June 19, 2007
ခေတ်သစ်မံမီ (သို့မဟုတ်) သိုးမလေး
ဒါ သိုလေးတို့ အင်္ဂလိပ်စာအဖွဲ့ ချောင်းသာသွားတုန်းက အမှတ်တရဖြစ်ခဲ့တဲ့ ပုံလေးပေါ့။ တစ်နေကုန် ကစားနည်းမျိုးစုံ ကစားကြတာ အရမ်းပျော်ဖို့ကောင်းတာပဲ။ အဖွဲ့နှစ်ဖွဲ့ခွဲပြီးကစားကြတာ။ မံမီလုပ်တာ ဘယ်သူအရင်ပြီးပြီးပြိုင်တော့ သိုးလေးတို့အဖွဲ့မှာ အဲဒီတုန်းက သိုးလေးက အကောင်အသေးဆုံးလေ။ အဲဒီတော့ သိုလေးက မံမီလုပ်ရတယ်။ ကျန်တဲ့ စီနီယာတွေ၊ သူငယ်ချင်းတွေက တစ်ရှူးနဲ့ ၀ိုင်းပတ်ကြတယ်။ အဲဒီအချိန်မှာ သိုးလေးက ဘာပြောလိုက်သေးလဲ သိလား၊ အသက်ရှူမကျပ်ပါဘူးနော်လို့... အကုန်လုံး သိုးလေးကို ၀ိုင်းရယ်ကြတာပေါ့။ နှာခေါင်းကို မပိတ်ပါဘူးတဲ့။ ပြီးတော့ တစ်ရှူးနဲ့ပတ်တာ ဘယ်လိုလုပ် အသက်ရှူကျပ်မလဲတဲ့။ ဟုတ်သားပဲ။ နောက်တစ်ခါ သားရေပင်းကို ခေါင်းကနေ စွပ်၊ နှုတ်ခမ်းပေါ် တင်ပြီး လည်ပင်းထိရောက်အောင် ပါးစပ်ကိုလှုပ်လှုပ်ပြီး ချတဲ့ကစားပွဲမှာလည်း သိုးလေးကို ပြိုင်ခိုင်းတယ်။ အကောင်သေးလို့တဲ့။ ဘာမှလည်း ဆိုင်ဘူးနော်။ သိုးလေးက ပါးစပ်ကိုရွဲ့ပြီး သားရေပင်းကိုချတာ မေးစေ့တောင် မရောက်သေးဘူး၊ ဟိုဘက်က လည်ပင်းထိရောက်သွားလို့ သိုးလေးတို့လည်း ရှုံးသွားရော။ နောက်တစ်ခါ ပိုလီယိုလုပ်တာပြိုင်တယ်လေ။ ပိုလီယိုဖြစ်တဲ့လူပုံစံနဲ့ သူတို့ စည်းသားထားတဲ့နေရာထိရောက်အောင် လျှောက်ရတာလေ။ အဲဒါကျတော့လည်း သိုးလေးပြိုင်တဲ့။ အရမ်းလည်း ပျော်ဖို့ကောင်းတယ်။ ကစားနည်းတွေမှ အစုံပဲ ကစားကြတာ။ ညဘက်ကျတော့ မီးပုံပွဲလုပ်တယ်။ အဲဒီမီးပုံကြီးမှာ ငါးတွေ ကင်ပြီး စားကြတယ်လေ။ သိုးလေးက ငါး သိပ်မကြိုက်တော့ နည်းနည်းလေးပဲ စားရတယ်။ ဂိမ်းကစားတော့လည်း သိုးလေးက ကံမကောင်းဘူး။ မဲနှိုက်တာ ဘာကျတယ်မှတ်လဲ၊ မျောက်လို ခုန်တက် ကပြပါတဲ့။ ခပ်တည်တည်နဲ့ အနားက သစ်ပင်ပေါ် ဖက်တက်၊ ကွိစိ ကွစိ လုပ်လိုက်တာပေါ့။ နောက်နေ့ညကျတော့ ဂဏန်းဖမ်းတာ ပြိုင်ကြတယ်။ သိုးလေးရဲ့ ဘလော့ဂ်ချစ်သူတွေကော ဂဏန်းဖမ်းဖူးလား၊ ဖမ်းတတ်လား။ ဟားဟား သိုးလေးတောင် အဲဒီကျတော့မှ ဂဏန်းကို ဖမ်းတတ်သွားတာ။ သိုးလေးပြောပြမယ်၊ သိုးလေးတို့ ၇ နာရီ ခွဲလောက်က စပြိုင်ကြတယ်။ တစ်နာရီတိတိပြည့်တဲ့အချိန်မှာ အခန်းရှေ့မှာ ပြန်ဆုံကြမယ်ပေါ့။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပြိုင်ကြတာလေ။ ဂဏန်းများများဖမ်းနိုင်တဲ့ နိုင်တဲ့အဖွဲ့က ရတဲ့ဂဏန်းတွေအကုန် ယူကြေးပေါ့။ တစ်ယောက်ကို တုတ်တစ်ချောင်း၊ ဓာတ်မီးတစ်လုံး နဲ့ သိုးလေးက ပုံးလေးလည်း ကိုင်လို့ပေါ့... ပင်လယ်ကမ်းခြေကြီးမှာ မှောင်မည်းနေတာ။ ဓာတ်မီးရောင်သာမရှိရင် ဘာမှမြင်ရမှာမဟုတ်ဘူး။ ရေသံတွေတော့ ကြားနေရတယ်။ မှုန်မှုန်လေးပဲ မြင်ရတယ်။ ကမ်းခြေအကျယ်ကြီးမှာ တစ်ဖွဲ့က ဟိုဘက်၊ တစ်ဖွဲ့က ဒီဘက်ပေါ့။ ဂဏန်းတွင်းတွေ့တော့ သိုးလေးက သိဘူးလေ တွင်းထဲကို တုတ်နဲ့ထိုးတာပေါ့။ အဲဒီကျတော့မှ စီနီယာတွေက အဲလိုထိုးရဘူးတဲ့။ ဂဏန်းဖမ်းတယ်ဆိုတာ တွင်းရဲ့ ဘေးကနေ တုတ်နဲ့ ထိုးရတာတဲ့။ အဲဒီကျတော့မှ ဂဏန်းက တွင်းပေါ်ကို ပြေးတက်တာလေ၊ ဂဏန်းပြေးတက်တော့မှ သိုးလေးတို့က ဖိနပ်တွေနဲ့ဖိ၊ တုတ်တွေနဲ့ဖိ၊ ပြီးရင် ပုံးထဲထည့်၊ အဲလိုဖမ်းရတာ။ နောက်တော့ သိုးလေးလည်း ဆရာဖြစ်သွားတာပေါ့။ ဂဏန်းကို ကိုယ့်ဘာကိုယ်ဖမ်းတာပေါ့။ မရပါဘူး။ တုတ်နဲ့ ဓာတ်မီးနဲ့ ပုံးနဲ့ ဖိနပ်ကိုင်ရတာနဲ့ လူက နှစ်ယောက်လောက်မှ အနည်းဆုံးရှိမှ အဆင်ပြေတာ။ တစ်ခါတလေ နှစ်ဖွဲ့ဆုံမိတဲ့အချိန်မှာ ဂဏန်းက လုရသေးတယ်။ အဲဒီညမှောင်မှောင်ကြီးမှာပဲ တအားကို ပျော်ဖို့ကောင်းတာ။ ပြန်ဆုံတဲ့နေရာရောက်တော့ ဘယ်သူနိုင်လဲတောင် မမှတ်မိတော့ပါဘူး။ ၆ နှစ်တောင် ရှိပြီကိုး။ ဒါပေမဲ့ ဂဏန်းတွေတော့ ဘယ်သူမှ မရဘူး။ ဆရာက မစားရဘူးတဲ့။ ပြန်လွှတ်ပေးရမယ်ဆိုလို့လေ။ ဒါတောင်မှ ကိုသားကြီးတို့အဖွဲ့က ဆရာမသိအောင် ဟိုတယ်က လူကို ပြုတ်ခိုင်းတယ် ဆိုလားပဲ။ ကြားလိုက်မိသေး။ မဟုတ်ရင်တော့ သိုးလေး အပြောခံရတော့မယ်။ ဟဲဟဲ... သိုးလေးက အဲဒီလောက်နှစ်တွေကြာတာတောင် မမေ့တာ ဘာလို့ဆို သိုးလေးတစ်သက်မှာ အိမ်ကလူတွေမပါဘဲ တစ်ယောက်တည်း အဖွဲ့နဲ့သွားရတာ အဲဒီတစ်ခါပဲရှိတာကိုး... သတိရတိုင်း ပုံလေးတွေ ထုတ်ထုတ်ကြည့်ရတာ အမောပေါ့။ ဘလော့ဂ်မိတ်ဆွေတွေလည်း ချောင်းသာသွားဖြစ်ရင် သိုးလေးတို့လို ဆော့ကြနော်။ ပျော်ဖို့ကောင်းမှာ သေချာတယ်။
0 comments: to “ ”
Post a Comment