စိတ္တဇအစွဲအလမ်း  

July 16, 2007

ကဗျာတစ်ပုဒ်ဖတ်ပြီးတိုင်း
ခန္ဓာကိုယ် အားသစ်လောင်းလိုက်သလို
အားအင်တွေပြည့်လို့
ဒါပေမဲ့ အထင်မကြီးနဲ့မိတ်ဆွေ
အဲဒါ ငါ့ကဗျာမဟုတ်ဘူး။

ဝတ္ထုတစ်ပုဒ် စာစီပြီးတိုင်း
အကောင်းဆုံးရုပ်ရှင်တစ်ကား ကြည့်လိုက်ရသလို
ခံစားချက်တွေပြည့်လို့
ဒါပေမဲ့ အထင်မကြီးနဲ့မိတ်ဆွေ
အဲဒါ ငါ့ဝတ္ထုမဟုတ်ဘူး။

ပန်းချီကားတစ်ချပ် အဖုံးလုပ်ပြီးတိုင်း
သပ်ရပ်ခံ့ညားတဲ့စာတစ်အုပ် မြင်လိုက်ရသလို
ပီတိတွေဖြစ်လို့
ဒါပေမဲ့ အထင်မကြီးနဲ့မိတ်ဆွေ
အဲဒါ ငါ့ပန်းချီမဟုတ်ဘူး။

စိတ်ကြိုက်အလှပြင်ဆင်ပြီးတိုင်း
နောက်ထပ်အလှဆုံးတစ်ယောက်မရှိနိုင်တော့သလို
ကိုယ့်ကိုယ်ကိုယ်ကျေနပ်လို့
ဒါပေမဲ့ အထင်မကြီးနဲ့မိတ်ဆွေ
အဲဒါ ငါ့ပိုင်မဟုတ်ဘူး။

ငါပိုင်ကဗျာတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးတယ်
ခေတ်ပေါ်ကဗျာကို နှစ်သက်ပေမဲ့
ရတု ပိုဒ်စုံလည်း ငါဖတ်တယ်
ဒွေးချိုး လေးချိုးလည်း ငါဖတ်တယ်
ဒါပေမဲ့ ကဗျာ့စည်းမျဉ်းတွေ ငါမသိဘူး
ကဗျာရေးဖို့ သတ္တိမရှိဘူး။

ငါပိုင်ဝတ္ထုတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးတယ်
ရသ၀တ္ထုကို ငါနှစ်သက်ပေမဲ့
သုတလည်း ငါဖတ်တယ်
ဇာတ်တော်ကြီးဆယ်ဘွဲ့လည်း ငါဖတ်တယ်
ဒါပေမဲ့ ၀တ္ထုရေးတဲ့အတတ်ပညာ ငါ့မှာမရှိဘူး
ဝတ္ထုရေးဖို့ သတ္တိမရှိဘူး။

ငါပိုင်ပန်းချီကားတစ်ချပ်ဆွဲမယ်လို့ စိတ်ကူးတယ်
ပို့စ်မော်ဒန်ပန်းချီကို နှစ်သက်ပေမဲ့
ဦးဘဂျမ်းပန်းချီလည်း ငါကြိုက်တယ်
ဦးစံတိုးပန်းချီလည်း ငါကြိုက်တယ်
ဒါပေမဲ့ ပန်းချီသဘော ငါနားမလည်ဘူး
ပန်းချီဆွဲဖို့ သတ္တိမရှိဘူး။

ငါမပိုင်တဲ့ ငါ့ရဲ့ကိုယ်
အလှဆုံး ဆေးရောင်ခြယ်
အသစ်လွင်ဆုံး ဖုံးအုပ်
ရနံ့ထုံအောင် လုပ်ထားလည်း
ငါမစပ်တဲ့ ကဗျာ
ငါမရေးတဲ့ ၀တ္ထု
ငါမဆွဲတဲ့ ပန်းချီတွေလောက် မတပ်မက်ဘူး။

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster