အိပ်မက်မဟုတ်တဲ့ အိပ်မက်  

July 18, 2007

ဟော... ဟိုမှာ မြင်နေရတာ
အလောင်းစင်ကြီးတစ်ခု ထမ်းလာသလိုပါပဲလား
ငါ အခု ဘယ်ရောက်နေသလဲ
ငါ မြင်နေရတဲ့အလောင်းကကော ဘယ်သူ့အလောင်းလဲ
ရှေ့တွေ နောက်တွေ လူတွေလူတွေ အုံလို့
တစ်ယောက်ကလည်း ဓာတ်ပုံကြီးကိုင်လို့
ဒီလောက်များတဲ့လူတွေနဲ့ အသုဘချမြင်ကွင်း
ဘေးလူတစ်ယောက်ပြောသံကြားတယ်
မငိုနဲ့
ဗိုလ်ချုပ်က ငိုတဲ့ယောက်ျားကို အလိုမရှိဘူးတဲ့။
ဗိုလ်ချုပ်...
ဒါဟာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသုဘချမြင်ကွင်းလား
မဖြစ်နိုင်ဘူး
ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတယ်
သတင်းမှားတွေ ငါ့ဆီသယ်ဆောင်မလာနဲ့
ငါ သိပ်မုန်းတယ်။
ကြောက်လန့်ခြင်းကင်းတဲ့ ခြေထောက်တွေက အလောင်းစင်နား ခေါ်ဆောင်သွားတယ်
ဒါ ဗိုလ်ချုပ်မှ ဗိုလ်ချုပ်အစစ်ပါလား
မယုံဘူး
ဒီနေရာမှာ ငါနဲ့သိတဲ့လူတွေမရှိဘူး
ဗိုလ်ချုပ်ကလွဲလို့ မြင်မြင်သမျှမျက်နှာတိုင်းကို ငါမသိဘူး
မဟုတ်ဘူး
မဟုတ်ဘူး
ဒါဟာ အိပ်မက်တစ်ခု
သေချာတယ် ဒါဟာ အိပ်မက်တစ်ခု
လူတန်းရှည်ကြီးမဆုံးသေးဘူး
ငါဘာလုပ်ရမှာလဲ
ဒီလူတန်းနဲ့အတူ လိုက်သွားရမှာလား
အိပ်မက်က နိုးထရမှာလား ...

... ... ...
ဇူလိုင် ၁၉ စဉ်မညှိုးဖို့ ကြိုစားကြစို့ မြန်မာပြည်သားတို့ ဆိုတဲ့ စာသားလေးနဲ့ ပို့စ်တစ်ခု တင်ခဲ့ပြီးပါပြီ။ အဲဒီထဲမှာ သိုးလေးငယ်ငယ်က ဗိုလ်ချုပ်ကို အိပ်မက်မက်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို အခု သိုးလေးရေးချင်တဲ့ ပုံစံလေးနဲ့ ရေးထားတာပါ။ တကယ်တော့ အဲဒီအိပ်မက် မက်တဲ့အချိန်က သိုးလေးက တကယ့်ကလေးလေး အရွယ်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကို စာအုပ်ထဲမှာပဲ မြင်ဖူးခဲ့တာလေ။ အခွေတွေဘာတွေလည်း ကြည့်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမဲ့ ဖေဖေက ဗိုလ်ချုပ်အကြောင်း အမြဲပြောပြတတ်တော့ အဲဒါက ရင်ဘတ်ထဲထိ စွဲနေတာ။ အိပ်မက်မက်တဲ့အထိပေါ့။ ဗိုလ်ချုပ်ကို အရမ်းလေးစားအားကျလွန်းတော့ ဗိုလ်ချုပ်နဲ့ ဖွားဇာတာ တူတာကိုပဲ မဆီမဆိုင် သဘောတွေကျလွန်းလို့...
မနက်ဖြန်ဟာ သိုးလေးတို့ တစ်မျိုးသားလုံးရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦး ကို ဂုဏ်ပြုတဲ့နေ့... အဲဒီနေ့အတွက် သိုးလေးရဲ့ရင်ထဲကစကားလေးကတော့

ငါ၏ခန္ဓာ ရုပ်၊ နာမ် တည်သရွေ့
အာဇာနည်နေ့ စဉ်မမေ့။ ။

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster