နှင်းချစ်တဲ့ ဖေဖေ... သို့...  

November 28, 2007

နှင်း ချစ်တဲ့ ဖေဖေ... သို့...


ဆောင်းပန်းချီကားတစ်ချပ်

အသက်ဝင်လာပြန်ပြီ အဖေ

ဟိုးတစ်ချိန်ကတော့

နေရာလေးတစ်နေရာမှာ

အဖေရယ် သမီးရယ်

ချစ်တဲ့နှင်းရည်တွေလူးလို့

ဆောင်းဦးရဲ့ အေးမြတဲ့ရနံ့ပါတဲ့

လေပြည်လေးတွေ ရှူရှိုက်ရင်း

ဆောင်းကို ကြိုဆိုခဲ့ကြတယ်။



ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးမှာ

လှပစွာကျလာတဲ့ နှင်းတွေအောက်

ကျောက်ရုပ်လိုရပ်ရင်း

တစ်ယောက်ကိုတစ်ယောက်ထွေးဖက်

အပြုံးတွေယှက်လို့

အပျော်ရွှင်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်။


သမီးကို အသနားပိုတဲ့အဖေနဲ့

အဖေ့ကို အချစ်ပိုခဲ့ရတဲ့ သမီးတို့ရဲ့ဘဝ

နှင်းတွေက စာနာပေးကြတယ်လေ

ကမ္ဘာလောကကြီးမှာ တိတ်ဆိတ်စွာမွေးဖွားလာခဲ့တဲ့

သမီးရဲ့ရင်တွင်းငိုရှိုက်သံတွေကို

အဖေတွန်းအားပေးတဲ့အခါ

နှင်းတွေထဲမှာ သွန်ချတယ်

နှင်းဟာ သမီးအတွက်တော့

အဖေပေးတဲ့ တီးတိုးဖော်ပါပဲ။


အဖေချစ်တဲ့ နှင်းတွေထဲမှာ

ထာဝရအိပ်စက်ရလိမ့်မယ်လို့

အဖေလည်း ဘယ်တုန်းကမှ

မတွေးခဲ့ဖူးဘူး မဟုတ်လား

အဲဒီ့တုန်းက

အဖေ့ဆန္ဒ ပြည့်ဝခဲ့တာလား

နှင်းလေးတွေကပဲ အဖေ့ကို

သမီးဆီကနေ ထာဝရသိမ်းပိုက်သွားတာလား

သေချာတာတော့ နှင်းတွေနဲ့အပြိုင်

သမီး မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတာပဲ

အဖေသိမယ်ထင်ပါတယ်

သမီးကို ကိုင်ထားတဲ့အဖေ့လက်

နှင်းတွေထက် ပိုအေးစက်နေတယ်လေ။


အဖေ အမြတ်နိုးဆုံးခေါ်ဝေါ်တတ်တဲ့

သမီးလေး နှင်း ဆိုတဲ့အသံ

ဘယ်နေရာကမှ မကြားရတော့သလို

သမီးကိုယ်တိုင်လည်း အဲဒီအချိန်ကစလို့

ပကတိ တိတ်ဆိတ်ခြင်းထဲမှာပဲ

ပျောက်ဆုံးနေခဲ့ရတယ်။


အဖေမရှိဘဲ တစ်ကိုယ်တော်မိတ်ဖွဲ့ခဲ့တာ

ခုဆို ကိုးနှစ်တောင်ရှိပြီ အဖေ

ဒီနေရာမှာ အဖေချစ်တဲ့ နှင်းတွေ မကျတတ်ဘူးတဲ့

သမီးရဲ့အလွမ်းကို ကိုယ်ချင်းစာလို့ထင်ပါရဲ့

ဒါပေမဲ့ သမီးကတော့ နှင်းတွေကို ရှာဖွေနေဆဲပဲ

အသည်းအသန်ပါပဲ အဖေ

နှင်းတွေနဲ့အတူ အဖေများ သမီးရှေ့မှာ ပေါ်လာမလားလို့ပေါ့

အဖေရယ်... သမီးရယ်... ချစ်တဲ့ နှင်းတွေရယ်...

အဲဒီနေရာလေးမှာ ပြန်ဆုံပါရစေလား အဖေ... ... ...

AddThis Social Bookmark Button


5 comments: to “ နှင်းချစ်တဲ့ ဖေဖေ... သို့...

  • မျှားပြာ
    November 28, 2007 at 3:03 PM  

    နှင်းချစ်တဲ့ သမီးနဲ့ သမီးချစ်တဲ့ အဖေတို့ ...
    ဒီနေရာလေးမှာ ပြန်ဆုံနိုင်ပါစေခင်ဗျာ။

  • Layma
    November 30, 2007 at 4:36 AM  

    သိုးလေး... အဖေနဲ့ သမီး နှင်းတွေကြားမှာ ...။
    သိုးလေး ဖေဖေကိုသတိရရင် မေမေကိုပိုဂရုစိုက်လိုက်နော်...။

  • pandora
    November 30, 2007 at 11:53 PM  

    စိတ်မကောင်းစွာ ဖတ်သွားတယ်

  • MCT
    December 1, 2007 at 1:32 AM  

    ချစ်ညီမငယ်လေး ရေ

    အမ လည်း ညီမလေး နဲ့အတူတူ
    ခံစားလိုက်ရတယ်။
    အဖေဆိုတာ နှင်းတွေလို
    အေးစက်နေတဲ့ အမဘ၀မှာ
    နှင်းတောထဲ ချစ်တဲ့အဖေကို
    လိုက်ရှာနေတဲ့ ညီမလေးရဲ့
    ကဗျာသံစဉ်လေးကို ခံစားပေးလို့
    ရတာ ဒါပထမဆုံးပါဘဲ။
    ဒီဆောင်းမှာ အေးနေမယ့်
    ချစ်တဲ့ညီမငယ်လေးရဲ့
    လက်တစုံကို နွေးထွေးအောင်တော့
    လုပ်ပေးချင်ပါသေးရဲ့။
    ချစ်တဲ့ညီမငယ်နှင်းနှင်လေး
    ပျော်ရွှင်ပါစေနော်

  • hnin
    December 2, 2007 at 2:22 AM  

    ကိုမျှားပြာပေးတဲ့ဆု ပြည့်စေချင်ပါရဲ့... မဖြစ်နိုင်မှန်း သိပေမဲ့...
    မမလေး... ဒါပေါ့၊ ဂရုစိုက်တာပေါ့၊ ဘယ်ရမလဲ
    မပန်ရဲ့ စိတ်တဇညမှာ သိုးလေး အိပ်မက်မက်တော့မလို့...
    မမမိုးချစ်သူက သိုးလေးကို တကယ်နွေးထွေးအောင် လုပ်ပေးမှာနော်... ???

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster