ဆန္ဒ
July 24, 2007
မရေရာတဲ့လောကကြီးမှာ လူတွေဟာ မသေချာတဲ့နေရာတစ်ခုအတွက် အမောတကော ပြေးနေကြရတာပဲ။ ပြေးနေရင်းနဲ့တော့ ကိုယ်ရောက်နေတဲ့ နေရာဟာ ကိုယ့်အတွက် စိတ်ကျေနပ်မှု ရှိနေပြီလား၊ ငါကော အတော် မောပန်းနေပြီလားလို့ ပြန်ဆန်းစစ်ရမယ်လေ။ ပုံပြင်လေးတစ်ခုပြောပြချင်တယ်။ တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ တိုင်းသူပြည်သား မရှိဆင်းရဲသားတွေအတွက် မြေနေရာ ဝေငှချင်တာနဲ့ ဘယ်လိုကြေညာချက်ထုတ်သလဲဆိုတော့ မနက် စမိုးလင်းတာနဲ့ မရပ်မနားပြေးရမယ်။ ညနေအထိ။ စပြေးတဲ့နေရာကနေ ညနေအချိန် ရပ်တဲ့နေရာအထိကို မိမိပိုင်တဲ့မြေအဖြစ် သတ်မှတ်ပေးမယ်ဆိုပြီး ကြေညာတယ်။ အဲဒီမှာ လူတစ်ယောက်ဟာ ဒီတစ်ခါတော့ ကျွန်ဘ၀က ကျွတ်ရချည်ရဲ့၊ ကိုယ်ပိုင်မြေလေးနဲ့တော့ နေရချည်ရဲ့ဆိုပြီး မနက်လင်းတာနဲ့ စပြေးတာ... ပြေးတာ... အလိုလောဘကလည်းကြီးတော့ မရပ်မနားဘဲ တောက်လျှောက်ပြေးတာ ညနေစောင်းတဲ့အထိ ဆိုပါတော့။ အတွေးထဲမှာလည်း ငါ အတော်ပြေးခဲ့ပါလား။ ဒါပေမဲ့ သတ်မှတ်ချိန်ရောက်ဖို့ နည်းနည်းလိုသေးတာပဲ၊ ငါထပ်ပြေးလိုက်ရင် မြေပိုရတာပဲဆိုပြီး မရပ်မနားဆက်ပြေးတာ ပြေးနေရင်းနဲ့ အမောဆို့ပြီး လဲကျရာနေရာတင် သေဆုံးပါရောတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးက ဘာပြောသလဲဆိုတော့ အလိုလောဘကြီးတဲ့လူဖြစ်လို့ သူ့အတွက်မြေဟာ ခြောက်ပေသာ ဖြစ်တယ်တဲ့။ တကယ်တော့ အလိုလောဘကြီးတဲ့သူဖြစ်စေ၊ အလိုလောဘမကြီးတဲ့သူဖြစ်စေ ကိုယ်ပိုင်တဲ့မြေရယ်လို့ မရှိပါဘူး။ ကိုယ် ဘာမှ မပိုင်ပါဘူး။ ဒါ ကိုယ်ပိုင်တယ်လို့ ပြောလိုက်တာနဲ့ ဒါ အတ္တ ဖြစ်သွားပြီလေ။ ဒါကို လူတွေမသိဘူးလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ သိကြတာပေါ့။ ဒါပေမဲ့ မပြောဘူးလားဆိုတော့လည်း မကြာခဏ ပြောနေကြတာပဲလေ။ သိုးလေးလည်း လွတ်လားဆို မလွတ်ပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီးအများကြီး တွေးဖြစ်တယ်။ ဖြစ်ချင်ခဲ့တဲ့ဘ၀နဲ့ ဖြစ်နေတဲ့ ဘ၀ အရမ်းကို ကွာဟပါတယ်။ မကြိုးစားခဲ့လို့လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရမ်းကို အမောတကော ပြေးပြီးတော့ကို ကြိုးစားခဲ့တာ။ အခုတော့ မောပန်းနေပြီလေ။ နည်းနည်းလေးတော့ နားလိုက်ဦးမယ်။ ကိုယ်ပိုင်တဲ့အရာ ဘာမှမဟုတ်ဘူးဆိုတာ သိပေမဲ့လည်း ကိုယ့်အတွက်မြေ ခြောက်ပေတော့ နည်းတယ်ထင်တာပဲ။ ဒီ့အတွက် ပြေးလိုက်၊ နားလိုက်နဲ့ မရေရာတဲ့လောကကြီးမှာ မသေချာတဲ့ နေရာတစ်ခုအတွက် ကြိုးစားပါရစေဦးနော်...
July 24, 2007 at 5:45 PM
I'm still running and seeing a dim light from my goal.
July 26, 2007 at 10:15 AM
သိုးမလေးရေ....အားလုံးဒီလိုပါပဲ.. အေးချမ်းပါစေ
July 28, 2007 at 8:25 AM
ဖြည်းဖြည်း မှန်မှန် ပြေးရမယ်တဲ့ တာဝေး အပြေးသမားတစ်ယောက် က ပြောပြဖူးပါတယ်