ကျွန်မနှင့် သူငယ်ချင်း
December 09, 2007
ကျွန်မနှင့် သူငယ်ချင်း
ဟိုးတစ်ချိန်က မြို့လေးတစ်မြို့မှာ ကျွန်မနှင့်အတူ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေကို ဝေမျှခံစားပေးခဲ့တဲ့ သူ့ကို ကျွန်မရဲ့သူငယ်ချင်း (အရင်းနှီးဆုံး) အဖြစ် ပြောပြချင်တယ်။ ကျောင်းသူဖြစ်စအချိန်ကနေ ယခုထက်တိုင် ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဟာ သူပဲ။ အပေါင်းအသင်းဆိုရင် စိတ်တူကိုယ်တူ ရွေးပေါင်းတတ်တဲ့ ကျွန်မ သူနှင့်သာ အတွဲများခဲ့တယ်။ တကယ်တော့ ပြောင်းလဲဆန်းသစ်နေတဲ့လောကကြီးမှာ ကျွန်မအတွက် သူဟာ အားဆေးတစ်ခွက်ပါ။ စာသင်ခန်းပရိဝုဏ်မှာသာမက ပြင်ပမှာပါ ကျွန်မနဲ့ပတ်သက်လာရင် သူဟာ ကျားပဲ။ အရာရာကို စဉ်းစားချင့်ချိန်ပြီး ကျွန်မအတွက် ဆုံးဖြတ်ရခက်တာမှန်သမျှ ရှင်းပြတတ်တဲ့ သူက ကျွန်မထက် ၉ လပဲကြီးတဲ့ အတန်းတူသူငယ်ချင်းပေါ့။ စာသင်ခန်းမှာ စာမေးတဲ့အခါတိုင်း ကျွန်မရဲ့သဘောထားကို သူပြောပြလေ့ရှိတယ်။ ကျွန်မရဲ့စိတ်ကို သူ အပြည့်အ၀ နားလည်တယ်လေ။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေသာမက တန်းလုံးကျွတ်လိုလိုကပါ သူ့ကို ခေါ်တတ်တယ်။ အန်းဆူလီဗန် တဲ့။ အဲဒီအခါမျိုးမှာ ကျွန်မ သူ့ကို အရမ်းအားနာရပေမဲ့ သူကတော့ နင့်အတွက် ငါ အန်းဆူလီဗန် ဖြစ်ခွင့်ရတာကိုပဲ ကျေနပ်တယ်လို့ အမြဲပြောတယ်။ ကျွန်မ မသိတတ်ခဲ့တဲ့ အသေးအမွှားကအစ သူက ဂရုတစိုက်ရှိတယ်။ ၄၅ မိနစ် လမ်းလျှောက်မှ ရောက်ရတဲ့ ကျောင်းမို့ အိမ်က စက်ဘီးနဲ့လွှတ်တတ်ပေမဲ့ သူ့အမိန့်အရ သူ မပါတဲ့နေ့ဆို လမ်းပဲလျှောက်ရတယ်။ ကျွန်မကြုံတွေ့လာမယ့် အခက်အခဲတွေကို သူက ကြိုတွေးပြီး အမြဲပူပန်နေတတ်တယ်။ မနက် ကျောင်းသွားဖို့ အိမ်ကို သူ လာခေါ်တိုင်း မေမေက ပြောတတ်တယ်။ ကြီးလာလို့ ကိုယ့်ဘ၀ ကိုယ် လျှောက်ကြရပြီဆိုရင် သမီးလေးမပါဘဲနဲ့ ဘ၀ကြီးကို မဖြတ်သန်းရဲတဲ့သူ ဖြစ်နေဦးမယ် သမီးရယ် တဲ့။ အဲဒီတုန်းက စိတ်ထဲမှာ အလိုမကျဖြစ်ခဲ့ပေမဲ့ တကယ်ကိုက ကျွန်မ အဲဒီလိုဖြစ်ခဲ့တာလေ။ ၁၀ တန်းအောင်ပြီး ဂျီတီစီ တက်ဖို့လုပ်တော့ သူမပါဘဲ ကျွန်မလျှောက်လှမ်းရမယ့်ခရီးကို တွေးရင်းနဲ့တင် ရင်မောရတယ်။ ကျွန်မအပေါ် နားလည်မှုပေးခဲ့တဲ့ မေမေ့ရဲ့ကျေးဇူးနဲ့ သူနဲ့ ကျွန်မ မေဂျာတူ တက္ကသိုလ်ကျောင်းသူတွေခဲ့ကြတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို ကျွန်မတို့မိသားစု အိမ်ပြောင်းတော့လည်း သူ အိမ်ကိုလိုက်လာပြီး အိပ်တတ်တယ်။ ကျွန်မ တကယ်ကိုရူးသွပ်ခဲ့တာပါ။ သေဆုံးချိန်ထိ ခွဲဖြစ်မှာမဟုတ်ဘူးလို့ ခံယူထားခဲ့တာ။ လောကကြီးရဲ့ မမြဲခြင်းတွေ ခဏမေ့သွားတယ်။ နာမည်ဆိုတာ ပညတ်ချက်တစ်ခုပဲ။ ဒါပေမဲ့ နင့်အတွက်တော့ အဲဒီပညတ်ချက်လိုပဲ နင့်ဘ၀တစ်ခုလုံးကို အေးချမ်းစေချင်တယ် တဲ့။ ကျွန်မအတွက်တော့ သူဟာ အဖြူသက်သက် သူငယ်ချင်း၊ နားလည်မှုအပေးနိုင်ဆုံး သူငယ်ချင်း လို့ပဲ နှလုံးသားထဲ စွဲနေပါတယ်။ ခုတော့ ကျွန်မတို့ တကယ့်ကို ဝေးသွားခဲ့ကြပါပြီ။
December 9, 2007 at 8:56 PM
ညီမလေးရေ
အရမ်းလွမ်းနေပြီလားဟင်
မမတောင် ဖတ်ပြီးလွမ်းတယ်
ရေးပေးတာ ကျေးဇူးပါကွာ။
ညီမလေး ရဲ့ ချစ်သူငယ်ချင်းလေးနဲ့
ပြန်လည်ဆုံတွေ့နိုင်ပါစေ
ညီမလေးကို သူလဲလွမ်းနေမှာပါ
December 10, 2007 at 9:31 AM
ဘာပဲဖြစ်ဖြစ်ပေါ့လေ အဲလိုသူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာ
ဘ၀မှာ အမှတ်တရပေါ့။
December 10, 2007 at 8:23 PM
ကောင်းတယ် ဖတ်သွားပါတယ် ခင်ဗျာ :D
December 11, 2007 at 8:31 PM
မမ... မဆုံတွေ့နိုင်တော့ဘူး မမရဲ့... ဒီဘ၀အတွက်တော့။
ဟုတ်တကယ် ကိုမျှားပြာ၊ တစ်သက်အတွက် အမှတ်တရပါပဲ။
ကိုစိုးထက်ရေ... သိုးလေးတော့ ကြိုးစားနေတယ်၊ စာ ဟုတ်ဘူး၊ ဘလော့အတွက် ဟားဟား။
December 12, 2007 at 7:11 PM
ဒီလိုပါပဲ။ ဖြစ်တတ်ပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန် လူတိုင်းကြုံဖူးကြတာပဲ။ တွေ့ဆုံကြုံကွဲပေါ့ မဟုတ်ဘူးလား။ <<<< အဲလိုပြောရင်ကောင်းမလားဆိုပေမယ့် ပြောမထွက်ပါဘူး။
:(