သားအဖဂစ်တာ  

December 13, 2007

သားအဖဂစ်တာ

အဖေလည်း ငယ်ငယ်က ဂစ်တာကို လွယ်ခဲ့ဖူးမှာပဲ
ကျွန်တော့်ဂစ်တာကို အတင်းဖြုတ်ယူ
ဥပါဒ်တေးတွေ ပါ မပါ စစ်ဆေးရတယ်လို့
အဖေ့အတွက်တော့
ဂစ်တာဟာ
ကျေးလက်ဆီအလည်သွားဖို့ အုန်းခွံရောင်မြင်း
ကျွန်တော့်အတွက်တော့
သတ္တုမြို့ပျက်မှာ ဒုန်းစိုင်းမယ့် ဆိုင်ကယ်
အဖေက
ဂစ်တာကို အိမ်ဦးခန်းမှာ ရှေးဟောင်းဓားလိုထားတယ်
ကျွန်တော့်အတွက်တော့ ဂစ်တာဟာ မောင်းချဓားတစ်မျိုးပဲ
အဖေထင်သလိုတော့
အရောင်ကြောင်ကျားနဲ့ လေဆာဓာတ်ပြားတွေ မဟုတ်ဘူးပေါ့
ဓာတ်ပြောင်းကြီး ဖွင့်ချလိုက်ရင်
ကွန်ဆာဗေးတစ်သီချင်းတွေပဲ ထွက်ကျလာမှာ သိတယ်
လိုအပ်ရင် ခုနစ်ကြိုးတပ်ပြီး
မလိုအပ်ရင် ရိုက်ချိုးချင် ရိုက်ချိုးလိုက်မယ်
ဒါ... ကျွန်တော်တို့ခေတ်ရဲ့ လောကဓံကို
စည်းလိုက်နေတာပဲ အဖေ
ကျွန်တော်ကတော့
အနုပညာလှေဆိပ်မှာ ဂစ်တာတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ကြိုးညှိ
ကြယ်တွေဆီ ရွက်လွှင့်ကြည့်ကြမယ်ပေါ့
အဲဒါကို အဖေက
မှောင်ရိပ်ခိုကျွန်းမှာ ပင်လယ်ဓားပြတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ၀ိုင်ခွက်ချင်းတိုက်
ပင်လယ်နက်ထဲ ခုန်ချကြတော့မယ်တဲ့
ကျွန်တော်ထွက်ခဲ့တယ်
လက်နက်အပြည့်နဲ့ အိတ်ကို လွယ်လို့
(ဒစ်စပရာဒိုမင်းသားလို)
ထရပ်ကားသံတညံညံနဲ့
ကောင်းဘွိုင်မုဆိုးတွေများတဲ့မြို့ကြီးကို။
အဖေက
ဒေါက်တာဇီဗားဂိုးရဲ့ ဇာတ်ဝင်တေးကို လေချွန်လို့
ဆောင်းရာသီ သစ်ကိုင်းခြောက်တွေကြား ကျန်ခဲ့။
အခုဆို ကျွန်တော်ဟာ
ကံကြမ္မာရဲ့ လက်ကွက်အရွှေ့အပြောင်းမှာ
ကီးအမြင့်ဆုံးအသံထွက်နေရတဲ့ ဂစ်တာလေးတစ်လက်ပေါ့
အဖေ့ရဲ့ ဂစ်တာသံတွေဟာ
ကျွန်တော်အခုလိုအပ်နေတဲ့ ကရုဏာတေးသက်သက်ပဲဆိုတာ
ကျွန်တော် သိနေပြီလေ။

မောင်ယုပိုင်
မြားနတ်မောင်မဂ္ဂဇင်း

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster