နှင်းချစ်တဲ့ ဖေဖေ... သို့...  
November 28, 2007
နှင်း ချစ်တဲ့ ဖေဖေ... သို့...
ဆောင်းပန်းချီကားတစ်ချပ်
အသက်ဝင်လာပြန်ပြီ အဖေ
ဟိုးတစ်ချိန်ကတော့
နေရာလေးတစ်နေရာမှာ
အဖေရယ် သမီးရယ်
ချစ်တဲ့နှင်းရည်တွေလူးလို့
ဆောင်းဦးရဲ့ အေးမြတဲ့ရနံ့ပါတဲ့
လေပြည်လေးတွေ ရှူရှိုက်ရင်း
ဆောင်းကို ကြိုဆိုခဲ့ကြတယ်။
ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးမှာ
လှပစွာကျလာတဲ့ နှင်းတွေအောက်
ကျောက်ရုပ်လိုရပ်ရင်း
တစ်ယောက်ကိုတစ်ယောက်ထွေးဖက်
အပြုံးတွေယှက်လို့
အပျော်ရွှင်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်။
သမီးကို အသနားပိုတဲ့အဖေနဲ့
အဖေ့ကို အချစ်ပိုခဲ့ရတဲ့ သမီးတို့ရဲ့ဘဝ
နှင်းတွေက စာနာပေးကြတယ်လေ
ကမ္ဘာလောကကြီးမှာ တိတ်ဆိတ်စွာမွေးဖွားလာခဲ့တဲ့
သမီးရဲ့ရင်တွင်းငိုရှိုက်သံတွေကို
အဖေတွန်းအားပေးတဲ့အခါ
နှင်းတွေထဲမှာ သွန်ချတယ်
နှင်းဟာ သမီးအတွက်တော့
အဖေပေးတဲ့ တီးတိုးဖော်ပါပဲ။
အဖေချစ်တဲ့ နှင်းတွေထဲမှာ
ထာဝရအိပ်စက်ရလိမ့်မယ်လို့
အဖေလည်း ဘယ်တုန်းကမှ
မတွေးခဲ့ဖူးဘူး မဟုတ်လား
အဲဒီ့တုန်းက
အဖေ့ဆန္ဒ ပြည့်ဝခဲ့တာလား
နှင်းလေးတွေကပဲ အဖေ့ကို
သမီးဆီကနေ ထာဝရသိမ်းပိုက်သွားတာလား
သေချာတာတော့ နှင်းတွေနဲ့အပြိုင်
သမီး မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတာပဲ
အဖေသိမယ်ထင်ပါတယ်
သမီးကို ကိုင်ထားတဲ့အဖေ့လက်
နှင်းတွေထက် ပိုအေးစက်နေတယ်လေ။
အဖေ အမြတ်နိုးဆုံးခေါ်ဝေါ်တတ်တဲ့
သမီးလေး နှင်း ဆိုတဲ့အသံ
ဘယ်နေရာကမှ မကြားရတော့သလို
သမီးကိုယ်တိုင်လည်း အဲဒီအချိန်ကစလို့
ပကတိ တိတ်ဆိတ်ခြင်းထဲမှာပဲ
ပျောက်ဆုံးနေခဲ့ရတယ်။
အဖေမရှိဘဲ တစ်ကိုယ်တော်မိတ်ဖွဲ့ခဲ့တာ
ခုဆို ကိုးနှစ်တောင်ရှိပြီ အဖေ
ဒီနေရာမှာ အဖေချစ်တဲ့ နှင်းတွေ မကျတတ်ဘူးတဲ့
သမီးရဲ့အလွမ်းကို ကိုယ်ချင်းစာလို့ထင်ပါရဲ့
ဒါပေမဲ့ သမီးကတော့ နှင်းတွေကို ရှာဖွေနေဆဲပဲ
အသည်းအသန်ပါပဲ အဖေ
နှင်းတွေနဲ့အတူ အဖေများ သမီးရှေ့မှာ ပေါ်လာမလားလို့ပေါ့
အဖေရယ်... သမီးရယ်... ချစ်တဲ့ နှင်းတွေရယ်...
အဲဒီနေရာလေးမှာ ပြန်ဆုံပါရစေလား အဖေ... ... ...
AddThis Social Bookmark Button
November 26, 2007
အတိတ်ဘဝ
စက်ဘီးကိုယ်စီယှဉ်ပြိုင်နင်းလို့
တူညီရာ ဖြူ စိမ်း ၀တ်စုံလေးတွေနဲ့
ဆရာဝန်မကြီးလုပ်မယ်
အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့
တစ်ယောက်တစ်ပေါက်ပြောသံတွေကြား
အနာဂတ်ဆိုတာကို မေ့လျော့
အဲဒီခဏတော့ တကယ့်ကို ပျော်ခဲ့ကြရတယ်။
ပြောင်းသွားတဲ့ရာစုနှစ်တွေကြား
မအားမလပ်သူတွေနဲ့
ထားခဲ့ရက်သူတွေနဲ့
အသက်တမျှချစ်ပါတယ်ဆိုတဲ့ သူငယ်ချင်းကတောင်
မျိုးဆက်သစ်တွေပွားလို့
ငါတို့ တကယ်ကို ဝေးသွားခဲ့ကြပါလား။
လျှောက်ခဲ့ဖူးကြတဲ့ ခြောက်သွေ့တဲ့လမ်းမထက်
ခုချိန်ဆို မြေသင်းနံ့ ဆွတ်ပျံ့နေမလား
ကောက်ခဲ့ဖူးကြတဲ့ ခရေပွင့်ကလေးတွေများ
ခုချိန်ဆို သူတစ်ပါး ခူးခြွေနေမလား
အခါခါတွေးရင်းနဲ့ သတိရမိတယ်
ငါတို့ရဲ့ ကျောင်းဝတ်စုံလေးကိုရောပေါ့။
တစ်ခါတစ်ခါတော့လည်း
ပေတံစောင်းနဲ့လက်ဆစ်ခေါက်လို့
နာကျင်ခဲ့ဖူးတဲ့ လက်ချောင်းကလေးတွေကို
ယောင်ယမ်းပြီး ပွတ်မိသလို
အလှအပဆိုတာမရှိ
စကတ်ဇစ်ပြုတ်တာတောင် မသိဘဲနဲ့
ခပ်တည်တည် ဆုတက်ယူခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်
ရှက်ပြုံး ပြန်ပြုံးမိတယ်။
တစ်ခါတလေ
အတွေးတွေ ချောင်ပိတ်မိတဲ့အခါ
အင်အားကုန်သုံးလို့ မိုးလုံးပြည့် အော်ဟစ်ချင်မိတဲ့အခါ
မရနိုင်မှန်းသိပေမဲ့ တပ်မက်မိတဲ့အခါ
အာရုံစွဲပုံရိပ်တစ်ခုနဲ့ ရင်ကိုအေးမြစေခဲ့ရတယ်
ဖြူ စိမ်း ၀တ်စုံလေးကိုယ်စီနဲ့ တို့တစ်တွေလေ...
ဘ၀ရဲ့ရှေ့ပြေးသင်ခန်းစာတွေမှာ
လေ့လာမှုအား နည်း များ ပေါ် မူတည်လို့
ငါတို့ဘ၀တွေ မတူညီကြပေမဲ့
ပြန်လည်မက်ခွင့်ရှိမယ်ဆိုရင်
အားလုံးမက်ချင်ကြတဲ့ အိပ်မက်ကတော့
ထပ်တူကျမယ်လို့ ယူဆမိတယ်
ပျော်ရွှင်စရာတွေ၊ ရင်ခုန်စရာတွေ
မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ
အနူးညံ့ဆုံးနှလုံးသားနဲ့ ခံစားခဲ့ကြတဲ့
ကျောင်းသားဘ၀လေး...
လွမ်းတယ် သူငယ်ချင်းတို့ရယ်...
AddThis Social Bookmark Button
သိုးလေးနှင့် အင်္ဂလိပ်စာခြေလှမ်းသစ်  
November 21, 2007
သိုးလေးနှင့် အင်္ဂလိပ်စာခြေလှမ်းသစ်
template ကို ပြုပြင်တဲ့အခါ အများကြီး မမြင်ဖူးတာတွေ မြင်ရ၊ မသိတာတွေ သိရတယ်။ ငါ အဲလောက် တုံးပါလားလို့လည်း တွေးမိတယ်။ ကိုယ်ပြင်ချင်တာက background ဆို အဲဒါကို templage ထဲမှာ ရှာရတာ တော်တော်မလွယ်ဘူး။ စာလုံးသေးသေးလေးတွေကို အပေါ် အောက် မူးနေအောင် ရှာရတာ။ အဲဒါနဲ့ စိတ်ထဲမှာ ပုံမှန် find ဆို F3 နှိပ်တာ ဒီမှာရော ရလားမသိဘူးဆိုပြီး နှိပ်ကြည့်လိုက်မှ ရှာလို့ရမှန်းသိတယ်။ find နဲ့ရှာတာ ကိုယ့်အတွက် ထိရောက်တယ်၊ မြန်တယ်။ html အကြောင်း လေ့လာပြီဆို w3schools နဲ့ လွတ်တဲ့လူ ရှားတယ်လို့ဆိုရလောက်အောင် သူ့ရဲ့ စွမ်းအင်က ထိရောက်တယ်။ လေ့လာသူပေါ်မူတည်ပြီး အခြေခံကနေ professional တစ်ယောက်ဖြစ်အောင်ထိ သင်ပေးနိုင်တယ်လို့ ဆရာက ပြောလို့ ဖွင့်ကြည့်ဖူးတယ်။ တစ်ခါကြီးများတောင်ပဲ။ ခပ်တည်တည်နဲ့ print ထုတ်ပြီး အိမ်မှာ လေ့လာမယ်ပေါ့။ ဆရာပြောခဲ့သလိုပဲ လေ့လာသူပေါ် မူတည်ပါတယ်။ ဘယ်အရာမဆို စိတ် ရှိရုံနဲ့ မပြီးဘူးလေ။ လက်တွေ့ ကလည်း အရေးကြီးတယ်မဟုတ်လား။ ဖြစ်ချင်တာတွေများပြီး ဘာတစ်ခုမှ ဟုတ်တိပတ်တိ လက်တွေ့အကောင်အထည် မဖော်တာဟာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေနဲ့ မဆိုင်တော့ဘူး။ ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်တော့တာလေ။ အလုပ်တစ်ဖက်နဲ့မို့ပါလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပေမဲ့လည်း အကြောင်းပြချက် သက်သက်ပါ ဆိုတာ သိနေတော့ ခက်သား။ ခုတော့ အင်္ဂလိပ်စာလေ့လာဖို့ အချိန်တစ်ခုက လိုလာပြန်ပြီ။ တကယ်က ကိုယ့်အသက်အရွယ်ဆိုတာ ငယ်တော့တာ မဟုတ်ဘူး။ ဒီအရွယ်မှာ ငါဟာ ဘာလဲဆိုတာ ပြောလို့ရသင့်တဲ့အရွယ် ရောက်နေပြီလို့ သိုးလေးတော့ ထင်တယ်။ အင်္ဂလိပ်စာကို တကယ်လေ့လာပြီဆို ဆရာသင်တာလည်း သင်တာပေါ့။ ကိုယ်တိုင် self study ကလည်း အရေးကြီးတယ်လေ။ ကိုရဲနိုင်စိုးကိုလည်း ကျေးဇူးတင်ရတယ်။ သူ့ဘလော့က download လုပ်ထားတဲ့ စာအုပ်လေး၊ A4 နဲ့တွက်ရင် 269 မျက်နှာ ရှိတယ်။ ပထမဦးဆုံး လေ့လာဖို့ ကိုယ့်အတွက် အသင့်တော်ဆုံးလို့ထင်တာပဲ။ ဝေးကွာနေတာ ကြာပြီဖြစ်လို့ ကလေးတွေလို ပြန်လုပ်ရမှာလေ။ 4 skills မှာ အညံ့ဆုံးက listeing လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာပဲ။ ဒါကြောင့် listening အတွက် ဘယ်ကစပြီး ဘယ်လိုပြင်ဆင်ရမှန်းကိုမသိဘူး။ ကွန်ပျူတာနဲ့ နားထောင်ရတဲ့ CD တွေကျတော့လည်း မီးပျက်တာနဲ့သိပ်မကိုက်ဘူး။ mp3 တွေဆို တော်တော်အဆင်ပြေမယ်ထင်တာပဲ။ ကိုရဲနိုင်စိုးကတော့ သူ့ဘလော့မှာ တင်ပေးမယ် ပြောတယ်။ ဘော်ဘော်တို့လည်း လမ်းသိရင် ညွှန်ပေးပါဦးနော်။ speaking ကျတော့ အညံ့ဆုံးဆိုတာနဲ့ level တူနီးပါး... ဟဲဟဲ... မရဘူးဆိုပါတော့။ စိတ်ဓာတ်မကျပါ... ကြိုးစားပါမည်ပေါ့။ reading နဲ့ ပတ်သက်လို့ ဖတ်သင့်တယ်ထင်တဲ့ စာအုပ်လေးတွေရှိရင်လည်း ပြောပြပါဦး။ ခုမှ ကျောင်းတုန်းက စာအုပ်တွေ ပြန်လှန်ဖတ်တော့ အိမ်က မာမီမားသားက ဆူတော်မူသကွဲ့။ တော်တော်စာကျေခဲ့တာပဲတဲ့။ ကျေ မကျေ မသိဘူး တော်တော်တော့ ကြေ နေပြီ (စာအုပ်)။ အမေကတော့ ၀မ်းသာနေရှာတယ်။ အိမ်ပြန်တာ သိပ်နောက်ကျမှာ မဟုတ်တော့လို့လေ။ နင်လည်း သွားချင်ရာ သွားနေတာ။ ငါ့ကိုတော့ စိတ်မပူနဲ့လို့ လာမပြောနဲ့တဲ့။ ဟုတ်ပေသား။ မိဘကိုး။ စကားမစပ် ကိုစိုးထက်ကတော့ အားပေးတယ်။ ကြိုးစား sis တဲ့။ ဒါနဲ့ ကိုစိုးထက်ကို ဘယ်အရွယ်မှာ အင်္ဂလိပ်စာ အရမ်းကျွမ်းသွားတာလဲဟင်လို့ အင်တာဗျူးတော့ 7 တန်း ကတည်းက တစ်နေ့ကို essay တစ်ပုဒ် ရေးခဲ့ရတာတဲ့။ မတူလိုက်ပုံများ... သိုးလေး 10 တန်းဖြေတုန်းကဆို essay ကို လက်တန်းရေးတာမှန်ပေမဲ့ အသက်ရှူမှားမတတ် ရေးခဲ့ရတာလေ။ ကိုစိုးထက်ကတော့ အဲဒီအချိန်မှာ ထမင်းစား ရေသောက်သလို ဖြေခဲ့ရမှာပဲလို့တောင် တွေးမိသေးတယ်။ လက်တွေ့ဘ၀ကြီးနဲ့ ရင်ဆိုင်တဲ့အခါမှာ ကိုယ်စိတ်ကူးယဉ်တာတွေချည်း ဖြစ်လာမှာမဟုတ်ဘူးလေ။ ဒါကြောင့် နောက်ဆို ဘလော့ကို အရင်လို နှစ်ရက်ခြားတစ်ခါတောင် လုပ်ဖြစ်မယ်မထင်ဘူး။ တစ်ပတ်ကို တစ်ခါတော့ ပုံမှန်လုပ်ဖြစ်မှာပါ။ ဘလော့နဲ့ပတ်သက်ပြီး ရခဲ့တဲ့ ဗဟုသုတတွေ၊ မိတ်ဆွေတွေကို တန်ဖိုးထားတယ်။ အသိတစ်ယောက်က ပြောတယ်။ အလကားရတဲ့ free website ကို ယူပြီးတော့များ မြန်မာဘလော့ဂီ တို့ချစ်သည် လုပ်နေသေးတယ် တဲ့။ အဲဒီလိုပြောချင်လည်း ပြောနိုင်ပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသိပညာတွေ ဖလှယ်၊ အတွေးအမြင်တွေ လွတ်လပ်စွာ ရေးသား၊ စိတ်ကူးတွေ ပုံဖော်လို့ ဘလော့ကြီးကတော့ ရေရှည်တည်မြဲနေမှာပါပဲ။
AddThis Social Bookmark Button
မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...  
November 18, 2007
မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...
အနားသတ်မညီညာတဲ့ ကောင်းကင်
အလင်းညှိမထားတဲ့ ကြယ်တွေနဲ့
မပြည့်ဝတဲ့ လ
အဲဒီညရဲ့
သာမန်လက်ဖက်ရည်ဆိုင်လေးထဲက
အရောင်လွင့် တိမ်ဖျော့ ကျွန်တော်
သီချစ်းတစ်ပုဒ်အတွက် အသင့်ဖြစ်နေတဲ့
ကြိုးညှိပြီးသား ဂစ်တာတစ်လက်နဲ့
သီချင်းရေးစပ်ဖို့ အဖြူရောင်စာရွက်တစ်ရွက်
ဒါ ကဗျာတစ်ပုဒ်ပဲလား...
ပြီးဆုံးခြင်းပြည်ဖုံးကားနောက်မှာ
ကျွန်တော်တို့ဘ၀တွေ ရေးဆွဲခဲ့ကြတယ်
အရောင်အသွေးတွေလည်း စုံလင်တယ်
...........................
...........................
...........................
ခွင့်လွှတ်ပါ
မနက်ဖြန်ဆိုတာရှိခဲ့ရင်
မနက်ဖြန်မှ ဆက်ကြတာပေါ့။
AddThis Social Bookmark Button
November 16, 2007
သိုးလေး အရှုပ်ကလေးတွေ လုပ်နေလို့... ဘလော့ကိုလေ အောက်ခံ ပြောင်းဖို့၊ ဘန်နာတင်ချင်လို့... အဟဲ... တစ်ခုမှတော့ မဖြစ်သေးဘူး... ကြိုးစားဆဲ။
AddThis Social Bookmark Button
ရင်တွင်းဖြစ်  
November 13, 2007
ရင်တွင်းဖြစ်
၂၁ ရာစုရဲ့သမီးပျို
ရန်ကုန်ကို စစ်မြေပြင်လို သဘောထားတဲ့ ငါ
အဲဒီလမ်း ပင်ပန်းမှာလည်း မကြောက်ဘူး
ကြမ်းတမ်းမှာလည်း မကြောက်ဘူး
ငါကြောက်တာ မလျှောက်လှမ်းရမှာပဲ။
ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်ကို
မိဘအလိုကျ အိမ်မှာအလှပြထားမှ
အဲဒါ သမီးလိမ္မာတဲ့လား...
"မပြောချင်လို့ ကြည့်နေတာ ကြာပြီ" လို့ အပြောခံရလောက်အောင်
ငါ အတော့်ကို ဆိုးရွားနေပြီလား...
"တဇွတ်ထိုး တဇောက်ကန်း" ဆိုတဲ့ ဘွဲ့က
ငါ့အတွက် မြင့်များ မြင့်နေသလား...
ကျယ်ပေမဲ့ ကျဉ်းလွန်းတဲ့ မြို့ပြဟာ
ပါးစပ်တစ်ပေါက်နဲ့ အသက်ရှူတဲ့လူလို
ငါ့အတွက်တော့ ရှူ၍မ၀နိုင်သော လေပဲ။
နေရောင်ပျောက်ရင် မျက်စိအောက်ရောက်နေမှ
စေရာသွား ခိုင်းရာလုပ်
အရုပ်တစ်ရုပ်လိုဖြစ်နေတဲ့ငါ့အတွက်
တနင်္ဂနွေတွေ သေဆုံးခဲ့တာ ကြာပြီ။
Helen Keller နဲ့အတူ ဘ၀တိုက်ပွဲဝင်ခဲ့တဲ့
Anne Sullivan လို
တစ်ခါတစ်ရံတော့ အမေ့ကို အားကိုးချင်တယ်။
ကောင်းကင်ဘုံမှာ နေသားကျနေမယ့်
အဖေ့ရဲ့ရင်ခွင်ကျယ်မှာ
တစ်ခါတစ်ခါ ခိုနားချင်တယ်။
မလိုအပ်ဘဲ စွမ်းအင်တွေ မကုန်ခမ်းစေဖို့
မျက်ရည်မကျတတ်အောင် သင်ပေးခဲ့တဲ့
ငါ့ဘ၀ကြီးကို ငါလေးစားတယ်
အမှောင်တွင်းက အလင်းရစေဖို့
ငါ့ညကို ငါထွန်းပမယ်
ဒါပေမဲ့
အဲဒီညအတွက် အသက်ဆက်ဖို့
အမေ့ရဲ့အပြုံးတစ်ချက်တော့
အမှန်လိုအပ်တယ်။
AddThis Social Bookmark Button
ဝိညာဉ်ရှိ ရုပ်သေးရုပ်များ  
November 12, 2007
ဝိညာဉ်ရှိ ရုပ်သေးရုပ်များ
ဘ၀ပုံစံကို ပြောင်းပစ်ရမယ်တဲ့။
သူတို့က ဘ၀အကြောင်း ဘယ်လောက်သိလို့လဲ။
ဘ၀ရဲ့အသက်ရှူသံကို သူတို့ ကြားဖူးလို့လား။
ဘ၀ရဲ့နှလုံးခုန်သံကို သူတို့ နားထောင်ဖူးလို့လား။
သူတို့ ဘာတွေ ဘယ်လောက်မြင်ဖူးလို့လဲ။
သူတို့က ဘ၀ဆိုတာ ကုန်ကြမ်းပစ္စည်းတစ်ခုလို့ ထင်နေကြတယ်။
သူတို့ပြုပြင်လိုက်ရင် ကုန်ချောဖြစ်သွားလိမ့်မယ် ထင်နေကြတယ်။
သူတို့ ဂုဏ်တင်လိုက်ရင် ဘ၀တစ်ခု မြင့်တက်သွားလိမ့်မယ်လို့ ထင်နေကြတယ်။
ဒါပေမဲ့ ဘ၀ဆိုတာ ပစ္စည်းတစ်ခု မဟုတ်ဘူး။
ဘ၀ဆိုတာ ဘယ်သူကမှ ပြောင်းပေးစရာမလိုဘူး။
သူ့ဘာသာသူ အမြဲပြောင်းနေတာ။ ရွေ့လျားနေတာ။
ငါတို့သိထားတဲ့ ပြောင်းလဲခြင်း သီဝရီတွေထက် အဆမတန် ကျဉ်းတဲ့
ထောင့်ချိုးမျိုးတွေနဲ့ ကွေ့ဝိုက်ပြောင်းလဲနေတာ...
သူတို့က သူတို့နဲ့အတူ သီချင်းတွေ သံပြိုင်လိုက်ဆိုနေမှ...
သူတို့တွေးသလို တွေး...
သူတို့မြင်သလို မြင်မှ...
အဲဒီအတွေးအမြင်တွေက လူတွေရဲ့ ခေါင်းထဲမှာ၊ လည်ချောင်းထဲမှာ ပြည့်ကျပ်
ပြွတ်သိပ်နေပြီ။
သူတို့ပါးစပ်က စကားလုံးကြီးတွေနဲ့ အမြှုပ်ထွက်အောင် ပစ်ပေါက်နေကြတယ်။
ဒါပေမဲ့ အရေးကြီးဆုံး အချက်ကို သူတို့ မေ့နေကြတယ်။
အဲဒါ အင်အားသုံးပြီး ဘယ်တော့မှ အချစ်ခိုင်းလို့
မရဘူး
ဆိုတာပဲ။
(မှီငြမ်း --> Pasternak ၏ Dr. Zhivago နှင့် ဆရာ
တင်မောင်မြင့်၏ ကမ္ဘာကျော်တို့၏ ပုံရိပ်များ)
AddThis Social Bookmark Button
ငါနှင့် ငါမဟုတ်တဲ့ ငါ  
November 10, 2007
ငါနှင့် ငါမဟုတ်တဲ့ ငါ
ငါ့ခန္ဓာထဲမှာ
ငါနှင့်အတူ
ငါဆိုတဲ့
မကောင်းဆိုးဝါးကိုယ်ပွားရှိနေတယ်
ခုမှတော့မဟုတ်ဘူး
ကြာခဲ့ပြီ
မွေးကတည်းကဆိုပါတော့
ငါ့ရဲ့မျှော်လင့်ခြင်း
ငါ့ရဲ့စိတ်ကူး
ငါ့ရဲ့အိပ်မက်
ငါ့ရဲ့ရပ်တည်ချက်
အားလုံးကို ချေဖျက်တယ်
အဆုံး
ငါ့မွေးရာပါ ဦးနှောက်ညာဏ်တောင်
ညံ့ဖျင်းအောင်လုပ်တယ်
ငါ့ဖန်တီးမှု
ငါ့ပြီးပြည့်စုံမှု
ငါ့လွတ်လပ်မှု
ဘာတစ်ခုမှမချန်တဲ့အပြင်
ငါ့ဒုက္ခတွေကိုဝေမျှဖို့
ပြောဆိုခွင့်တောင်မပေးဘူး
ငါ့ကိုယ်ထဲက ငါ့ကို
အပြီးအပိုင်ထုတ်ပစ်လိုက်ဖို့လည်း
ငါမတတ်နိုင်ခဲ့ဘူး
ငါဟာ ငါနှင့်အတူ
အမြဲရှိနေတယ်
သေဆုံးချိန်တိုင်အောင်ပဲ။
Who Am I ရဲ့ The concept of "I" and "Me" နဲ့ တခြားစာသားလေးကို ဖတ်မိပြီး အတွေးဝင်သွားလို့ ရေးဖြစ်တာပါ။
AddThis Social Bookmark Button
ရပ်တည်ချက်  
November 09, 2007
ရပ်တည်ချက်
မညီမျှခြင်းရလာဒ်ကို မကျေနပ်တိုင်း
အိုင်းစတိုင်းကို စော်ကားတာမဟုတ်သလို
အပြုံးတစ်ခုကို မချင့်မရဲဖြစ်တာလည်း
မိုနာလီဇာကို သရော်တာမဟုတ်ဘူး
ကဗျာရေးတဲ့လက် ထမင်းမငတ်သလို
အိပ်မက်တွေမက်တိုင်းလည်း သေဆုံးမသွားတတ်ဘူး။
AddThis Social Bookmark Button
လွတ်လပ်ကောင်းကင်  
November 05, 2007
လွတ်လပ်ကောင်းကင်
ငါဆွဲတဲ့ ပန်းချီကား
စုတ်ချက်တွေ များတယ်
ဆေးရောင်တွေ ကြောင်တယ်
အရောင်တွေ မှောင်တယ် လင်းတယ်
ငါရေးတဲ့ကဗျာ
ကာရန်မညီညာဘူး
သဘာဝနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး
အမျိုးမျိုး ဝေဖန်ခွင့်ရှိတယ်မိတ်ဆွေ
ဝင်ရိုးစွန်းချင်းတူရင်
တွန်းကန်တတ်ပေမဲ့
ငါကတော့
ခေါင်းလေး ငဲ့
ခါးလေး လှည့်လို့
တူညီရာဝင်ရိုးစွန်းမှာပဲ
ပျော်ပျော်ကြီးလွင့်မျောချင်တယ်
ဒါက
လွတ်လပ်ကောင်းကင်လေ။
AddThis Social Bookmark Button
Apologize to all  
November 04, 2007
I cannot read any blog and make any post for my blog these days as I
have exam next week. And then Internet connection is so bad. So I
cannot check only mail. I really apologize to all bloggers. Thanks so
much for being visit to my blog.
May you all' be always happy.
With Best Wishes
AddThis Social Bookmark Button
© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster