့ မကြိုးစားကြပါနဲ့။ အမေနဲ့ အစ်မတွေကို တိုင်ပြောမှာနော်။ အိမ်အမိုးတွေကို နင်းပြီး မေဇွန် လျှောက်တယ်။ တစ်ရွာလုံးအနှံ့ပေါ့။ လေမုန်တိုင်းကြီး ပြီးသွားတာကို အမေ မသိလို့ ပုန်းနေတာ နေမှာ။ အစ်မတို့က တူလေးကို ချော့နေရတယ် ထင်ပါရဲ့။
အမေ... အမေ... ထွက်ခဲ့တော့၊ ဘာမှမရှိတော့ဘူး။ အမေ ချမ်းနေပြီလား။ သမီး အဲဒီကို လာခဲ့ချင်တယ် အမေ။ သမီးလည်း အရမ်းလည်း ချမ်းတယ်။ အမေ.....
(If u know some places which are not getting any help yet, email me immediately.Tell me where it is!
Now we are going to work as volunteer and channel for some NGO.)

May 20, 2008 5:19 AM
ဒီပို့စ် ဖတ်ပြီး အတော့်ကို နာကျင် ထိခိုက်မိပါတယ် ညီမရေ။ အဲဒီလို မျိုး မေဇွန် လေးတွေ ဘယ်နှစ်ယောက်များရှိမလဲ မသိဘူး။
သူတို့အားလုံး အတွက် အကောင်းဆုံး မဖြစ်ရင်တောင်မှ အကြောက်တရား ကင်းကင်း နဲ့ လုံခြုံနွေးထွေးတဲ့ အားပေး ကူညီမှုတွေ အမြန်ဆုံး ရပါစေလို့ အလေးအနက် ဆုတောင်းပေးလိုက်ပါတယ်..
May 22, 2008 4:30 AM
ဖတ်ရင်း ဆို့လာတယ်...
သိုးလေး..
ဘာပြောရမှန်းတောင်မသိတော့ဘူး...
ဒါပေမယ့် ကြေကွဲ နေရုံနဲ့  မပြီးသေးဘူး...
အောက်က message လေးတွေ့ တော့ လေးစားတယ် ညီမရယ်..။
May 24, 2008 4:31 AM
Avery Painful Post !
Sad to read !
sh
May 28, 2008 7:42 AM
i did a little research after you told me about your "thing", and if you want a way to make more money using your your blog you can enter this site: link. bye.