ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ  

September 04, 2007

ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ

ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ သိုးလေးလျှောက်ခဲ့တဲ့ အွန်လိုင်းပေါ်က အလုပ်တွေနဲ့ သိုးလေးရဲ့ ငိုရမလို ရယ်ရမလို အကြောင်းလေးတွေပေါ့။ သိုးလေးက အွန်လိုင်းနဲ့ အကျိုးပေးတယ်လို့တော့ ပြောလို့ရတယ်။ ဘာလို့ဆို လျှောက်သမျှအလုပ်တိုင်း ခေါ်လို့၊ ဟဲဟဲ... ပထမဦးဆုံး DTP & Graphic Design လုပ်ပေးနိုင်တဲ့သူတစ်ယောက်အနေနဲ့ Myanmartalk မှာ လျှောက်တယ်။ သိုးလေးက လက်ရှိအလုပ်နဲ့ဆိုတော့ Part Time ပဲ လျှောက်တယ်။ ၀ါသနာပါတာကြောင့်ရော အင်တာနက်ဖိုးလေး ကာမိအောင်ဆိုပြီးတော့ရော လျှောက်ထားလိုက်တာ။ ဒီလိုပဲပေါ့။ ခေါ်မယ်လို့လည်း မထင်ဘူးလေ။ လျှောက်ပြီး သိပ်မကြာဘူး ကိတ် လုပ်တဲ့ဆီက ခေါ်တယ်။ နာမည်တော့ မပြောတော့ဘူးနော်။ အဲဒီအစ်မက အိမ်ကို ဖုန်းဆက် ပြီးတော့ အလုပ်လုပ်စေချင်တယ်ပေါ့။ သူတို့နေရာက ဝေးတော့ဝေးတယ်။ ဒါပေမဲ့ အတွေ့အကြုံရအောင်ရယ်၊ ပိုက်ဆံလေးလည်း လိုချင်တာနဲ့ လုပ်မယ်ပေါ့။ အဲဒီကို တစ်ခါမှ မသွားဖူးတော့ အစ်မကိုယ်တိုင် ကားနဲ့လာခေါ်တယ်။ အရမ်းသဘောကောင်းတဲ့ အစ်မပါ။ မုန့်တွေလည်း အများကြီးကျွေးတယ်။ သိုးလေးကတော့ မုန့်တွေစားရတာနဲ့ပဲ ပျော်နေတာပဲ။ တစ်ရက်ပဲပေါ့။ သူတို့ကိတ်တွေရဲ့ စာရင်းတွေကို ဒီတိုင်း သူတို့ချထားတဲ့ ပုံစံအတွင်းမှာ ရိုက်ထည့်ပေးရုံပဲ လုပ်ပေးလိုက်ရတယ်။ နောက်ဆို မုန့်ဘူးဒီဇိုင်းတွေပါ လုပ်ပေးရမယ်လို့တော့ ပြောပါတယ်။ အဲဒီနေ့အတွက်လည်း ပိုက်ဆံရလိုက်သေးတယ်။ ရေရှည်အတွက် စဉ်းစားတော့ နေ့တိုင်း ရုံးကအပြန် ဘတ်စ်ကားနဲ့ သွား၊ ပြီးမှ အိမ်ပြန်... အဲဒီလိုလုပ်ဖို့က အဆင်မပြေဘူး။ ရုံးနဲ့ သူတို့နေရာနဲ့က ဝေးသလို အိမ်နဲ့ကျတော့လည်း တောင်နဲ့ မြောက် ဖြစ်နေတယ်။ အိမ်ပေးလုပ်ဖို့ကျတော့လည်း သူတို့ဘက်က တချို့ဟာတွေဆို သူများပေးမသိစေချင်တာတွေ ဘာတွေနဲ့ဆိုတော့ အဆင်မပြေပြန်ဘူး။ အဲဒီလိုအကြောင်းလေးတွေကြောင့် Part Time ပွဲဦးထွက်အလုပ်ကို တစ်ရက်ကြီးများတောင် လုပ်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီတစ်ရက်ကိုလည်း ဘယ်တော့မှ မမေ့နိုင်အောင် ပါပဲ။ ပြန်တော့လည်း လိုက်ပို့ပေးတယ်။ သိုးလေးက flash အကြောင်း စိတ်ဝင်စားတယ်ဆိုလို့ အဲဒီစာအုပ်တောင် ပေးလိုက်သေးတယ်။ နောက် သိပ်မကြာဘူး အစ်ကိုတစ်ယောက်က ထပ်ခေါ်တယ်။ သူကတော့ ဒီရန်ကုန်မှာတင်မက နယ်တွေအပြင် ပြည်ပကိုပါ ခြေဆံ့နေတဲ့ ကွန်ပျူတာပညာရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ နာမည်ပြောရင် တော်တော် များများက သိကြမှာပါ။ ဒါပေမဲ့ မပြောတော့ပါဘူး။ အစ်ကိုက design နဲ့ ပတ်သက်လို့ ခေါ်ချင်တယ်လို့ပြောတယ်။ သိုးလေး ၀မ်းသာပါတယ်။ နေရာကလည်း အဆင်ပြေတယ်။ သိုးလေး အရမ်းလုပ်ချင်တာပေါ့။ အဲဒီအစ်ကိုက ခေါ်ပြီး လက်တွေ့ လုပ်ပြခိုင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ဖို့လည်း ဆုံးဖြတ်ထားတယ်။ သူဖုန်းဆက်တော့လည်း ကိုယ်မရှိတဲ့အချိန်၊ ကိုယ်ဖုန်းဆက်တော့လည်း သူ မအားတဲ့အချိန်နဲ့ ကြားထဲမှာ တစ်ပတ်လောက် ခြားသွားတယ်။ သိုးလေးမှာက ရင်ခုန်မှုတွေအပြည့်နဲ့ပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ အဲဒီအစ်ကိုက သိုးလေးကို ညီမ design လုပ်ထားတဲ့ ပုံ နှစ်ပုံ သုံးပုံလောက် မေးလ်နဲ့ ပို့ပေးပါလားလို့ပြောတယ်။ သိုးလေး သိပ်နားမလည်ဘူး။ သိုးလေးက အပြင်မှာ professional လုပ်စားနေတဲ့လူ မဟုတ်ဘူး။ သိုးလေးကိုယ်တိုင် design လုပ်ထားတဲ့ဟာရယ်လို့ သိုးလေး စဉ်းစားလို့ကိုမရဘူး။ ကိုယ်တိုင်ဆွဲထားတဲ့ design လား၊ ဒါမှမဟုတ် ဓာတ်ပုံတွေကို သိုးလေးပြုပြင်ထားတဲ့ လက်ရာကို ကြည့်ချင်တာလား၊ vinyl တွေ လုပ်သလို သိုးလေးလုပ်ထားတဲ့ design မျိုး ပို့ပေးရင်ရော ရလားနဲ့ ခေါင်းထဲမှာ "လား" ပေါင်းများစွာ စဉ်းစားနေရင်းနဲ့ မပို့ဖြစ်ဘူး။ ဒါနဲ့ အဲဒီအလုပ်ကလေးက နိဒါန်းမစခင် နိဂုံးချုပ်လိုက်ရတာပေါ့။ အမှန်တော့ သိုးလေးက ခံယူချက် လွဲသွားတာပါ။ design ဆိုမှတော့ သိုးလေးလုပ်ထားတဲ့လက်ရာပါဖို့က အရေးအကြီးဆုံးပဲမဟုတ်လား။ ဟိုဟိုဒီဒီ လျှောက်လုပ်ထားတာတွေတော့ အများကြီးရှိတာပေါ့။ နောက်မှ ပို့ပေးလိုက်ရ ကောင်းသား ဆိုပြီးတော့ တွေးမိသေးတယ်။ သိုးလေးဖြစ်ချင်တာက သိုးလေးကို ခေါ်တွေ့စေချင်တယ်။ သူလည်း သူလိုချင်တဲ့အပိုင်းကို ပြော၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာကို ပြောမယ်။ လက်တွေ့ လုပ်ပြဆိုတော့လည်း လုပ်ပြမယ်။ ကြိုက်ရင် အလုပ်ဆက်လုပ်၊ မကြိုက်တော့လည်း အလုပ်မဖြစ်ဘူးပေါ့။ သိုးလေးက အဲဒီလို ဖြစ်စေချင်တာ။ ခုလို မစလိုက်ရဘဲ ဆုံးသွားတာကိုတော့ နှမြောမိတယ်။ ဒါဟာလည်း သိုးလေးအတွက် အတွေ့အကြုံကောင်း တစ်ခုပဲပေါ့။ သိုးလေး အတွေးအခေါ်နုနယ်သေးတယ်ဆိုတာ အထင်းသားပေါ်လာတာပဲလေ။ အပြင်မှာ အဲဒီအစ်ကိုက သိုးလေးကို သိမယ်မဟုတ်ပေမဲ့ သိုးလေးကတော့ အဲဒီအစ်ကိုကို သိပါတယ်။ သူ့ seminar ကိုလည်း သိုးလေး နားထောင်ဖူးပါတယ်။ စကားမစပ် အဲဒီအစ်ကိုက ဘလော့ဆရာကြီး သိလား။ သိုးလေးကို ဘလော့လုပ်ဖို့တိုက်တွန်းတဲ့ အစ်မက ဘလော့အကြောင်းကို အဲဒီအစ်ကိုဆီကတစ်ဆင့် သိခဲ့ရတာလို့ပြောတယ်။ အဲဒီလို... အဲဒီလိုပေါ့... အွန်လိုင်းပေါ်မှ အလုပ်နဲ့ ကျွန်မရဲ့ ဇာတ်လမ်းက ရှိသေးတယ်။ ဘလော့မိတ်ဆွေတွေ ဖတ်ရတာ ပျင်းစရာကြီး ဖြစ်နေမှာစိုးလို့။

AddThis Social Bookmark Button


6 comments: to “ ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ

  • မျှားပြာ
    September 4, 2007 at 10:44 AM  

    ဟင် ပြီးသွားပြီလား
    ဘာမှလဲ ဖတ်ရသေးဘူး

  • tayzar
    September 5, 2007 at 12:52 AM  

ေ0း သယ်ရင်း နာ ပိုက်ပိုက်ပြတ်နေတာ အလုပ်လိုနေတာအတော်ပဲ နာအလုပ်လုပ်ချင်တယ်။ အဲဒီ အလုပ်လုပ်ချင်တယ် ကူညီကွာ။ အီးမေးလ် ပို့လိုက် နာ့ဆီကို။ တကယ်ပြောတာ မနောက်ဘူး။

  • hnin
    September 6, 2007 at 5:36 AM  

    အားပေးတဲ့ ကိုမျှားပြာ... ကျေးဇူးပါ။

    ကိုဘလင့်ကြီးရေ... တကယ်ပြောရင်တော့ လိပ်စာပေးမှာပေါ့။ နောက်ဝူးဆိုလည်း ပြီးရာပဲ။

  • snowwhite.blogspot.com
    September 8, 2007 at 1:41 AM  

    nyi ma
    You are very clever. Why you know? Your story is very good. Please you do write story continue. Ok

    Your ahko

  • chomee
    September 9, 2007 at 3:14 AM  

    ညီမရေ
    အစ်မကိုလည်းခေါ်ပါအုံး။ ဘယ်သွားပေါ့။ အလုပ်လေး ဘာလေးလည်း ရှိရင်ပြောပါအုံးနော်။ အစ်မလည်း ငွေပြတ်နေလို့ တကယ်ပြောတာ။ ညီမစာရေးတာ အရမ်းကောင်းတယ်သိလား။ စာရေးဆရာမဖြစ်ရင် မမေ့နဲ့နော်။ ကဗျာတွေလဲ ကောင်းတယ်နော်။ ညီမက တိုးတက်မြန်ပါတယ်။ ဟဲဟဲ ကားပေါ်မဟုတ်ပါဘူး။ မှားလို့။ ညီမကိုမြောက်ပြောတာ မဟုတ်ဘူးသိလား။ တကယ်ပြောတာ ဆက်လုပ်နော်။ အစ်မဘလော့က တော့ သွားပြီ ထင်ပါတယ်ညီမရယ်။

  • ဘလူးဖီးနစ်
    September 15, 2007 at 5:15 PM  

    မြန်မာအင်ဂျင်နီယာဘလောက်အတွက် ဒီဇိုင်းဆွဲပေးပါလား ညီမလေး

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster