July 06, 2007
ဇူလိုင် ၁၉ စဉ်မညှိုးဖို့
ကြိုးစားကြစို့ မြန်မာပြည်သားတို့
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (သက်ရှိ) ကို ပထမဦးဆုံးအကြိမ်မြင်ဖူးတာ အခွေထဲမှာ မဟုတ်ပါဘူး။ အိပ်မက်ထဲမှာပါ။သိုးလေးငယ်ငယ်ကတည်းက ဗိုလ်ချုပ်အကြောင်း အမြဲပြောပြတတ်တဲ့ သိုးလေးရဲ့ ဖေဖေကြောင့် သိုးလေးရဲ့ နှလုံးသားထဲထိ ဗိုလ်ချုပ်က စွဲထင်နေပါတယ်။ ငယ်ငယ်က သိုးလေးတို့နေခဲ့တဲ့ အိမ်နားမှာ ပရိုဂျက်ကွင်းလို့ အများခေါ်ကြတဲ့ ကွင်းပြင်ကြီး အကြီးကြီးရှိတယ်။ ဂျပန်ခေတ်တုန်းက ဂျပန်တွေ ဗုံးကြဲခဲ့လို့ ကွင်းကြီးဖြစ်နေတာလို့ ဖေဖေကပြောပြတယ်။ တောင်ကုန်းလေးတွေလည်း အများကြီးရှိတယ်။ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ဇူလိုင် ၁၉ ရက်နေ့ (အာဇာနည်နေ့) တွေရောက်တိုင်း ကျိုက်ကဆံကွင်းမှာ သူ့အချိန်ကိုက် မီးရှူးမီးပန်းတွေလွှတ်တင်ပြီး စစ်တပ်က ကြိုဆိုကြတယ်။ အဲဒီနေ့တွေ ရောက်တော့မယ်ဆိုရင် သိုးလေးတို့မောင်နှမတစ်တွေ အိပ်လို့မပျော်ဘူး။ ဘာလို့ဆို သိုးလေးတို့အိမ်နားက ပရိုဂျက်ကွင်းကြီးထဲမှာရှိတဲ့ တောင်ကုန်းခပ်မြင့်မြင့်ပေါ်က တက်ပြီးကြည့်ရင် အဲဒီမီးရှူးမီးပန်တွေ လွှတ်တင်တာကို အကုန်မြင်ရတယ်လေ။ တစ်ရပ်ကွက်လုံးက အဘိုးအဘွား၊ ကလေးလေးတွေပါမကျန် ဂုဏ်ပြုဖို့ မနက်ဆို တောင်ကုန်းလေးတွေအပေါ် အလုအယက် တက်ကြတာလေ။ ဒါကြောင့် မနက်ရောက်တာနဲ့ တောင်ကုန်းလုရတာက အလုပ်တစ်ခုပေါ့။ ကျိုက်ကဆံကွင်းဘက်ကနေ စစ်တပ်ရဲ့ ခရာမှုတ်သံကို နားစွင့်ပြီး ငြိမ် လို့ ဖေဖေကပြောတာနဲ့ သိုးလေးတို့မောင်နှမတစ်တွေအပါအ၀င် ပရိုဂျက်ကွင်းထဲက လူတွေအကုန်လုံး မတ်မတ်ရပ်၊ ဦးညွှတ်ပြီး ခဏ ငြိမ်တိတ်သွားတာပဲ။ ရှမ်းပြည်နယ်ကိုယ်စားပြု ဘောလုံးနည်းပြ တစ်ဖြစ်လဲ ဆာဂျင်အဖြစ်နဲ့ စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ ဖေဖေက ဗိုလ်ချုပ်ကို အရမ်းလေးစားတာကလား။ ဗိုလ်ချုပ်ရဲ့ တာဝန်လေးစားပုံ၊ မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းပုံတွေကို ပြောပြလွန်းလို့ မေမေဆို နင့်အဖေက သူနဲ့ တွဲပြီး အလုပ်လုပ်ခဲ့တာကျနေတာပဲ ဆိုပြီး ရယ်ပြောလေး ပြောတတ်တယ်။ သိုးလေး သိတတ်စအရွယ်ရောက်တဲ့အထိ အဲဒီ မီးရှူးမီးပန်းတွေလွှတ်တင်တာကြည့်ပြီး ဂုဏ်ပြုခဲ့ရသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ခရာမှုတ်သံလည်း မကြားရတော့ဘူး။ မီးရှူးမီးပန်းတွေ လွှတ်တင်တာလည်း မမြင်ရတော့ဘူး။ ဘယ်လိုပဲ အသံတွေမကြားရ၊ မီးရှူးမီးပန်းတွေ လွှတ်တင်တာ မမြင်ရပေမဲ့ အဲဒီနေ့ အဲဒီရက်ရောက်တိုင်း သိုးလေးတို့ရဲ့ နှလုံးသားထဲကနေ အမှတ်ထင်ထင် ဂုဏ်ပြုခဲ့မြဲပါပဲ။ အခုနောက်ပိုင်းကလေးတွေဆို လွတ်လပ်ရေးနေ့လည်းမသိ၊ အာဇာနည်နေ့လည်းမသိ၊ ပြည်ထောင်စုနေ့လည်းမသိ၊ အမျိုးသားနေ့လည်းမသိ၊ တောင်သူလယ်သမားနေ့လည်း မသိ၊ ဘာဆိုဘာမှကို မသိကြတာ များတယ်။ ကျောင်းပိတ်ရက်ဆိုပြီးတော့သာ ပျော်နေကြတာ။ ဘာမှန်းညာမှန်းသိကြတာမဟုတ်ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပဲ မေ့အောင် လုပ်ထားလုပ်ထား တိုင်းပြည်အတွက် အသက်စွန့်သွားရတဲ့၊ သွေးစွန်းနေတဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်တို့ကို မမေ့ဖို့၊ ဂုဏ်ပြုဖို့
ဇူလိုင် ၁၉ စဉ်မညှိုးဖို့
ကြိုးစားကြစို့ မြန်မာပြည်သားတို့
ဆိုတဲ့ စာသားလေးနဲ့ မြန်မာပြည်ကိုချစ်တဲ့၊ မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူတဲ့စိတ်နဲ့ သိုးလေးက အခု ကျရောက်လာမယ့် အာဇာနည်နေ့ကို ဂုဏ်ပြုရင်း တစ်တပ်တစ်အား ပါဝင်ပါတယ်လို့...
July 14, 2007 at 3:44 AM
We need to uphold the Legacy of U Aung San - who dedicated his whole life to the achievement of Independence. We need to make sure every generation of Burma know his courage, his honesty, his wisdom, his sacrifice and his patriotism. The coming generation should have this kind of noble reference to aspire themselves to make Burma a progressive democratic country.