နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ  

December 31, 2007

နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ

နှစ်တစ်နှစ်ကုန်ဆုံးလို့ နေ့သစ်တွေမွေးဖွားခြင်းရဲ့အစ ရောက်ရပြန်တော့မယ်။ တကယ်တော့ တစ်နှစ်ပြီးတစ်နှစ် နှစ်သစ်တွေ စတင်တိုင်း ငါဟာ စိတ်သစ် လူသစ်နဲ့ နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တာ ကိုယ့်ဘ၀ကိုယ် ရပ်တည်ချင်တဲ့စိတ် စတင်ဖြစ်ပေါ်ကတည်းကပဲ။ ဒီလိုနဲ့ ခုဆို ၂၀၀၇ ကုန်ဆုံးပြီ။ မနက်ဖြန်ဆို ၂၀၀၈ ဖြစ်ပြီ။ ညီမလေး ၀င်္ကပါ ပြောသလိုပဲ ကိုယ်လုပ်ခဲ့သမျှ အရာအားလုံးကို လက်က ချမရေးရဲသေးဘူး။ စိတ်နဲ့ အရင်ခန့်မှန်းကြည့်တယ်။ သေချာတာတော့ ကျေနပ်အားရမှုမရှိသေးတဲ့အတိုင်းအတာတစ်ခုပဲ။ ငါဟာ ကြိုးစားဆဲပါပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၃၁ မှာ အမှတ်တရရှိခဲ့တာတော့ သေချာတယ်။ ပျော်ရွှင်ခြင်းလား၊ ၀မ်းနည်းကြေကွဲခြင်းလား... အေးချမ်းသော သိုးမလေး လို့ ချစ်ကြသူတွေက ခေါ်ကြတယ်။ ချစ်ရတဲ့ ဖေဖေကတော့ သမီးလေး နှင်း လို့ ခေါ်တယ်။ အမည်ပညတ်ချက်အတိုင်း နင့်ကို အေးချမ်းစေချင်တယ်လို့ အချစ်ဆုံးသူငယ်ချင်းက ပြောခဲ့တယ်။ ဖြူစင်သော သိုးမလေးရယ်လို့ မရည်ရွယ်ပါဘဲ ဒီနာမည်ကို ရခဲ့တယ်။ ဘ၀မှာ ပေးဆပ်မှုသာ ရှိမယ်လို့ မမေးရဘဲ ဗေဒင်ဟောခံထားရတယ်။ ဒါတွေဟာ တိုက်တိုက်ဆိုင်ဆိုင် ၃၁ မှာ ဖြစ်ခဲ့တာတွေပါ။ မယုံ ပုံပြင်လို့မှတ်။ မနှစ်က ၃၁ မှာ ပျော်ရျွင်ခြင်း၊ ၀မ်းနည်းခြင်း ဘာဆိုဘာမှ မရှိခဲ့ဘူး။ အဖေ့ကို သတိရတဲ့စိတ်က လွဲလို့ပေါ့။ ဒီ ၃၁ မှာတော့ တကယ်ကို အငိုမျက်လုံး အပြုံးမျက်နှာ ဆိုသလို အဖေ့အတွက် လွမ်းတဲ့စိတ်ကြောင့် ငိုချင်နေတဲ့နှလုံးသားကို သူငယ်ချင်းတွေရဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းလေးတွေဖတ်ပြီး ပြုံးရယ်နေတဲ့ မျက်နှာက အရှက်ရနေတယ်။ မမလေး tag လို့ ရေးလိုက်တာ။ လက်တန်း။ ဘာမှ ပြင်ဆင်ထားခြင်း မရှိ၊ ရည်ရွယ်ထားခြင်း မရှိပါဘဲ တဒင်္ဂဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ချရေးလိုက်တာပါ။ ၃၁ ကို ၃၁ မှာပဲ ထားခဲ့ချင်တယ်လေ။ အားလုံးပဲ နှစ်သစ်ကို ပျော်ရွှင်မှုတွေနဲ့အတူ ရွှင်လန်း လတ်ဆတ်စွာ စတင်နိုင်ပါစေ။

AddThis Social Bookmark Button


ကျေပါစေတော့ ၀ဋ်ကြွေးရယ်  

December 26, 2007

ကျေပါစေတော့ ၀ဋ်ကြွေးရယ်

မမွေးဖွားခင် သေဆုံးခဲ့ရတဲ့ ကလေးငယ်လို
ရင်ထဲကဆန´တွေဟာလည်း
မရှင်သန်ခင် ပျက်သုဉ်းခဲ့ရပြီလေ
ဒါပေမဲ့ အစပျိုးမိတဲ့အသည်း
တဆတ်ဆတ်နာနေဆဲပါပဲ။

3 ရက်၊ 3 လ မဟုတ်ဘူး၊ 3 နှစ်ခွဲရမှာ
အစ်ကိုပြောတာ နားထောင်ပါဦး တဲ့
ခုတော့ မျှော်လင့်ခြင်းဆိုတဲ့အရာကို
မုန်းတီးနေတတ်ခဲ့ပြီ အစ်ကို။

စကားလုံးမဲ့ဘ၀ထဲကို တိုးဝင်လာခဲ့ပြီးမှ
တေးချင်း တူစုံညည်းချင်တယ်ဆိုရင်တော့
စွမ်းနိုင်ရည်မဲ့တဲ့ တိမ်တွေနဲ့
ကောင်းကင်ပြာကို ထမ်းမထားလိုတော့ပါဘူး။

ဒီဇင်ဘာညရဲ့ အအေးဒီဂရီဟာ
အနုတ်လက©ဏာပြနေတယ်တဲ့
အသံတိတ်ကြိတ်ငိုလို့ ပူလောင်နေတဲ့ ရင်ခွင်မှာတော့
နွေခေါင်ခေါင်ပါပဲလေ။

အချိန်ကာလလို့ တွက်ချက်နေကြတဲ့
လည်နေဆဲ နာရီတွေရယ်
တန်ဖိုးမဲ့ကုန်ဆုံးသွားတဲ့ နေ့ရက်တွေရယ်
ကျွန်မရဲ့ အဖော်တွေ ဖြစ်ခဲ့ဖူးတယ်။

ဒီလိုသာလည်ပတ်နေမယ်ဆို
နောင်သံသရာဆိုတာရှိခဲ့ရင်
လူမြင်လှမှာမဟုတ်ဘူးလေ
လွမ်းနေဆဲနှလုံးသားကို
ဝဋ်ကြွေးပါလားဆိုတဲ့ အသိတရားအောက်မှာ
ပျောက်ဆုံးသွားပါစေလို့ ဆုတောင်းရင်း
ကျွန်မ ကြေကွဲစွာ ကျေနပ်တတ်ခဲ့ပါပြီ။

AddThis Social Bookmark Button


Movie Maker ကျေးဇူး  

December 22, 2007

Movie Maker ကျေးဇူး

ပြီးခဲ့တဲ့သောကြာနေ့က အလုပ်ကလည်း အား၊ ပိုက်ဆံကလည်း ပြတ်နဲ့ သိုးလေး တော်တော်စိတ်ညစ်နေတာ။ အင်တာနက်သုံးချင်တာလည်း ပိုက်ဆံမရှိလို့ မသုံးရဘူး။ တော်တော်သနားဖို့ကောင်းတယ် ဟီးဟီး။ အဲဒါနဲ့ မထူးဘူးဆိုပြီး ကွန်ပျူတာရှေ့မှာ ဟိုလုပ်ဒီလုပ်နဲ့ လျှောက်လုပ်နေရင်း သူငယ်ချင်းတစ်ယောက် ပြောပြဖူးတဲ့ Movie Maker ကို သွားသတိရရော။ ပုံထည့်တာ၊ သီချင်းထည့်တာတော့ သိတယ်။ effect တွေ ထည့်ပြီး သီချင်းတစ်ပုဒ်ဆုံးတဲ့ထိ တစ်ခါမှမလုပ်ဖူးဘူး။ ဒါနဲ့ သိုးလေးအစ်မ ကျိုက်ထီးရိုးသွားတုန်းက ရိုက်ထားတဲ့ပုံတွေကို ကင်မရာထဲကနေ စက်ထဲထည့်၊ ပြီးတော့ တစ်ပုံနဲ့တစ်ပုံ ပြောင်းတဲ့ Video Making တွေ ထည့်၊ ပြီးတော့ audio သီချင်းသွင်း၊ ပြီးတော့ ပြန်ဖွင့်ကြည့်တော့ သီချင်းတစ်ပုဒ်ဆုံးသွားရော ပုံက အများကြီးကျန်နေသေးတယ်။ ဘယ်ရမလဲ နောက်သီချင်းတစ်ပုဒ်ထပ်သွင်း၊ အဲ... သီချင်း နှစ်ပုဒ်ဆုံးတော့ ပုံနဲ့ ကွက်တိ။ ဒါနဲ့ တစ်ခုခု လိုနေသေးသလိုပဲလို့ စဉ်းစားတော့ ခေါင်းစဉ်နဲ့ အပိတ်။ ဒါပေမဲ့ မထည့်တတ်ဘူး။ ကလိတဲ့နေရာမှာ သိုးလေးလေ ဘယ်ရမလဲ...Making title ဆိုတာတွေ့တာနဲ့ ဟုတ်ပြီ ဆိုပြီး နှိပ်လိုက်တာ။ အဲဒီလိုနဲ့ အဖွင့်စာသားနဲ့ အပိတ်စာသား ရသွားရော။ အပိတ်မှာလည်း Designed by Ayechanthu ဆိုပြီး အလကားရတဲ့ effct အကုန်ထည့်ပစ်လိုက်တာပေါ့။ ဘယ်ရမလဲ။ အဲဒီလိုနဲ့ နေ့ဝက်လောက်ကုန်သွားတဲ့အချိန်မှာ မမရဲ့ ကျိုက်ထီးရိုးသွား ခရီးစဉ် ရုပ်သေပုံလေးတွေဟာ သိုးလေးရဲ့အစွမ်းနဲ့ Movie Maker နဲ့လုပ်ထားတဲ့ မသပ်မရပ် မလှမပ (ကိုယ့်ဘာကိုယ်တော့ ပီတိဖြစ်နေတာပေါ့ ဟဲဟဲ) အခွေလေးတစ်ခွေ ဖြစ်သွားရော။ ပြီးတော့ အကြံရသွားတယ်။ ငါ့မှာ သူ့ပုံတွေကို နေ့ဝက်ကြီးများတောင် အချိန်ကုန်ခံပြီးလုပ်လိုက်ရတာ။ အကျိုးဆောင်ခတော့ ရသင့်တယ်လို့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ မမကို 'မမကျိုက်ထီးရိုးသွားတဲ့ပုံတွေကို သမီး အခွေလုပ်ပေးထားတယ်။ နောက်ခံသီချင်းလေးနဲ့။ အရမ်းမိုက်တယ် သိလား။ အဲဒါ နှစ်ထောင့်ငါးရာပဲပေး။ သူများဆို မရဘူး။ ပုံတွေကို Scan ဖတ်ရမယ်ဆိုရင်တော့ အဲဒီဈေးနဲ့ မရဘူး။ မမမို့ လျှော့ပေးတာ' ဆိုတော့ သူကလည်း သဘောတွေကျ၊ သူ့အခွေလေးကို ဖွင့်ကြည့်ပြီး ချက်ချင်းပဲ နှစ်ထောင့်ငါးရာ ထုတ်ပေးတယ်။ သူလည်း ကျေနပ်၊ ကိုယ်လည်း ပိုက်ဆံရပေါ့။
     ညနေကျတော့ ဘယ်ကဘယ်လိုကြားလာတယ်မသိဘူး၊ နောက်တစ်ခါ ညီမလေးသဘောနဲ့ ညီမလေးလုပ်ရင် ပိုက်ဆံမပေးဘူးနော် တဲ့။ အဲ... ဘယ်လိုဖြစ်ရပြန်တာလဲ ဆိုတော့ တခြားကပြောလိုက်တယ်၊ ဆိုင်မှာ ပုံ ၇၀ ကျော်ကို အဲဒီလိုလုပ်တာ ၁၅၀၀ ပဲ ပေးရတယ်တဲ့။ ငါသာ အ လို့ ခံလိုက်ရတာ။ နင့်ဆီ ဘယ်သူမှလည်း အလုပ်အပ်မှာမဟုတ်ဘူးတဲ့။ ရှက်လည်းမရှက်ဘူး၊ နောက်ဆုံးမှာ သူ့နာမည်က ပါသေး ဆိုပြီး အပြောခံလိုက်ရတယ်။ သိုးလေးကတော့ မထင်ပါဘူး။ ပုံ ၇၀ ကျော်ကို Scan ဖတ်ပြီး အဲဒီလိုအခွေလုပ်တာ ၁၅၀၀ ပဲ ရမယ်ဆိုရင် သိုးလေးတော့ လုပ်မစားတော့ဘူး။ ဟီးဟီး... လောလောဆယ်တော့ ဘာပဲပြောပြော ၂၅၀၀ ရသွားပြီလေ။ အဲဒီပိုက်ဆံလေးကို စုထားရတယ်။ မမကို အခွေပေးကတည်းက ပြောထားတာလေ၊ မေမေ့ကို ပိုက်ဆံပေးရတယ်လို့ မပြောရဘူးလို့။ နှစ်ဦးသဘောတူမှ အခွေထုတ်ပေးထားတာဆိုတော့ သူလည်း မပြောရဲဘူး။ လူတကာလုပ်တတ်နေကြတဲ့ Movie Maker ကို သိုးလေးက အခုမှလုပ်တတ်တာ ရှက်တော့ ရှက်ပါဘူး။ ဘာလို့ဆို သိုးလေးက အဲဒါမျိုးတွေ သိပ်ဝါသနာမပါလို့။ ကိုယ်မလုပ်တတ်တာဆိုရင်တော့ လုပ်တတ်ချင်တယ်လေ။ အဲဒါကြောင့် မေးချင်တာရှိရင် မေးတယ်၊ မဖြေရင်တော့လည်း စိတ်မဆိုးပါဘူး၊ သူတို့မအားလို့ပဲနေမှာပေါ့လို့ တွေးပြီး ကိုယ့်ဘာကိုယ် ဖြေပါတယ်။ မဟုတ်ရင် ကိုယ်ပဲ စိတ်ညစ်ရမှာပေါ့။ ဟုတ်ဘူးလား။
     မှတ်မှတ်ရရ အဲဒါလုပ်ပြီး ညဘက်ကျတော့ မီးက အပြတ်၊ UPS ကလည်း မခံနိုင်တာနဲ့ တိုက်ရိုက်ပိတ်သွားတာ။ ပြန်ဖွင့်တော့ Window မတက်တော့ဘူး။ Window လာတင်ပေးတဲ့ servician ကို Movie Maker ပါ ထည့်ပေးနော် ဆိုတော့ ရယ်တယ်။ ရယ် ရယ်... ကိုယ်မှ နားမလည်လို့ ပြောတာပဲ။ အဲဒါလေးကို အမှတ်တရအဖြစ် မမက သူ့သူငယ်ချင်းကို မေးလ်ကနေတစ်ဆင့် ပို့ပေးပါလားတဲ့။ သိုးလေးလည်း နားမလည်ပါးမလည်နဲ့ ယူလာတာပေါ့။ USB Flash Drive နဲ့ ကူးလာပြီး ဆိုင်ရောက်တော့ ထည့်ပေးပါလို့ ပြောလိုက်တယ်။ ခဏနေ ဆိုင်က အစ်မက ဟာ... ဟာ... နင့်ဟာကြီးက ဗိုင်းရပ်တွေပါလာတယ်။ ငါ့ server တော့ ကြွတော့မှာပဲတဲ့။ အဲလိုပြောရင် သိုးလေးက စိတ်မကောင်းဘူး။ အဲဒျီအငခု ကို ၀ယ်ပြီးကတည်းက format ချရတာလည်း အခါပေါင်းမနည်းတော့ဘူး။ သူ့ကိုတပ်တိုင်းလည်း Virus Scan လုပ်တယ်။ သတ်တယ်။ အဲဒါတောင်မှ ဗိုင်းရပ် ပါလာတယ်ဆိုတော့ စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးထိ ကျ၊ ဘာပဲပြောပြော ဒီနေ့ သိုးလေးစိတ်ကြိုက် ဘလော့တွေ ဖတ်နိုင်တာ Movie Maker ကျေးဇူးနဲ့ ရလာတဲ့ ပိုက်ဆံလေးကြောင့်လေ။ အဲဒါကြောင့် မိတ်ဆွေတို့လည်း အိမ်မှာပျင်းရင် Movie Maker လေးနဲ့ လုပ်ပြီး သိုးလေးလို ညာစားကြည့်ပါလားလို့။ သူငယ်ချင်းတို့က လုပ်တတ်ပြီးသားလူတွေဆိုတော့ သိုးလေးလိုတောင် အချိန်ကုန်မယ်မဟုတ်ဘူး။

AddThis Social Bookmark Button


December 20, 2007

နားခိုခွင့်

အဲဒီနေ့က အိမ်လေးတစ်လုံးထဲ ရောက်ခဲ့တယ်
ငါတို့ရဲ့ ကမ္ဘာငယ်လေးပါပဲ
အချိန်တွေကုန်လွန်တာနဲ့အမျှ
သံယောဇဉ်တွေဟာ တိုးလို့လာခဲ့တယ်
ကျေးဇူးပါ အိမ်လေးရေ လို့
ရင်ထဲက အကြိမ်ပေါင်းများစွာ ပြောဖြစ်ခဲ့တယ်
အိမ်လေးရေ...
ငါဟာ ပြင်ပကမ္ဘာမှာ
သီးခြားစိတ်နဲ့ ရှင်သန်ခဲ့ပေမဲ့
အိမ်လေးထဲမှာတော့
လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်ခွင့်ရခဲ့တယ်
အိမ်လေးထဲမှာ
အရင်းနှီးဆုံး သူငယ်ချင်းတွေရှိတယ်
တန်ဖိုးထားရတဲ့ မိတ်ဆွေတွေရှိတယ်
နွေးထွေးစွာလက်ကမ်းနေတဲ့ အိမ်သူအိမ်သားတွေရှိတယ်
အိမ်လေးနဲ့ပတ်သက်တဲ့
ချိုမြိန်တဲ့အိပ်မက်တွေကိုလည်း မက်ခွင့်ရခဲ့တယ်
အိမ်လေးရေ...
ခရီးတစ်ခု အတို အရှည် သွားလို့
အချိန်အတိုင်းအတာတစ်ခုထိ နှုတ်ဆက်နိုင်ပေမဲ့
သေဆုံးပြီးနောက်မှာရော နှုတ်ဆက်နိုင်ပါဦးမလား
အိမ်လေးထဲက ချစ်သောသူတို့ရေ...
အကယ်၍များ ငါ နှုတ်ဆက်တဲ့အခါ
ချောက်ချားတယ်လို့တော့ မဆိုကြပါနဲ့
သေဆုံးခြင်းရဲ့ နောက်
အသစ်ဖြစ်တည်ခြင်းရဲ့ အစ ကြားကာလမှာ
ငါ့ဝိညာဉ်ကို ဒီအိမ်လေးနားမှာပဲ နားခိုခွင့်ပေးပါ
စာနာလို့ပဲဖြစ်ဖြစ် ညှာတာလို့ပဲဖြစ်ဖြစ်... ... ...

AddThis Social Bookmark Button


 

December 15, 2007



ညဟာ အေးသထက် အေးလာတယ်
ဒီလိုညတွေဟာ ချောက်ချားစရာကောင်းပါရက်နဲ့
ကျွန်မ ဘာကြောင့်များ တောင့်တခဲ့ပါလိမ့်
အရိုးသားဆုံးအနေနဲ့
အဖေ့ကို အမှတ်ရစေမယ့် သတိကြယ်ပွင့်
ကျွန်မကောင်းကင်မှာ တွေ့ခွင့်ရမယ်လေ
ပြီးတော့ သူ.....

အေးစက်မှုဟာ မဖိတ်ခေါ်ပါဘဲ
စောင်ထူထူကြားက ထိုးဖောက်လာတယ်
ပစ်စလက်ခတ်အေးစမ်းပါစေတော့
အဖေဟာ ကောင်းကင်ကြီးပေါ်ကနေ
ကျွန်မကို နွေးထွေးမှုတွေ ပေးနေတယ်လေ
ညဟာ တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်.....

တစ်လောကလုံး နှစ်ခြိုက်စွာ အိပ်မောကျလို့
ဝင်လေထွက်လေကို အတိုင်းသား ကြားနေရတယ်
မှိတ်ထားတဲ့မျက်ဝန်းတွေရဲ့တစ်ဖက်
အိပ်မက်မဟုတ်တဲ့ အနက်ရောင်လွင်ပြင်မှာ
သူ့ပုံရိပ်တွေက ဝေေ၀၀ါးဝါး
သည်လိုနဲ့ ညစ်တစ်ည ပြီးဆုံးတော့မှာပါလား.....

လောကကြီးကတော့ ပုံမှန်အတိုင်းပဲ
မနက်ဖြန်တွေ မွေးဖွားလိုက်
ညတွေ သေဆုံးလိုက်နဲ့
ကျွန်မလည်း အရင်လိုပဲ
ခိုရာမဲ့ စိတ်ကို
ချော့သိပ်ရဦးမယ်။

AddThis Social Bookmark Button


သားအဖဂစ်တာ  

December 13, 2007

သားအဖဂစ်တာ

အဖေလည်း ငယ်ငယ်က ဂစ်တာကို လွယ်ခဲ့ဖူးမှာပဲ
ကျွန်တော့်ဂစ်တာကို အတင်းဖြုတ်ယူ
ဥပါဒ်တေးတွေ ပါ မပါ စစ်ဆေးရတယ်လို့
အဖေ့အတွက်တော့
ဂစ်တာဟာ
ကျေးလက်ဆီအလည်သွားဖို့ အုန်းခွံရောင်မြင်း
ကျွန်တော့်အတွက်တော့
သတ္တုမြို့ပျက်မှာ ဒုန်းစိုင်းမယ့် ဆိုင်ကယ်
အဖေက
ဂစ်တာကို အိမ်ဦးခန်းမှာ ရှေးဟောင်းဓားလိုထားတယ်
ကျွန်တော့်အတွက်တော့ ဂစ်တာဟာ မောင်းချဓားတစ်မျိုးပဲ
အဖေထင်သလိုတော့
အရောင်ကြောင်ကျားနဲ့ လေဆာဓာတ်ပြားတွေ မဟုတ်ဘူးပေါ့
ဓာတ်ပြောင်းကြီး ဖွင့်ချလိုက်ရင်
ကွန်ဆာဗေးတစ်သီချင်းတွေပဲ ထွက်ကျလာမှာ သိတယ်
လိုအပ်ရင် ခုနစ်ကြိုးတပ်ပြီး
မလိုအပ်ရင် ရိုက်ချိုးချင် ရိုက်ချိုးလိုက်မယ်
ဒါ... ကျွန်တော်တို့ခေတ်ရဲ့ လောကဓံကို
စည်းလိုက်နေတာပဲ အဖေ
ကျွန်တော်ကတော့
အနုပညာလှေဆိပ်မှာ ဂစ်တာတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ကြိုးညှိ
ကြယ်တွေဆီ ရွက်လွှင့်ကြည့်ကြမယ်ပေါ့
အဲဒါကို အဖေက
မှောင်ရိပ်ခိုကျွန်းမှာ ပင်လယ်ဓားပြတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ၀ိုင်ခွက်ချင်းတိုက်
ပင်လယ်နက်ထဲ ခုန်ချကြတော့မယ်တဲ့
ကျွန်တော်ထွက်ခဲ့တယ်
လက်နက်အပြည့်နဲ့ အိတ်ကို လွယ်လို့
(ဒစ်စပရာဒိုမင်းသားလို)
ထရပ်ကားသံတညံညံနဲ့
ကောင်းဘွိုင်မုဆိုးတွေများတဲ့မြို့ကြီးကို။
အဖေက
ဒေါက်တာဇီဗားဂိုးရဲ့ ဇာတ်ဝင်တေးကို လေချွန်လို့
ဆောင်းရာသီ သစ်ကိုင်းခြောက်တွေကြား ကျန်ခဲ့။
အခုဆို ကျွန်တော်ဟာ
ကံကြမ္မာရဲ့ လက်ကွက်အရွှေ့အပြောင်းမှာ
ကီးအမြင့်ဆုံးအသံထွက်နေရတဲ့ ဂစ်တာလေးတစ်လက်ပေါ့
အဖေ့ရဲ့ ဂစ်တာသံတွေဟာ
ကျွန်တော်အခုလိုအပ်နေတဲ့ ကရုဏာတေးသက်သက်ပဲဆိုတာ
ကျွန်တော် သိနေပြီလေ။

မောင်ယုပိုင်
မြားနတ်မောင်မဂ္ဂဇင်း

AddThis Social Bookmark Button


ကြယ်  

December 11, 2007

ကြယ်

လုံလောက်တဲ့ နွေးထွေးခြင်းလည်း မရ
ပြည့်ဝတဲ့ အလင်းရောင်လည်း
ပေးစွမ်းနိုင်ခြင်းမရှိပါဘဲ
သူ့ကို လူတွေ တပ်မက်ကြတယ်
အလွမ်းတွေ တိုင်တည်ရင်း
စာတွေ သီဖွဲ့ကြတယ်
သူရှိနေတဲ့ညဟာ
အရာအားလုံး ပြီးပြည့်စုံနေသလိုလို
သူသေဆုံးတဲ့အခါမှာတော့
ကသောကမျော ဆုတွေတောင်းလို့.....

AddThis Social Bookmark Button


ကျွန်မနှင့် သူငယ်ချင်း  

December 09, 2007

ကျွန်မနှင့် သူငယ်ချင်း

ဟိုးတစ်ချိန်က မြို့လေးတစ်မြို့မှာ ကျွန်မနှင့်အတူ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေကို ဝေမျှခံစားပေးခဲ့တဲ့ သူ့ကို ကျွန်မရဲ့သူငယ်ချင်း (အရင်းနှီးဆုံး) အဖြစ် ပြောပြချင်တယ်။ ကျောင်းသူဖြစ်စအချိန်ကနေ ယခုထက်တိုင် ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဟာ သူပဲ။ အပေါင်းအသင်းဆိုရင် စိတ်တူကိုယ်တူ ရွေးပေါင်းတတ်တဲ့ ကျွန်မ သူနှင့်သာ အတွဲများခဲ့တယ်။ တကယ်တော့ ပြောင်းလဲဆန်းသစ်နေတဲ့လောကကြီးမှာ ကျွန်မအတွက် သူဟာ အားဆေးတစ်ခွက်ပါ။ စာသင်ခန်းပရိဝုဏ်မှာသာမက ပြင်ပမှာပါ ကျွန်မနဲ့ပတ်သက်လာရင် သူဟာ ကျားပဲ။ အရာရာကို စဉ်းစားချင့်ချိန်ပြီး ကျွန်မအတွက် ဆုံးဖြတ်ရခက်တာမှန်သမျှ ရှင်းပြတတ်တဲ့ သူက ကျွန်မထက် ၉ လပဲကြီးတဲ့ အတန်းတူသူငယ်ချင်းပေါ့။ စာသင်ခန်းမှာ စာမေးတဲ့အခါတိုင်း ကျွန်မရဲ့သဘောထားကို သူပြောပြလေ့ရှိတယ်။ ကျွန်မရဲ့စိတ်ကို သူ အပြည့်အ၀ နားလည်တယ်လေ။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေသာမက တန်းလုံးကျွတ်လိုလိုကပါ သူ့ကို ခေါ်တတ်တယ်။ အန်းဆူလီဗန် တဲ့။ အဲဒီအခါမျိုးမှာ ကျွန်မ သူ့ကို အရမ်းအားနာရပေမဲ့ သူကတော့ နင့်အတွက် ငါ အန်းဆူလီဗန် ဖြစ်ခွင့်ရတာကိုပဲ ကျေနပ်တယ်လို့ အမြဲပြောတယ်။ ကျွန်မ မသိတတ်ခဲ့တဲ့ အသေးအမွှားကအစ သူက ဂရုတစိုက်ရှိတယ်။ ၄၅ မိနစ် လမ်းလျှောက်မှ ရောက်ရတဲ့ ကျောင်းမို့ အိမ်က စက်ဘီးနဲ့လွှတ်တတ်ပေမဲ့ သူ့အမိန့်အရ သူ မပါတဲ့နေ့ဆို လမ်းပဲလျှောက်ရတယ်။ ကျွန်မကြုံတွေ့လာမယ့် အခက်အခဲတွေကို သူက ကြိုတွေးပြီး အမြဲပူပန်နေတတ်တယ်။ မနက် ကျောင်းသွားဖို့ အိမ်ကို သူ လာခေါ်တိုင်း မေမေက ပြောတတ်တယ်။ ကြီးလာလို့ ကိုယ့်ဘ၀ ကိုယ် လျှောက်ကြရပြီဆိုရင် သမီးလေးမပါဘဲနဲ့ ဘ၀ကြီးကို မဖြတ်သန်းရဲတဲ့သူ ဖြစ်နေဦးမယ် သမီးရယ် တဲ့။ အဲဒီတုန်းက စိတ်ထဲမှာ အလိုမကျဖြစ်ခဲ့ပေမဲ့ တကယ်ကိုက ကျွန်မ အဲဒီလိုဖြစ်ခဲ့တာလေ။ ၁၀ တန်းအောင်ပြီး ဂျီတီစီ တက်ဖို့လုပ်တော့ သူမပါဘဲ ကျွန်မလျှောက်လှမ်းရမယ့်ခရီးကို တွေးရင်းနဲ့တင် ရင်မောရတယ်။ ကျွန်မအပေါ် နားလည်မှုပေးခဲ့တဲ့ မေမေ့ရဲ့ကျေးဇူးနဲ့ သူနဲ့ ကျွန်မ မေဂျာတူ တက္ကသိုလ်ကျောင်းသူတွေခဲ့ကြတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို ကျွန်မတို့မိသားစု အိမ်ပြောင်းတော့လည်း သူ အိမ်ကိုလိုက်လာပြီး အိပ်တတ်တယ်။ ကျွန်မ တကယ်ကိုရူးသွပ်ခဲ့တာပါ။ သေဆုံးချိန်ထိ ခွဲဖြစ်မှာမဟုတ်ဘူးလို့ ခံယူထားခဲ့တာ။ လောကကြီးရဲ့ မမြဲခြင်းတွေ ခဏမေ့သွားတယ်။ နာမည်ဆိုတာ ပညတ်ချက်တစ်ခုပဲ။ ဒါပေမဲ့ နင့်အတွက်တော့ အဲဒီပညတ်ချက်လိုပဲ နင့်ဘ၀တစ်ခုလုံးကို အေးချမ်းစေချင်တယ် တဲ့။ ကျွန်မအတွက်တော့ သူဟာ အဖြူသက်သက် သူငယ်ချင်း၊ နားလည်မှုအပေးနိုင်ဆုံး သူငယ်ချင်း လို့ပဲ နှလုံးသားထဲ စွဲနေပါတယ်။ ခုတော့ ကျွန်မတို့ တကယ့်ကို ဝေးသွားခဲ့ကြပါပြီ။

AddThis Social Bookmark Button


ဆန္ဒ  

ဆန္ဒ

လိုချင်တာရဖို့ ကြိုးစားနေကြတဲ့ကမ္ဘာကြီးမှာ
ခေါင်းစဉ်တပ်ကြည့်တဲ့ကိစ္စတွေဟာ
အရေးမကြီးပါဘူး
ရင်ခုန်သံလှိုင်းကိုလိုက်
ယုံကြည်ရာရွက်တိုက်ရင်း
ဘ၀မြေလွတ်ကို ဖွံ့ဖြိုးစေနိုင်တယ်
မြို့ပြဟာ အသက်ရှူသံပြင်းတယ်ဆိုလည်း
ငါ့အတွက် ဓားတစ်လက်ပေါ့
ဘယ်တော့မှ ခြမစားတဲ့
အမေ့ရဲ့ အိပ်ရာဝင်တေးတွေဟာ
ငါ့ရဲ့ဒိုင်းပဲ
အဲဒီဘ၀တိုက်ပွဲမှာ
အသန့်ရှင်းဆုံးလူသားဆုရဖို့လည်း မမျှော်မှန်းခဲ့ဘူး
ငါဟာ
ကမ္ဘာမြေပေါ်က
လူသားဆန်တဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။

AddThis Social Bookmark Button


December 07, 2007

ကလိတာ တော်တော့်ကို လက်လွန်နေတယ်... ဟီးဟီး... ဇောက်ထိုးတွေ မိုးမျှော်တွေကြားမှာ လူလည်း မျက်စိ တော်တော်မူးနေပြီ။

AddThis Social Bookmark Button


ခြေရာမထင်ကျန်ခဲ့ချင်သော...  

December 06, 2007

ခြေရာမထင်ကျန်ခဲ့ချင်သော...

ရေပြင်ကို ငါ ထိုင်ကြည့်နေမိတယ်

ငြိမ်သက်နေတဲ့ တစ်ခဏကနေ

လှိုင်းထလို့ လှုပ်ရှားရသလို

တစ်စုံတစ်ယောက်ရဲ့ ခဲတစ်ပစ်ဟာလည်း

ရေပြင်ကို လှုပ်ခါသွားစေတယ်

ရေပွက်တစ်ပွက် ပေါ်ပေါက်ခြင်း

ပြန်လည်ငြိမ်သက်ခြင်းမှာ

သံဝေဂရနိုင်ပေမဲ့

လှိုင်းလူးတွေနဲ့တော့ ရန်ဖြစ်လို့မရဘူးလေ

နောက်ဆို

ဒီကမ်းစပ်ကို ဘယ်တော့မှမလာတော့ဘူး အမေ။

AddThis Social Bookmark Button


သိုးလေးနှင့် ဘလော့  

December 03, 2007

သိုးလေးနှင့် ဘလော့
      ဘလော့ဂါတွေရဲ့ ဘလော့နဲ့ပတ်သက်တဲ့အကြောင်းတွေကို မှန်ဘီလူးတစ်လက်နဲ့ ဦးစံရှားလုပ်နေတဲ့ မကပ်သော ကိုပီကေက သိုးမလေးဆီမှာ သဲလွန်စ ဘာများတွေ့တယ်ရယ်မသိဘူး၊ ရှိတာအကုန်ထုတ် သိုးလေး တဲ့၊ အဲလေ... tag ထားတယ်တဲ့။ ဒါနဲ့ သိုးလေးတစ်ယောက် တအားပျော်ပေါ့ (ရေးစရာတစ်ခုရပြီဆိုပြီးတော့)။ သိုးလေး ဘလော့လုပ်တာ တစ်နှစ်ပြည့်တော့မယ်လေ။ ဘလော့လုပ်ဖြစ်ပုံကတော့ မယမင်းက သူ ဘလော့တစ်ခုလုပ်ထားတယ်။ ကြည့်ပြီး ဝေဖန်ပါ၊ အကြံပေးပါလို့ပြောတာနဲ့ သိုးလေး ကြည့်ကြည့်တော့ အရမ်းသဘောကျတယ်။ အဲဒါနဲ့ မယမင်းကို အပူကပ်ပြီး ဘလော့တစ်ခုဆောက်တယ်။ အဲဒီတုန်းက ဘလော့ကို ပြုပြင်ရမှာ နားမလည်တာနဲ့ ဘလော့တစ်ခုလုပ်လိုက်၊ မကြိုက်လိုက်၊ နောက်တစ်ခုလုပ်လိုက်နဲ့ အေးချမ်းသူ ဆိုတော့မှ အတည် ဖြစ်သွားတယ် (သုံးခုမြောက်ပေါ့)။ နေမြင့်လေ အရူးရင့်လေ ဆိုသလို ဘလော့လုပ်တာ ကြာလေ ဘလော့ကို ဖြတ်မရလေပဲ (တစ်ခါတစ်ခါ စိတ်ကူးမိတာလေ)။ ကိုပီကေက tag တဲ့သူဆိုတော့ ကိုပီကေနဲ့ နှိုင်းပြောရမယ်။ သိုးလေးလည်း ကိုပီကေ့လိုပဲ ဘလော့မှာ ပို့စ်မတင်ရရင် တစ်ရက်ကနေ နှစ်ရက်ဆို မနေနိုင်တော့ဘူး။ ခံစားချက်ချင်း တူတယ်။ ပြီးတော့ အပြင်မှာမပြောရသမျှ ဘလော့မှာ အတိုးချပြီး ရေးလို့ရတယ်လေ။ ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်မျိုးပေါ့။ သိုးလေး မေးကြည့်ဖူးသမျှ ဘလော့လုပ်တဲ့သူ တော်တော်များများ သဘောကောင်းကြတယ်။ သိုးလေးက သိချင်တာရှိရင် တစ်ယောက်ပြီးတစ်ယောက် လိုက်မေးတာလေ။ွှWeb နဲ့ ပတ်သက်လို့လည်း ဘာမှမသိပေမဲ့ အရမ်းစိတ်ဝင်စားတာ။ အခြေခံလေးတက်ပြီးကတည်းက သိချင်တာတွေ ပိုများလာပြီး အမေးအမြန်းထူလွန်းလို့ တော်တော်များများတောင် စိတ်ညစ်နေကြမလားမသိဘူး။ တော်ကြာ သိုးမလေး ဟေ့ ဆိုရင် ရှောင် ရှောင် ရှောင် ဖြစ်နေမှာစိုးလို့ ခုတော့ သိပ်မမေးတော့ဘူး... ဟီးဟီး... မမမိုးချစ်သူက သူငယ်ချင်းနဲ့ပတ်သက်လို့ သိုးလေးကို tag တာတောင် ခုတလော ဘလော့ကို ဆော့စရာလို ဆော့နေတဲ့ ချစ်ညီမလေး တဲ့၊ ပြောတော့မပေါ့... မမမိုးချစ်သူလည်း မေးခံထိထားတာကိုး။ မှတ်မှတ်ရရ ညတုန်းက အိပ်မက် မက်တယ်။ မနေ့က တန်းပလိတ်နဲ့ပတ်သက်လို့ သိုးလေး မေးတော့လေ သင်ပေးတဲ့သူ တော်တော်စိတ်ညစ်သွားမယ်ထင်တယ် (နာမည်ြေ့ပာရင် သူက စိတ်ဆိုးမလားပဲ :) )။ သူက တန်းပလိတ်ထဲမှာ ဟိုဟာရှာခိုင်းလည်း သိုးလေး တန်းပလိတ်ထဲမှာ မရှိဘူး၊ ဒီဟာရှာခိုင်းလည်း မရှိဘူး၊ page element မှာထည့်ဖို့ coding ပေးတော့လည်း သိုးလေးဆီမှာ အဲဒီ page element ဆိုတာကြီးကို မရှိဘူးလို့ ပြောလိုက်တော့ လက်မြှောက်သွားရော... ဟဲဟဲ... အဲဒီလို အဲဒီလိုနဲ့ သူ့ကို အပြင်မှာလည်း မမြင်ဖူးဘဲနဲ့ အိပ်မက်ထဲမှာ သူနဲ့ ရန်ဖြစ်ရပါရော... ဟားဟား... သိုးလေးဘလော့ကြီး သူ လုပ်လိုက်လို့ ပျက်စီးသွားတယ်တဲ့လေ။ အိပ်မက်ထဲမှာ သူ့ကို ဘာပြောလိုက်လဲ သိလား၊ ကိုပေကီနဲ့ မမမိုးချစ်သူ tag ထားတာ သိုးလေး မရေးရသေးဘူး။ အဲဒီဘလော့ကြီး ပြန်ကောင်းအောင်လုပ်ပေး ဆိုပြီး အော်တာပေါ့။ သူကလည်း မခေဘူး၊ တစ်ခွန်းမခံ ပြန်ပြောတယ်။ ကြောက်မယ်မထင်နဲ့ ခြေထောက်တွေ၊ လက်တွေ အလကားထားတာ မဟုတ်ဘူး။ ခြေထောက်က ပြေးဖို့၊ လက်က ထိုင်ရှိခိုးဖို့တဲ့။ အဲဒါနဲ့ သူ့ကို ဘာထပ်ပြောရမယ်မသိဖြစ်နေတုန်း ခြောက်နာရီထိုးနေပြီ၊ ဘုရားထရှိခိုးတော့ ဆိုတဲ့ မွေးမေမေရဲ့ အသံကြောင့် နိုးသွားရော။ အဲဒါ ကိုပီကေ့ရဲ့ tag ကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားရင်းနဲ့ အိပ်မက် မက်တဲ့အထိ ဖြစ်သွားရတာလေ။ တစ်နည်းပြောရရင် ဘလော့ကြီးအပေါ် သက်ရောက်တဲ့ သိုးလေးရဲ့စိတ် ဘယ်လောက်များတယ်ဆိုတာပေါ့။ ကိုပီကေ... ကျေနပ်ပါတယ်နော်...
      (သိုးလေး ပေါက်ကရမေးသမျှ စိတ်လိုလက်ရ ပြန်ဖြေကြတဲ့ ချစ်သော ဘော်ဘော်တွေကို သိုးလေးက ဒီပို့စ်လေးကနေပဲ ကျေးဇူးတင်လိုက်ပါတယ်နော်...)

AddThis Social Bookmark Button


December 02, 2007

THE QUIET LIFE



Thus let me live, unseen, unknown
Thus let me die,
Steal from the world, and not a stone,
tell where I lie.

ALEXANDER POPE



အဲဒီလို လူမသိ သူမသိ နေချင်လှ
အဲဒီလို လူမဆွေး သူမဆွေး သေချင်ပ
လူသူလေးပါး တိတ်ချိန်ကျ လောကကြီးက ထွက်ခွာမှ
ငါလျောင်းရာ ဘာကျောက်တိုင်မှ မပြ။

ဦးခင်မောင်လတ်

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster