June 30, 2007

စာအုပ်အညွှန်း



ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်စာအုပ်တွေနဲ့မတူ တစ်မူထူးခြားစွာ နှစ်သက်ခဲ့ရတဲ့ စာအုပ်ကလေးတစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ပါ။ မူရင်းစာရေးဆရာ Daniel Mason ရဲ့ 'The Piano Tuner' ကို မြန်မာပြန်ထားတာပါ။ မြန်မာပြန်ဆိုတာကတော့ စာရေးဆရာမ ၀င့်ပြုံးမြင့် ဖြစ်ပါတယ်။ ဒီဝတ္ထုကလေးကို မူရင်းစာရေးသူဟာ ထိုင်း-မြန်မာ နယ်စပ်မှာ တစ်နှစ်ခန့် သုတေသနပြု လေ့လာရင်း သူ တွေ့မြင်ကြားသိရတာတွေနှင့် သူ လေ့လာဖတ်ရှုထားတဲ့ စာအုပ်စာတမ်းများကို အခြေခံပြီး ရေးဖွဲ့ထားတာလို့ သိရပါတယ်။ 'The Piano Tuner' ဟာ Daniel Mason ရဲ့ ပွဲဦးထွက်ဝတ္ထုဖြစ်သလို သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ဟာလည်း ဆရာမ၀င့်ပြုံးမြင့်ရဲ့ ပထမဦးဆုံး လက်ရာ၊ ပွဲဦးထွက် ဘာသာပြန်ဝတ္ထု ဖြစ်ပါတယ်။
စန္ဒရားအသံညှိဆရာ အက်ဂါဒရိတ်၊ ဗိုလ်မှူး ဒေါက်တာအန်တိုနီကာရိုး၊ ရှမ်းအမျိုးသမီးလေး ခင်မျိုး၊ မဲလွင်ရွာနှင့် သံလွင်မြစ်ထဲ မျှောချလိုက်တဲ့ အီရဒ်စန္ဒရား ... စတဲ့ ဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ ဒီ သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ဟာ ရင်ခုန်စရာ လှုပ်ရှားသက်ဝင်နေတဲ့ စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ စာမျက်နှာ ၄၁၉ မျက်နှာရှိတဲ့ ဒီဝတ္ထုကြီးဟာ ဆရာမ၀င့်ပြုံးမြင့်ရဲ့ ပထမဦးဆုံးလက်ရာ ဆိုပေမဲ့ အစဖတ်လိုက်တာနဲ့ အဆုံးထိ မဖတ်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိတဲ့ ဘာသာပြန်ဝတ္ထု ဖြစ်ပါတယ်။ ဒီဝတ္ထုကို ဖတ်ပြီးသွားတာနဲ့ ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုလေးတစ်ခု ကျန်ခဲ့မယ်ဆိုတာ သေချာပါတယ်။ ဒီဝတ္ထုလေးမှာ ဆရာပါရဂူနဲ့ ဆရာနတ်နွယ်တို့ကလည်း အမှာရေးပေးထားတာ တွေ့ရပါတယ်။
၁၈၈၆ ခုနှစ်လောက်က မြန်မာပြည်ရဲ့ ပြယုဂ်တွေကို ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဉ် ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုကို ဖတ်ရတာ အရမ်းကို အသက်ဝင်ပြီး ကိုယ် မကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရသလို ခံစားရတယ်။ မြန်မာပြည်နှင့် မြန်မာလူမျိုးတို့၏ ပကတိအလှတရားကို သံစဉ်တွေနဲ့ရောယှက်လို့ သိမ်မွေ့စွာ ဖွဲ့သီထားတဲ့၊ ကျေနပ်ပီတိကို ခံစားရစေတဲ့ ဘာသာပြန်ဝတ္ထုလေးတစ်အုပ်လို့ ညွှန်းချင်ပါတယ်။ ဘာသာပြန်ဝတ္ထုတွေကို ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ နှစ်ခြိုက်မယ့် ဘာသာပြန်ဝတ္ထုကောင်းလေးတစ်အုပ် ဖြစ်မှာပါ။

ဒီဝတ္ထုနဲ့ပတ်သက်လို့ အညွှန်းလေးတွေကိုလည်း အနည်းငယ်ဖော်ပြလိုက်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိစွာ သမိုင်းဖြစ်ရပ်များနှင့် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကို ရက်ကန်းရှယ်ရေးဖွဲ့ခဲ့သော မစ္စတာမေဆွန်သည် ရင်နင့်အောင် ခံစားရသော ၀တ္ထုတစ်ပုဒ်ကို ဖန်တီးခဲ့သည်။ ပရိသတ်ဘက် လှည့်ပြောသော စကားများကား စွဲမက်စရာ...။
ခံစားချက်ပါသော... အာရုံကို ညှို့ယူဖမ်းစားနိုင်သော ဤ၀တ္ထု၊ ကိုလိုနီနယ်ပြုခြင်း၏ လူမဆန်သော၊ အပေးအယူဆန်သော ကိစ္စများကို ဟိုဟိုသည်သည် ထိုးဆွနှိုက်ချွတ်ထားသော ဤ၀တ္ထု၊ ဂီတ၏ ဖမ်းဆုပ်မမိနိုင်သော စွမ်းအားနှင့် ဖန်တီးနိုင်စွမ်းတို့ကို ဖော်ထုတ်ရာတွင် စာရေးဆရာသည် အောင်ပွဲခံခဲ့သည်။

(New York Times)

ဒင်နီယယ်မေဆွန်သည် လှပကျော့ရှင်းသော၊ တုယှဉ်ဖက်မရှိအောင် ၀င်စားဖွယ်ကောင်းသော ပုံပြင်တစ်ပုဒ်ကို သီကုံးပြီး စာဖတ်သူတို့အား ယခုခေတ်တွင် မရှိတော့သော ကမ္ဘာထဲသို့ အကောင်းဆုံး နည်းလမ်းဖြင့် ခရီးထွက်နိုင်အောင် ကမ်းလင့်ခဲ့သည်။ ၁၉ ရာစုခေတ် မြန်မာပြည်၏ မြိုင်ဆိုင်ကယ်ဝသော၊ လှုပ်ရှားသက်ဝင်သော မြင်ကွင်းများ၊ အငွေ့အသက်များ၊ အသွေးအဆင်များဖြင့် 'The Piano Tuner' သည် အံ့သြဘနန်း ပြီးစီးအောင်မြင်ခဲ့သော တန်းမြင့်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ကျွန်ုပ် အလွန်ပင် နှစ်သက်ခဲ့ရပါသည်။

(Arthur Golden, author of Memoirs of a Geisha)


ထုတ်ဝေသည့် စာအုပ်တိုက် - ပုဂံစာအုပ်တိုက်
တန်ဖိုး - 2000 ကျပ်

AddThis Social Bookmark Button


0 comments: to “

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster