မြန်မာဘလော့ဂီ တို့ချစ်သည်  

September 18, 2007

မြန်မာဘလော့ဂီ တို့ချစ်သည်

ကျွန်မ ကိုညီလင်းဆက်ရဲ့ Myanmar Blogger Directory ပို့စ်မှာ ကိုယ့်နာမည်လေးကို တွေ့ပြီး အတွေးဝင်မိလို့ ရေးဖြစ်သွားတာပါ။ ကျွန်မ ဒီဘလော့ခ်လေးကို မတ်လ၊ ၂၀၀၇ မှာ စလုပ်တယ်။ ဘလော့ခ်စလုပ်ချိန်ကနေ ခုချိန်ထိ ကျွန်မရေးခဲ့တာတွေမှာ ပညာရစရာတော့ မပါတာ သေချာတယ်။ ကျွန်မ ပညာဖြန့်ဝေနိုင်တဲ့လူတစ်ယောက် မဟုတ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မ သူများကို မစော်ကားဘူး၊ မပုတ်ခတ်ဘူး။ ကျွန်မစိတ်ခံစားချက်သက်သက် ၀မ်းနည်းမှု၊ ပျော်ရွှင်မှုလေးတွေ ရေး၊ သိချင်တာလေးတွေ မေး၊ ကဗျာလေးတွေ ရေး၊ သူများ ဘလော့ခ်တွေ (ကိုယ်လက်လှမ်းမီသမျှ အကုန်) ဖတ်၊ ပညာပြန်ယူ၊ ကဗျာတွေ အားပေး၊ စာတွေ ရေးနဲ့ ကျွန်မကိုယ်ကျွန်မ ဘလော့ဂါ လို့ နှစ်သက်စွာ ခံယူထားတာ။ ကျွန်မ ဟိုအရင်က blog.co.uk ရော multiply.com မှာပါ blog လုပ်ဖူးတယ်။ uk blog ကတော့ သိတဲ့အတိုင်း လူမျိုးခြားတွေများမှာပေါ့။ အစတုန်းကတော့ blog မှာ အင်္ဂလိပ်လိုရေးသေးတယ်။ နောက်ပိုင်း ဘုရားဟောဂါထာတွေ ဘာတွေ မြန်မာလို တင်လိုက်တော့ ဘလော့ခ်အသိတစ်ယောက်က English လို ရေးရင်ပိုကောင်းတယ်လို့ မေးလ်လာတယ်။ ဒီတော့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို အတင်းကာရော လုပ်နေရသလို ဖြစ်နေတယ်။ ကျွန်မ English ကို ခုထိ လေ့လာနေတာပါပဲ။ ဒါပေမဲ့ အဲလောက်ထိ မရေးနိုင်သေးပါဘူး။ နောက် သိပ်မကြာဘူး ဒီ blogspot.com ကို ချိတ်မိတယ်။ မြန်မာတွေ တော်တော်များတယ်ဆိုတာလည်း သိရတယ်။ အဲဒါနဲ့ စိတ်ဝင်စားလို့ လုပ်ဖြစ် သွားတာ။
ဒီဘလော့ခ်စလုပ်တဲ့ အဲဒီ မတ်လကစပြီး uk blog ကို လုံးဝဆက်မလုပ်တော့ဘူး။ ကျွန်မ မြန်မာ ဘလော့ဂါတစ်ယောက်အဖြစ် နှစ်သက်စွာ ခံယူလိုက်တာ။ ကျွန်မပြောလိုတာက ဒီမှာပါ။ ကျွန်မက မြန်မာ ဘလော့ဂါတစ်ယောက်ဖြစ်သွားပြီဆိုတော့ ဒီ မြန်မာဘလော့အသင်းကြီးတစ်ခုလုံးရဲ့ကိစ္စမှန်သမျှ ကျွန်မနဲ့လည်း သက်ဆိုင်သွားပြီ။ ဒါပေမဲ့ မြန်မာဘလော့အသင်းကြီး တိုးတက်ရေးတို့ စတဲ့ အသင်းအတွက် တခြား စွမ်းဆောင်မှုတွေမှာ ကျွန်မ ပါဝင်နိုင်ပါ့မလား။ ကျွန်မကတော့ မထင်ပါဘူး။ တခြားမတွေးပါနဲ့၊ ကျွန်မ ပို့စ် တင်တာကလွဲပြီး ဘာဆိုဘာမှကို မသိလို့ပါ။ ဒီ့အတွက် ကျွန်မ ဘလော့မလုပ်ရတော့ဘူးလား။ မြန်မာ ဘလော့ဂါတစ်ယောက် မဖြစ်ရတော့ဘူး။ ဒီလိုလည်း ဘယ်ရပါ့မလဲနော်။ ကျွန်မ ကိုရဲထွန်းအောင်ဘလော့ခ်မှာ ဖတ်ခဲ့ရတဲ့ ''မြန်မာဘလော့ဂီ တို့ချစ်သည်'' ဆိုတဲ့ စာသားလေးကို အရမ်းသဘောကျတယ်။ ကျွန်မတို့ရဲ့ မြန်မာ ဘလော့ခ်ကြီးကို ချစ်တယ်။ ပြီးတော့ ကျွန်မဘလော့ကို ကျွန်မ လေးစားတယ်။ နေ့တိုင်းမတင်နိုင်ရင်တောင် အနည်းဆုံး ၁ ပတ် ၁ ခါ၊ ၃ ရက် ၁ ခါလောက် ပို့စ်တစ်ခုတော့ တင်နိုင်အောင် ကြိုးစားမယ်။ ကျွန်မအိမ်မှာ အင်တာနက်မရှိဘူး။ ဒါပေမဲ့ အကြောင်းမဟုတ်ဘူး၊ " စိတ်" သာ အဓိကပဲလေ။ နောက်ဆုံးအဆင့် အကြောင်း အမျိုးမျိုးကြောင့် တစ်လတန်သည် နှစ်လတန်သည် နားရဦး လေးစားစွာနဲ့ အားလုံးကို အသိပေးမှာပဲ။ Blogger.com မှာ ပို့စ်တွေတင်ပြီး ပညာတွေ ဝေငှပေးနေတဲ့ မောင်နှမတွေကို အရမ်းအားကျတယ်။ တစ်နေ့တော့ ကိုယ်လည်း အဲဒီလိုဖြစ်နိုင်ကောင်းပါရဲ့နော်။ ၀ါသနာပါတယ်။ အရမ်းဝါသနာပါလို့ကို ထူသွားတာလား မသိဘူး။ ဒါပေမဲ့ စိတ်ထဲ အရမ်းတော့ feel မထားပါဘူး။ အားလုံးက သူ့လမ်းကြောင်းနဲ့ သူပဲလေ။ နိုင်ငံစုံ၊ နေရာစုံ၊ ဒေသစုံက လူတွေ အလုပ်အကိုင်လည်း မတူကြ၊ ဗီဇ၊ ၀ါသနာ၊ ဓလေ့စရိုက်တွေ ဘာတစ်ခုမှလည်း မတူကြဘဲနဲ့ (တူမယ်မထင်လို့ပါ) ဒီ blogspot.com လေးမှာ လာဆုံကြတာ။ ဒါလေးကိုပဲ ကျွန်မ တန်ဖိုးထားတယ်။ ကျွန်မက အောင်မြင်မှုထက် ကိုယ်လုပ်ချင်တာ လုပ်နေရရင် ကျေနပ်တဲ့ လူစားမျိုး။ ကျွန်မဘ၀မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ပြောရရင် ရှည်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဲဒီအားနည်း ချက်တွေကြောင့်ပဲ စိတ်ဓာတ်က မာသွားသလားတော့ မသိဘူး။ အသက်ရှင်နေရခိုက်လေး... အဲဒီအသက်ရှင်နေ ရတဲ့အခိုက်အတန့်လေးမှာ ဘယ်သူနဲ့မှလည်း အငြင်းမပွားချင်ဘူး၊ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကိုယ်လုပ်ချင်ရာ လုပ်နေရရင်ပဲ ကျေနပ်တယ်။ တော်တော်များများက ဘလော့ခ်လုပ်၊ ပို့စ်တင် ပေါ့ပေါ့ပါးပါး နေကြရပေမဲ့ ပေါ့ပေါ့ပါးပါးမနေနိုင်ဘဲ မြန်မာဘလော့အသင်းကြီး အတွက် အင်တိုက်အားတိုက် ပွဲတွေလုပ်၊ စာအုပ်ထုတ်ဖို့ ပြင်နဲ့ လုပ်နေကြတဲ့ ဘလော့မောင်နှမတွေကို ကျွန်မ ချီးကျူးပါတယ်။ အားလည်း ပေးပါတယ်။ Myanmar Blogger အသင်းကြီးအတွက် တစ်ဖက်တစ်လမ်းကမှ ကျွန်မ မပံ့ပိုးနိုင်ပေမဲ့ အမည်ခံသက်သက်မဟုတ်တဲ့ မြန်မာဘလော့ဂါတစ်ယောက်တော့ ပီသစေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် မြန်မာဘလော့ဂါတစ်ယောက်အဖြစ် တကယ်လက်ခံတယ်ဆိုရင် ဒီနေရာလေးမှာ ကိုယ့်နာမည် ပါ မပါ သွားကြည့်လိုက်ပါဦး။

AddThis Social Bookmark Button


5 comments: to “ မြန်မာဘလော့ဂီ တို့ချစ်သည်

  • Unknown
    September 18, 2007 at 9:56 PM  

    အခုလို ၀ါသနာ တူတဲ့သူတွေနဲ့ တွေ့ရတာအရမ်း ၀မ်းသာမိပါတယ် ။ ကြိုးစားလေ့လာကြတာပေါ့ဗျာ ။ အာပေးနေပါတယ် ။ ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့ စုပြီး မြန်မာ ဘလော့(ခ်) လေးတစ်ခုလုပ်ထားတယ် ။ ကြုံကြိုက်ရင် ၀င်ရောက်အကြံပြုနိုင်ပါတယ် ။ www.ideascollection.blogspot.com ပါ ...။

  • Layma
    September 18, 2007 at 10:19 PM  

    သိုးလေး...
    လေးမ နာမည်လဲမတွေ့ ဘူး... ဟင့်...၀မ်းနည်းလိုက်တာ....။

  • hnin
    September 19, 2007 at 5:04 AM  

    ကိုစတီဗင်... သူငယ်ချင်းတွေစုထားတဲ့ဘလော့လေး သိုးလေး ၀င်ကြည့်ပါတယ်။ စိတ်ကူးခြင်းမိုးတိမ်ကို ပြောတာထင်တယ်။ ဟိုနေ့က ကွန်မန့်တောင်ရေးခဲ့သေးတယ်။ ၀ါသနာပါလို့ကို လုပ်နေတာပါ။ အင်တာနက်ဖိုးနဲ့ မွဲနေတာ။

    မမလေးမ... Myanmar Blogger Directory မှာ စာရင်းပေးလိုက်လေ။ နောက်နေ့ဆို မမလေးမနာမည် တွေ့ရမှာပေါ့။

  • သန့်ဇော်မင်း
    September 19, 2007 at 9:52 PM  

    နာ့ နာမယ်လည်း ပါဝူးကွ...... ငီးးးးးးးးးး :((((((

  • မျှားပြာ
    September 21, 2007 at 8:41 AM  

    လေးစားနေပါတယ်ဗျာ

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster