One Way  
September 24, 2007
One Way
လမ်းတစ်လျှောက် ငါ
တွေးရင်း ငေးရင်း သွားနေတယ်
တစ်ခါတစ်ရံ ဂရုတစိုက်
ဂရုမစိုက်မိတဲ့အခါလည်း ရှိတယ်။
ငါ့အပြင် လူတွေ လူတွေ
ရှင်သန်ခြင်းအမျိုးမျိုးနဲ့ သွားနေတယ်
တစ်ခါတစ်ရံ ပင့်သက်ရှိုက်
ဟားတိုက်သံကြားတဲ့အခါလည်း ရှိတယ်။
ဒီလမ်းရဲ့တစ်ဖက်တစ်ချက်
မပြတ်တမ်းလူတွေသွားနေတယ်
အခန့်မသင့်လို့ ဆုံတွေ့
မမေ့နိုင်အောင်ဖြစ်ကြသလို
အတူယှဉ်တွဲသွားတောင်
သတိမထားမိတဲ့အခါရှိတယ်။
နားလည်မှု ပါးစပ်ကမချဘဲ
အသာရဖို့ပဲ ကြံနေကြတဲ့လူတွေရှိသလို
အလျင်စလိုတွေးခေါ်မှုတွေနဲ့
ပခုံးချင်းတိုက် ခေါင်းချင်းရိုက်လို့
ရှေ့အမြန်ဆိုက်ဖို့ ပြင်နေကြတဲ့
လူအများစုကလည်း ရှိသေးတယ်။
လမ်းဆုံးရောက်ရင်
တစ်ခေါက်ပြန်ကွေ့ဖို့များ
စိတ်ကူးရှိနေကြသလား
ဒီလမ်း One way ဆိုတာ
မေ့နေကြတယ်ထင်ရဲ့။
Add to Technorati Favorites
Add to Technorati Favorites
Add to Technorati Favorites
AddThis Social Bookmark Button
ထီး  
ထီး
တိမ်ညိုတွေဆိုင်း မြူတွေမှိုင်းလို့
မုန်တိုင်းပမာ မိုးရွာကျတဲ့အခါ
မိုးစက်မိုးပေါက်တွေရဲ့ဒဏ်ကို
အလူးအလဲခံကြရတယ်။
ကောင်းကင်မှာ တိမ်ကင်း
သျှင်နေမင်း ထွန်းပတော့လည်း
သူ့အလှရဲ့ဂုဏ်ဆောင်
ပူလောင်လောင်အလင်းရောင်ဒဏ်
ခံရပြန်တယ်။
တိမ်လိပ်တွေပုန်းခို
သျှင်နေမင်း အဝေးကိုသွားနေတုန်း
လေဟာနယ်တစ်ခွင်ရစ်ပတ်နေတဲ့
နှင်းရည်စက်တွေရဲ့ဒဏ်ကို
ခံကြရပြန်တယ်။
AddThis Social Bookmark Button
ဝန်းကျင်  
September 19, 2007
ဝန်းကျင်
သူတို့ဒဏ်ရာ အသေးအမွှားလောက်ကို
ကျောက်ပတ်တီးကိုင်ဖို့
အပူတပြင်းခြေလှမ်းနဲ့
အထူးကုဆေးခန်းသွားတတ်ပေမဲ့
သူများဒဏ်ရာ ဟပ်တပ်ကွဲ
သွေးတွေရွှဲနေတဲ့အခါ
မရတော့ပါဘူးလို့ပြောပြီး
ဘေးထွက်ထိုင်နေတတ်တဲ့
လူ့အသိုင်းအ၀ိုင်းထက်
အရိုင်းအစိုင်းလို့အမည်တပ်
ပညတ်ချက်ဆိုးတွေ
တရစပ်ပေးထားခံရတဲ့
အရုပ်မြို့တော်မှာပဲ
ငါ ပျော်တော့မယ်။
AddThis Social Bookmark Button
technorati  
September 18, 2007
technorati
Technorati Profile
AddThis Social Bookmark Button
မြန်မာဘလော့ဂီ တို့ချစ်သည်  
မြန်မာဘလော့ဂီ တို့ချစ်သည်
ကျွန်မ ကိုညီလင်းဆက်ရဲ့ Myanmar Blogger Directory ပို့စ်မှာ ကိုယ့်နာမည်လေးကို တွေ့ပြီး အတွေးဝင်မိလို့ ရေးဖြစ်သွားတာပါ။ ကျွန်မ ဒီဘလော့ခ်လေးကို မတ်လ၊ ၂၀၀၇ မှာ စလုပ်တယ်။ ဘလော့ခ်စလုပ်ချိန်ကနေ ခုချိန်ထိ ကျွန်မရေးခဲ့တာတွေမှာ ပညာရစရာတော့ မပါတာ သေချာတယ်။ ကျွန်မ ပညာဖြန့်ဝေနိုင်တဲ့လူတစ်ယောက် မဟုတ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မ သူများကို မစော်ကားဘူး၊ မပုတ်ခတ်ဘူး။ ကျွန်မစိတ်ခံစားချက်သက်သက် ၀မ်းနည်းမှု၊ ပျော်ရွှင်မှုလေးတွေ ရေး၊ သိချင်တာလေးတွေ မေး၊ ကဗျာလေးတွေ ရေး၊ သူများ ဘလော့ခ်တွေ (ကိုယ်လက်လှမ်းမီသမျှ အကုန်) ဖတ်၊ ပညာပြန်ယူ၊ ကဗျာတွေ အားပေး၊ စာတွေ ရေးနဲ့ ကျွန်မကိုယ်ကျွန်မ ဘလော့ဂါ လို့ နှစ်သက်စွာ ခံယူထားတာ။ ကျွန်မ ဟိုအရင်က blog.co.uk ရော multiply.com မှာပါ blog လုပ်ဖူးတယ်။ uk blog ကတော့ သိတဲ့အတိုင်း လူမျိုးခြားတွေများမှာပေါ့။ အစတုန်းကတော့ blog မှာ အင်္ဂလိပ်လိုရေးသေးတယ်။ နောက်ပိုင်း ဘုရားဟောဂါထာတွေ ဘာတွေ မြန်မာလို တင်လိုက်တော့ ဘလော့ခ်အသိတစ်ယောက်က English လို ရေးရင်ပိုကောင်းတယ်လို့ မေးလ်လာတယ်။ ဒီတော့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို အတင်းကာရော လုပ်နေရသလို ဖြစ်နေတယ်။ ကျွန်မ English ကို ခုထိ လေ့လာနေတာပါပဲ။ ဒါပေမဲ့ အဲလောက်ထိ မရေးနိုင်သေးပါဘူး။ နောက် သိပ်မကြာဘူး ဒီ blogspot.com ကို ချိတ်မိတယ်။ မြန်မာတွေ တော်တော်များတယ်ဆိုတာလည်း သိရတယ်။ အဲဒါနဲ့ စိတ်ဝင်စားလို့ လုပ်ဖြစ် သွားတာ။
ဒီဘလော့ခ်စလုပ်တဲ့ အဲဒီ မတ်လကစပြီး uk blog ကို လုံးဝဆက်မလုပ်တော့ဘူး။ ကျွန်မ မြန်မာ ဘလော့ဂါတစ်ယောက်အဖြစ် နှစ်သက်စွာ ခံယူလိုက်တာ။ ကျွန်မပြောလိုတာက ဒီမှာပါ။ ကျွန်မက မြန်မာ ဘလော့ဂါတစ်ယောက်ဖြစ်သွားပြီဆိုတော့ ဒီ မြန်မာဘလော့အသင်းကြီးတစ်ခုလုံးရဲ့ကိစ္စမှန်သမျှ ကျွန်မနဲ့လည်း သက်ဆိုင်သွားပြီ။ ဒါပေမဲ့ မြန်မာဘလော့အသင်းကြီး တိုးတက်ရေးတို့ စတဲ့ အသင်းအတွက် တခြား စွမ်းဆောင်မှုတွေမှာ ကျွန်မ ပါဝင်နိုင်ပါ့မလား။ ကျွန်မကတော့ မထင်ပါဘူး။ တခြားမတွေးပါနဲ့၊ ကျွန်မ ပို့စ် တင်တာကလွဲပြီး ဘာဆိုဘာမှကို မသိလို့ပါ။ ဒီ့အတွက် ကျွန်မ ဘလော့မလုပ်ရတော့ဘူးလား။ မြန်မာ ဘလော့ဂါတစ်ယောက် မဖြစ်ရတော့ဘူး။ ဒီလိုလည်း ဘယ်ရပါ့မလဲနော်။ ကျွန်မ ကိုရဲထွန်းအောင်ဘလော့ခ်မှာ ဖတ်ခဲ့ရတဲ့ ''မြန်မာဘလော့ဂီ တို့ချစ်သည်'' ဆိုတဲ့ စာသားလေးကို အရမ်းသဘောကျတယ်။ ကျွန်မတို့ရဲ့ မြန်မာ ဘလော့ခ်ကြီးကို ချစ်တယ်။ ပြီးတော့ ကျွန်မဘလော့ကို ကျွန်မ လေးစားတယ်။ နေ့တိုင်းမတင်နိုင်ရင်တောင် အနည်းဆုံး ၁ ပတ် ၁ ခါ၊ ၃ ရက် ၁ ခါလောက် ပို့စ်တစ်ခုတော့ တင်နိုင်အောင် ကြိုးစားမယ်။ ကျွန်မအိမ်မှာ အင်တာနက်မရှိဘူး။ ဒါပေမဲ့ အကြောင်းမဟုတ်ဘူး၊ " စိတ်" သာ အဓိကပဲလေ။ နောက်ဆုံးအဆင့် အကြောင်း အမျိုးမျိုးကြောင့် တစ်လတန်သည် နှစ်လတန်သည် နားရဦး လေးစားစွာနဲ့ အားလုံးကို အသိပေးမှာပဲ။ Blogger.com မှာ ပို့စ်တွေတင်ပြီး ပညာတွေ ဝေငှပေးနေတဲ့ မောင်နှမတွေကို အရမ်းအားကျတယ်။ တစ်နေ့တော့ ကိုယ်လည်း အဲဒီလိုဖြစ်နိုင်ကောင်းပါရဲ့နော်။ ၀ါသနာပါတယ်။ အရမ်းဝါသနာပါလို့ကို ထူသွားတာလား မသိဘူး။ ဒါပေမဲ့ စိတ်ထဲ အရမ်းတော့ feel မထားပါဘူး။ အားလုံးက သူ့လမ်းကြောင်းနဲ့ သူပဲလေ။ နိုင်ငံစုံ၊ နေရာစုံ၊ ဒေသစုံက လူတွေ အလုပ်အကိုင်လည်း မတူကြ၊ ဗီဇ၊ ၀ါသနာ၊ ဓလေ့စရိုက်တွေ ဘာတစ်ခုမှလည်း မတူကြဘဲနဲ့ (တူမယ်မထင်လို့ပါ) ဒီ blogspot.com လေးမှာ လာဆုံကြတာ။ ဒါလေးကိုပဲ ကျွန်မ တန်ဖိုးထားတယ်။ ကျွန်မက အောင်မြင်မှုထက် ကိုယ်လုပ်ချင်တာ လုပ်နေရရင် ကျေနပ်တဲ့ လူစားမျိုး။ ကျွန်မဘ၀မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ပြောရရင် ရှည်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဲဒီအားနည်း ချက်တွေကြောင့်ပဲ စိတ်ဓာတ်က မာသွားသလားတော့ မသိဘူး။ အသက်ရှင်နေရခိုက်လေး... အဲဒီအသက်ရှင်နေ ရတဲ့အခိုက်အတန့်လေးမှာ ဘယ်သူနဲ့မှလည်း အငြင်းမပွားချင်ဘူး၊ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကိုယ်လုပ်ချင်ရာ လုပ်နေရရင်ပဲ ကျေနပ်တယ်။ တော်တော်များများက ဘလော့ခ်လုပ်၊ ပို့စ်တင် ပေါ့ပေါ့ပါးပါး နေကြရပေမဲ့ ပေါ့ပေါ့ပါးပါးမနေနိုင်ဘဲ မြန်မာဘလော့အသင်းကြီး အတွက် အင်တိုက်အားတိုက် ပွဲတွေလုပ်၊ စာအုပ်ထုတ်ဖို့ ပြင်နဲ့ လုပ်နေကြတဲ့ ဘလော့မောင်နှမတွေကို ကျွန်မ ချီးကျူးပါတယ်။ အားလည်း ပေးပါတယ်။ Myanmar Blogger အသင်းကြီးအတွက် တစ်ဖက်တစ်လမ်းကမှ ကျွန်မ မပံ့ပိုးနိုင်ပေမဲ့ အမည်ခံသက်သက်မဟုတ်တဲ့ မြန်မာဘလော့ဂါတစ်ယောက်တော့ ပီသစေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် မြန်မာဘလော့ဂါတစ်ယောက်အဖြစ် တကယ်လက်ခံတယ်ဆိုရင် ဒီနေရာလေးမှာ ကိုယ့်နာမည် ပါ မပါ သွားကြည့်လိုက်ပါဦး။
AddThis Social Bookmark Button
ဆင်ဖိုနီအလွမ်း  
September 16, 2007
ဆင်ဖိုနီအလွမ်း
အဆင်းအပြင် အရည်အသွေး
တစ်ခုလေးမှ မတူမျှဘဲ
ထပ်တူကျဖို့ ကြိုးစားခဲ့တယ်
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
ထွက်ခွာသွားတဲ့အတွက်
မျက်ရည်စက်တွေမကျကြသလို
ဝမ်းပန်းတသာနဲ့
ဘယ်သူမှလည်း လက်ကမ်းမလာဘူး
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးထဲမှာ ရေးခဲ့ဖူးတဲ့ပန်းချီကား
စုတ်ချက်တွေ များလို့လား
ဆေးရောင်တွေ ကြောင်လို့လား
အားလုံးက သဘောမကျကြပေမဲ့
စိတ္တဇပန်းချီကားအဖြစ်နဲ့ လေလံတင်နိုင်ရဲ့
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
အေးစက်တဲ့ ခန္ဓာပေါ်
နွေးထွေးတဲ့ ၀တ်ရုံ နေ့စဉ်လွှမ်းခြုံပေမဲ့
နှလုံးသားအတွင်းပိုင်းထိ မရစ်ပတ်မိဘူး
နှလုံးသားကတော့
အေးစက်မာကျောဆဲပဲ
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးကိုမှန်း လွမ်းတဲ့စိတ်နဲ့
ငါ့ကြိုးကိုတီးခတ်တဲ့အခါ
သံကြောင်မထွက်တော့ဘူး
ခုတော့
ခရမ်းရင့်ဆင်ဖိုနီတွေ
မွေးဖွားတတ်လာပြီ
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးရေ
ငါ ဘယ်အရပ်ရောက်နေနေ
မင်းဆီက ပေါက်ဖွားလာတဲ့ငါ
မင်းပေးတဲ့ အသွေးအသားနဲ့
တူမျှတဲ့ မင်းလိုပုံသဏ္ဌာန်
ဒါတွေအားလုံး
ဘယ်တော့မှပျက်သုဉ်းမှာမဟုတ်ဘူး
ငါက မြို့လေးရဲ့သမီးပျိုလေ။
AddThis Social Bookmark Button
အနီး အဝေး  
September 15, 2007
အနီး အဝေး
အိမ်အပြန် အမြန်ယာဉ်လို
ဒုန်းစိုင်းနေတဲ့ စိတ်
လိပ်တစ်ကောင်လို ခြေလှမ်းမျိုးနဲ့
ဘ၀ကြီးထဲ ဖြတ်သန်းနေဆဲ
အနီးပါးက ဖြတ်သန်းသွားသမျှ
ကျားသတ္တ၀ါ အားကျလိုက်
လေမှာဝဲပျံနေတဲ့ စွန်ရဲကို
မျှော်ကြည့်လိုက်နဲ့
အခါများစွာ ဖြစ်ခဲ့ဖူးမှာပဲ
ကျားသတ္တ၀ါနဲ့ စွန်ရဲ
အမည်တွေ ဘယ်လိုပဲကွဲကွဲ
အားလုံးဟာ ဖြစ် ပျက် ထဲက မလွဲဘူး
အရာအားလုံးမှာ
အကောင်းနဲ့ အဆိုး ဒွန်တွဲနေမြဲပဲ
အမှောင်တွေပဲ ကွက်မကျသလို
အလင်းချည်းပဲလည်း အမြဲမဖြစ်နိုင်ဘူး
အလိုက်သင့်လေး စီးမျောတတ်ဖို့ပဲလိုတယ်
အဖြူရောင် မနော
မလျှော့သော ဇွဲနှင့်
ညာဏ်ကိုသာ ကူ
လူပီပီ လူတစ်ယောက်အဖြစ်နဲ့
မသေဆုံးတဲ့ နာမည်တစ်လုံးတော့
ရမှာ သေချာတယ်။
AddThis Social Bookmark Button
အမိုးမဲ့ အိမ်  
September 13, 2007
အမိုးမဲ့ အိမ်
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့ဘ၀ကို
ခံစားဖူးပါသလား
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့
ဆန္ဒတွေ၊ အာသီသတွေ
ဒါတွေကိုကော စာနာဖူးပါသလား ... ... ...
သစ်ပင်တစ်ပင်ရဲ့အရိပ်အောက်မှာ
အဘိုးတစ်ယောက်ဟာ
ကလေးငယ်တစ်ယောက်ကိုပြောပြနေတယ်
ကောင်းကင်ဟာ မိခင်ပဲ
သူများမိခင်တွေ တစ်ချိန်ချိန်မှာ သေဆုံးနိုင်ပေမဲ့
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးဘူး
သားရဲ့မိခင်ဟာ အကောင်းဆုံးတဲ့။
ဒီအချိန်မှာ
ကလေးငယ်ကလည်း တွေးနေတယ်
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးပေမဲ့
သားနဲ့ အရမ်း အလှမ်းဝေးလွန်းနေတယ်
နွေးထွေးတဲ့အမေ့ရင်ခွင်မှာ ခိုနားနိုင်မယ်ဆိုရင်
သား ခုပဲ ငှက်တစ်ကောင်ဖြစ်လိုက်ချင်ပါရဲ့တဲ့။
တစ်ချိန် ပရဟိတလုပ်ငန်းလုပ်နိုင်မယ်ဆိုရင် သိုးလေးက မိဘမဲ့ဂေဟာဖွင့်ပြီး ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးချင်တယ်။ မိဘမဲ့နေတဲ့ကလေးတွေကို နွေးထွေးမှုပေးချင်တယ်။ အဲဒါ သိုးလေးရဲ့ ရင်ထဲကဆန္ဒပဲ။ ကလေးလေးတွေ လမ်းဘေးမှာ လျှောက်သွားနေတာတွေ့ရင် ဘာကြောင့်မှန်းမသိဘူး၊ အရမ်းသနားတယ်။ သူတို့ကို ရေမိုးချိုး၊ သန့်သန့်ပြန့်ပြန့်လေးတွေလုပ်ပေး၊ ပြီးရင် ကျောင်းလွှတ် အဲဒီလိုမျိုးလုပ်ပေးချင်တာအရမ်းပဲ။ ငယ်ငယ်က မှတ်မှတ်ရရ သိုးလေးတို့မိသားစု ရုပ်ရှင်သွားကြည့်ကြတုန်းကပေါ့။ ညနေ ကျောင်းကပြန်ချိန်။ မိုးတွေက တအားရွာနေတော့ မေမေက မသွားတော့ဘူးလုပ်တာ။ သိုးလေးတို့မောင်နှမတစ်တွေရဲ့ ဂျစ်ကျတာကို မခံနိုင်တဲ့အဆုံးမှ သွားကြည့်ကြတာ။ အိမ်နဲ့ ရုပ်ရှင်ရုံနဲ့က မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တယ်လေ။ ကားလည်း ထွေထွေထူးထူး စီးမနေတော့ဘူးဆိုပြီး သိုးလေးတို့အကုန် လမ်းလျှောက်သွားကြတယ်။ ရုံထဲရောက်ပြီး ရုပ်ရှင်ပြနေတုန်း ကလေးလေးတွေ (အဲ သိုးလေးဆိုလည်း အဲဒီတုန်းက တကယ့်ကလေးလေးပေါ့၊ ရှိလှ ၇ နှစ် ၈ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်) ရုံထဲဝင်လာတယ်။ စုစုပေါင်း ၄ ယောက်။ မိုးရေတွေ စိုရွှဲနေတာပဲ။ သိုးလေးတို့ရှေ့မှာ လာထိုင်တယ်။ မေမေကတော့ ပြောတယ်။ ကလေးလေးတွေ မိဘတွေလည်း မပါဘဲ လာကြည့်ကြတာနဲ့တူတယ်တဲ့။ ရုပ်ရှင်သာပြနေတယ် သိုးလေးတို့မောင်နှမတွေရဲ့ မျက်လုံးက အဲဒီကလေးလေးတွေဆီမှာပဲ။ ကိုယ်နဲ့ ရွယ်တူလေးတွေဆိုတော့ ပိုစိတ်ဝင်စားမိတာလည်း ပါတာပေါ့။ အဲဒီအချိန်တုန်းက ရူုပ်ရှင်တစ်ကားကို နှစ်ပိုင်းကြည့်ရတယ်။ တစ်ပိုင်းပြတယ်၊ ပြီးရင် မုန့်စားချိန် ၁၅ မိနစ်ပေးတယ်။ ပြီးမှ နောက်တစ်ပိုင်းဆက်ပြတယ်။ အဲဒါ မုန့်စားချိန် ၁၅ မိနစ်နားတော့ ကလေးလေးတွေက တအားကို ချမ်းနေပြီ။ သိုးလေးတို့လည်း ဘယ်လိုမှ မနေနိုင်တော့ဘူး၊ မေမေ့ကို ၀ိုင်းပြောကြတယ်။ သိုးလေးတို့ အ၀တ်တွေ ချွတ်ပေးလိုက်မယ်လို့။ သိုးလေးတို့က အိမ်ကထွက်ကတည်းက မိုးရွာမှန်းသိတော့ မေမေက ဘောင်းဘီတိုတစ်ထပ် ဘောင်းဘီရှည်တစ်ထပ်၊ အပေါ်က ဂါဝန်တစ်ထပ်၊ အနွေးထည်တစ်ထပ်နဲ့ဆိုတော့ အကြောင်းမဟုတ်ဘူးလေ။ မေမေက နင်တို့သဘောတူရင် ပြီးတာပဲတဲ့။ ပြီးတော့ မေမေက ကလေးလေးတွေကို ဟိုမေး သည်မေးပေါ့။ နောက်တော့ သိုးလေးတို့အကုန် အိမ်သာထဲသွားကြတယ်။ သိုးလေးက ဘောင်းဘီရှည် ချွတ်၊ အပေါ်က အနွေးထည် ချွတ်၊ သိုးလေးအထက်က မမကလည်း သိုးလေးလိုပဲ ချွတ်၊ ကိုကို့ကိုလည်း ချွတ်ခိုင်း၊ ပြီးတော့ ကလေး လေးယောက်ကို မျှဝတ်ပေးလိုက်တယ်။ အဲဒီကပြန်တော့ ဘာမှလည်း မည်မည်ရရမဟုတ်ပေမဲ့ စိတ်ထဲ အရမ်းပျော်နေတာ။ သိုးလေးသာ တစ်ချိန် လက်ထဲ ပိုက်ဆံထုပ်ပိုက်နိုင်ရင် သီလရှင်ဝတ်မှာလို့ မေမေ့ကိုပြောခဲ့ဖူးသေးတယ်။ နောက်မှ မေမေက နင်ကတော့ အမြဲ တလွဲပြောတဲ့။ အဲဒီအချိန်တုန်းက သိုးလေးက သီလရှင်တွေပဲ မိဘမဲ့ဂေဟာ ဖွင့်လို့ရတယ်လို့ ထင်တာကိုး။ သိုးလေးတစ်သက် အမြဲစိတ်မကောင်းဖြစ်နေရတာ တစ်ခုရှိတယ်။ ကလေးလေးတစ်ယောက် သိုးလေးမျက်စိရှေ့တင် ပျောက်သွားဖူးတယ်။ အဲဒီကလေးလေးက အိမ်ကနေ ထွက်ပြေးလာတာလေ။ သူ့အမေက မော်လမြိုင်မှာမို့ သူ့အမေဆီလိုက်သွားမယ်ဆိုပြီး အိမ်ကနေ ထွက်ပြေးလာတာ။ သိုးလေးရဲ့ရှေ့မှာ အဲဒီကလေးလေးက သွားနေတာ။ သိုးလေးလည်း သွားနေတာပဲ။ ကလေးလေးကို ကြည့်နေရင်းနဲ့ အမှုမဲ့ အမှတ်မဲ့ အဲဒီကလေးလေးကို သတိမထားမိတော့ဘူး။ ခဏနေတော့ နောက်က လူကြီးတွေလိုက်လာပြီး ကလေးလေးတစ်ယောက် တွေ့မိလားလို့ မေးတယ်။ သိုးလေးက တွေ့မိတယ်ပေါ့။ လမ်းဆုံရောက်တော့ ဘယ်ဘက်ချိုးသွားသလဲဆိုတော့ သိုးလေး ဘယ်လိုမှကို မျက်လုံးထဲ ပုံဖော်လို့ မရဘူး။ နောက်တော့ လူကြီးတွေက ရဲစခန်းတိုင်ကြတာပေါ့။ သူ့အမေဆီကိုလည်း မရောက်လာဘူးတဲ့။ မော်လမြိုင်ကို သူက ဘယ်လိုလုပ်သွားတတ်မလဲ။ အခုအချိန်ထိ လုံးဝကို သတင်းမရတော့ဘူး။ တကယ် ပျောက်သွားတာ။ သိုးလေး အဲဒီအကြောင်းစဉ်းစားမိတိုင်း ရင်ထဲ မကောင်းဘူး။ သိုးလေးကြောင့်လို့ပဲ တွေးတွေးနေမိတယ်။ သိုးလေးသာ သေချာ ကြည့်လိုက်မိရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့။ ကလေးလေးတွေနဲ့ပတ်သက်လာရင် သိုးလေးက ကိုယ်တိုင်ဖြစ်နေသလိုကို ခံစားမိတယ်။ သူတို့ဘ၀တွေ သာယာရင် အလိုလိုနေရင်း ပျော်မိသလို၊ သူတို့ဘ၀တွေ မလှရင် သိုးလေးလည်း စိတ်မကောင်းဖြစ်ရတယ်။ သိုးလေး အိတ်ထဲမှာ သကြားလုံး အမြဲတမ်း ဆောင်ထားတယ်။ ဘတ်စ်ကားပေါ်မှာ တစ်ခါတလေ ကလေးတွေငိုရင် သကြားလုံးလေးပေးလိုက်ရင် ဘာပဲပြောပြော ခဏတော့ အငိုတိတ်သွားတာပဲလေ။ သိုးလေးကိုယ်တိုင်ကလည်း ကြိုက်တယ်။ အလကားနေ အဲဒီသကြားလုံးပဲ စားနေတာလေ။ ရိုးရိုးသကြားလုံးတော့ မကြိုက်ဘူး။ ဒိုင်းနမိုက်လို ပူရှိန်းချောကလက် သကြားလုံးမျိုးကိုကြိုက်တယ်။ သိုးလေးတို့အိမ်မှာ တာချီလိတ်ကနေ ကျောင်းလာတက်တဲ့ မောင်ဝမ်းကွဲလေးရှိတယ်။ သိုးလေးက ပြောလို့ဆိုလို့မရလို့ တအားစိတ်တိုလာရင် နင့်ကို တာချီလိတ်ပြန်ပို့မယ်၊ အထုပ်ပြင်ထားဆိုပြီး ခဏခဏပြောလွန်းလို့ မေမေကဆို ဒါနဲ့များ သူက မိဘမဲ့ဂေဟာ ဖွင့်ဦးမတဲ့ လို့ ပြောတတ်တယ်။ သိုးလေး မိဘမဲ့ဂေဟာ ဖွင့်ဖြစ်ရင် သိုးလေးကို ကူညီကြဦးနော်။ ဟဲဟဲ...။
AddThis Social Bookmark Button
အလှည့်  
အလှည့်
မွေးဖွားရာ အရပ်
ရှင်သန်ရာ ၀န်းကျင်
အခြေခံ ဗီဇ မတူညီကြတဲ့
ကမ္ဘာကြီးထဲက
မျိုးတူလူသားတွေထဲမှာ
အသက်ကယ်ဘောမပါ
ကိုယ့်ဖော့နည်းပညာမတတ်
ဘ၀ရေစီးကြောင်းနားမလည်ပါဘဲ
လောကသမုဒ္ဒရာထဲ
လက်ပစ်ကူးနေရတဲ့လူတွေ
အများကြီး ရှိတယ်။
ဆန္ဒပြင်းပြလွန်းရင်
တစ်ဖက်ကမ်းကို
အရောက်လှမ်းနိုင်သလို
ဇွဲသတ္တိမရှိရင်လည်း
ကမ်းမတင်နိုင်တဲ့ဘဝ
ရောက်သွားနိုင်တယ်။
ဒုက္ခလာရင် အဖော်ပါစမြဲမို့
စနေမိုး မရွာပါစေနဲ့လို့ပဲ
ဆုတောင်းနေရတယ်။
AddThis Social Bookmark Button
ဆေးတစ်ခွက်  
September 12, 2007
ဆေးတစ်ခွက်
ကမ္ဘာစစ်ကြီး ပြီးသွားပေမဲ့
ငါတို့မိသားစုကတော့
အိမ်တွင်းစစ်အေးတိုက်ပွဲတွေ
ဆင်နွှဲနေရတုန်းပဲ
ရသမျှလခ အကုန်အပ်
ဖြောင့်မတ်ခြင်းကို အသက်ထက်ချစ်တဲ့
အဖေက
တာဝန်ကျေပြီဆိုတဲ့ အသိနဲ့
လက်ရှိဘ၀ကိုကျေနပ်နေချိန်
ကလေးငါးယောက်ကြား
အမေကတော့ ဗျာများဆဲပဲတဲ့
နဂိုကမှ မလုံတဲ့အိုး
ခံသမျှ ယိုကျရတာ
မဆန်းပါဘူး
သေတမ်းစာမဟုတ်တဲ့
ရှေ့တန်းတစ်နေရာက
အမေ့အတွက် ရေးတဲ့စာ
တစ်နေ့ သားပြန်လာတဲ့အခါ
အမေနှင့်အတူလက်တွဲလို့
သုံးချောင်းထောက်စားပွဲ
အခြေမြဲအောင်လုပ်ကြတာပေါ့ အမေ။
AddThis Social Bookmark Button
About My Secret Habbit  
September 10, 2007
Ko Blink tagged me to write the secret habit of me. It's really not difficult for me because the manners of me are different with others since in my youth. I've so many secret habits. But I'll describe a little.
1. I cannot live without job and I don't want any spare time except sometime in month.
2. I like white, sky blue and army colors but I usually wear black.
3. I so like both reading and writing poems especially in post modern.
(I mean khit-paw poem)
4. I like silence and I don't want to stay among many people.
5. If I doing the design in Photoshop and testing HTML, I'll forget my lunch. I so interest in Web. But I am only a learner now.
Yet we cannot say that I'll not be a Professional Web Designer in a day. Ha Ha Ha...!!!
6. I so love rain and snow. But I have not seen snow in outside except in TV and Internet yet.
7. I trust in Buddha Dhamma and pray every morning. But I'm not able to pray everday. If I absence to pray, I said myself that 'I always trust in Buddha in my mind, so I have not punish. However I cannot stay the whole day. When I before sleep at night, I pray in hands at least three times. Am I a lazy girl?
I feel back you for my grammar. I've not skillful in English Language. Sorry :)
AddThis Social Bookmark Button
သံသရာ  
September 09, 2007
သံသရာ
ဟိုကိုင်းဖျားမှာ
ပွင့်သစ်စ ပန်းကလေးတစ်ပွင့်
ငွားငွားစွင့်စွင့် ပွင့်နေလေရဲ့
ချူလိုသူ ခြွေယူမှာလား
ဥယျာဉ်မှူး အလှရှုမှာလား
ပန်းကလေးဘဝ
တစ်ခဏ စာနာကြည့်မိတယ်။
ခူးခြွေယူ ပန်ဆင်သူမဲ့တဲ့အပြင်
နင်းခြေသူ လူတွေရဲ့ကြားမှာ
အလေ့ကျပန်းကလေးတွေကတော့
မျက်နှာငယ်ရှာတယ်လေ။
တော်ဝင် သဇင်ပန်းဖြစ်ဖြစ်
လမ်းဘေးက ရနံ့မမွှေးတဲ့ပန်းဖြစ်ဖြစ်
တစ်နေ့နေ့တော့ ကြွေကြမှာပဲ
ဝေမယ်... ကြွေမယ်...
တစ်ပွင့်ကြွေရင် တစ်ပွင့်ပြန်ဝေမယ်
ကြွေခြင်းဟာ ပွင့်ခြင်းပဲ
သံသရာ။
AddThis Social Bookmark Button
သားကောင်  
September 07, 2007
သားကောင်
ငါတို့အသက်ရှင်နေတာ
မမြဲခြင်းသဘောထဲမှာ
မသေချာတဲ့ မနက်ဖြန်အတွက်
ကြေညာမောင်းခတ်လို့
သတ်ပုတ်နေစရာလည်းမလိုဘူး
မင်းဘက်က ကြည့်တော့ လက်ဖ၀ါး
ငါ့ဘက်က ကြည့်တော့ လက်ဖမိုး
အမျိုးမျိုးတွေးလို့ရတယ်
ပန်းတိုင်ကို အရောက်လှမ်းဖို့
လက်တွဲညီဖို့သာ ပဓာနပဲ
အဓိကနဲ့ သာမညတော့
ခွဲခြားတတ်ရမယ်
မုဆိုးက သားကောင်မဖြစ်ဖို့
ချိန်မှတ်ကိုတော့
ထိအောင်ပစ်နိုင်ရမယ်။
(ကိုကလိုစေးထူးရဲ့ ကွန်မန့်ကပေးတဲ့ အတွေးတစ်စကို ဖတ်ရင်း ရေးချင်စိတ်ပေါက်တာနဲ့ ရေးမိသွားတာပါ။ အရေးမတတ်တော့ ဆိုလိုရင်း ရောက်ချင်မှလည်း ရောက်မှာပါ။ ကြိုးစားနေဆဲပါလို့...)
AddThis Social Bookmark Button
ရက်စွဲတစ်ခု  
September 06, 2007
ရက်စွဲတစ်ခု
တနင်္ဂနွေ...
အိုက်စပ်ပူလောင်လွန်းလှသည့်အပြင် လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာအရပ်သို့ ခရီးလွန်နေပုံမျိုး။ သည်တနင်္ဂနွေမှာတော့ ကျွန်မစိတ်ကူးတချို့ကို ခဏတစ်ဖြုတ် မြေမြှုပ်ထားရဦးမည်။ တနင်္ဂနွေနေ့မှာ အလုပ်မရှိလျှင် အိမ်ပြင်ထွက်တာ မကြိုက်တဲ့ အမေ့ရဲ့အလိုကို တစ်ရက်လောက်တော့ ဖြည့်ဆည်းပေးလိုက်ချင်ရဲ့ ဆိုပြီး အပြင်မထွက်ခဲ့တဲ့ တနင်္ဂနွေ။ ကလေးတွေကတော့ ပျော်နေကြမှာပဲ။ ကျွန်မတို့လည်း ငယ်ငယ်က ဒီလိုပါပဲလေ။ တနင်္ဂနွေတွေ မျှော်ရလွန်းလို့ တနင်္ဂနွေ နှစ်ထပ်တောင် ဖြစ်ချင်ခဲ့သေးတာပဲ။ အပြင်မထွက်လျှင်ပြီးရော အိမ်ထဲမှာ ကြိုက်သလောက် မွှေနှောက် စား၊ လှိမ့်ပိမ့် အိပ်ချင် အိပ် စိတ်ရှိသလိုနေ၊ သားသမီး စုံစုံလင်လင်မြင်ချင်တဲ့ အမေ့အကြောင်းကို စဉ်းစားရင်း ကျွန်မတို့ငယ်ငယ်က အမေ့ပုံရိပ်တွေကို မျက်လုံးထဲ မြင်ယောင်လာမိတယ်။
              အမေက အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အပြင် အဖေနဲ့ အသက်အများကြီးကွာတော့ အဖေ့အပေါ် နိုင်တယ်။ နိုင်တဲ့အပြင် အလုပ်လည်း ဘာမှ မည်မည်ရရမလုပ်တတ်ဘူး။ မိဘလက်ထက်က သက်သောင့်သက်သာ နေခဲ့ရတာလည်း ပါမှာပေါ့။ တစ်ခါတစ်ခါ အဖေက အပေါင်းအသင်းတွေနှင့် အရက်သောက်လာတတ်တဲ့နေ့မျိုးဆို အမေ မသိအောင် လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပြီး အမေအိပ်ပျော်လောက်တဲ့အချိန်ကျမှ အိမ်ပေါ်တက်တယ်။ ပြီးမှ ထမင်း စားသောက်ပြီး အိပ်တယ်။ အဲ... အမေ မနိုးရင်တော့ ကံကောင်းတာပေါ့။ အမေ တစ်ရေးနိုးတဲ့အချိန် အဖေ့ကိုတွေ့တာနဲ့ အတင်းနှိုးပြီး ရစ်တော့တာပဲ။ "ရှင် ဘယ်အချိန်က ပြန်ရောက်တာလဲ။ ဘာလို့ ကျွန်မကို မနှိုးတာလဲ။ ရှင် ဒီအရည်သောက်လာရင် အိမ်ပေါ်တက်မလာနဲ့လို့ ကျွန်မ ပြောထားတယ်နော်" ဆိုတာ မပြီးတော့ဘူး။ အဲဒီအခါမျိုးဆို အဖေက "ညီမရယ်... အစ်ကို တစ်လမှ တစ်ခါလောက်သောက်တာပါ။ နည်းနည်းလေး သောက်ထားတာ။ အဲဒါကြောင့် ညီမအိပ်တဲ့အချိန်မှ အိမ်ပေါ်တက်တာ။ အစ်ကို မမူးပါဘူး" ဆိုပြီး လေပြည်လေးနဲ့ ချော့တယ်။ အဖေ ဘယ်လိုချော့ချော့ အမေကတော့ မိုးအလင်းပဲ။
             ကျွန်မတို့မောင်နှမ ငါးယောက်စလုံးက အမေ့ဆို မျက်လုံးလေးနဲ့တောင် လှန်မကြည့်ရဲပေမဲ့ အဖေ့ကိုတော့ အရုပ်ပဲ။ အဖေကလည်း သားသမီးတွေ ချစ်တဲ့နေရာမှာ ရှာမှရှားလို့ ဆိုရလောက်တယ်။ ကျွန်မတို့အပြစ်တစ်ခုခုလုပ်လို့ အမေက ရိုက်တော့မယ့်အချိန်ဆို အဖေက "ကလေးတွေကို အစ်ကိုဆုံးမပါမယ် ညီမရယ်၊ ညီမ မောပါတယ်။ သိပ်ပြီး စိတ်အပင်ပန်း မခံပါနဲ့" ဆိုပြီး ပြောတတ်တယ်။ အမေကလည်း မရဘူး "ရှင်ဆုံးမမှာကို ကျွန်မသိနေတယ်။ ရှင် နောက်ဖေး ဘူးပင်က ဘူးရိုးကို သွားချိုးမယ်။ ပြီးရင် ကျွန်မ မမြင်ကွယ်ရာကို ခေါ်သွားမယ်၊ ကျွန်မကြားအောင် ပါးစပ်နဲ့ ရိုက်မယ်။ ဟွန့်... ရှင် ကျပ်ကျပ် အလိုလိုက်၊ အဲဒါကြောင့် ရှင့်ကို ဘယ်ကလေးမှ မကြောက်တာ" လို့ ပြန်ပြောတယ်။ အဲဒီအချိန်တုန်းက ဘ၀လေးကို ကျွန်မ အရမ်းတသမိတယ်။ ကျွန်မတို့ခြံကြီးက အကျယ်ကြီးပဲ။ အဖေက စိုက်တာပျိုးတာ ၀ါသနာပါတော့ သရက်၊ သြဇာ၊ မာလကာ၊ နာနတ် အမျိုးစုံပဲ။ ဘုရားပန်းဆိုလည်း အိမ်နားက လူတွေ မ၀ယ်ရဘူး။ ညဘက်ဆို ကျွန်မတို့တစ်မိသားစုလုံး အိမ်ပေါ်မှာ မနေကြဘူး။ ခြံထဲမှာ ဖျာကြမ်းကြီး ခင်းပြီး အဲဒီအပေါ်မှာ အိပ်ကြတာ။ ညဥ့်တော်တော်နက်လို့ အေးလာမှ အိမ်ထဲဝင်ကြတယ်။ အဲဒီအချိန်ဆို အမေက သူငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြတတ်သလို အဖေကလည်း သီချင်းတွေဆိုပြတယ်။ အဖေ့သီချင်းသံ မကြားရရင် မအိပ်တတ်အောင်ကို ဖြစ်ခဲ့ရတယ်။ အဖေ့ပခုံးပေါ်ကနေ ကျော်ပြီး အဖေ့ပေါင်ပေါ်ကို လှဲလှဲချရတာ ကျွန်မ အပျော်ဆုံးပဲ။ အမေက ဇက်ကျိုးမယ်လို့ ဘယ်လောက်ပြောပြော အဖေ့ကို မျက်စိမှိတ်ပြလိုက်တာနဲ့ အဖေက လုပ်ပေးတာပဲ။ ကျွန်မတို့မောင်နှမတွေစီးဖို့ဆိုပြီး အဖေက သရက်ပင်ကြီး နှစ်ပင်ကို ကြိုးနဲ့ သွယ်ပြီး ဒန်းလုပ်ပေးတယ်။ သရက်ပင်က ကြီးလည်း ကြီးပြီး နည်းနည်းလည်း ဝေးတော့ ကျွန်မတို့ ဒန်းကလည်း ကြိုး အရှည်ကြီးနဲ့ အကြီးကြီး ဖြစ်နေတာပေါ့။ ဒန်းပေါ်မှာ တစ်ခါစီးရင် ကျွန်မတို့မောင်နှမငါးယောက်လုံး ထိုင်လို့ရတယ်။
              ကျွန်မတို့မိသားစုအကြောင်းရေးရင် ၀တ္ထုရှည်တစ်အုပ်တောင် မကဘူးထင်တယ်။ အခုအချိန်မှာ အမေက မပူမပင် မကြောင့်မကြ နေရတယ်ဆိုပေမဲ့ အဖေဆုံးခါစ တုန်းက အမေ တော်တော်ဒုက္ခရောက်ခဲ့တာကလား။ ကျွန်မတို့မောင်နှမတွေက ကျောင်းနေတဲ့အရွယ်တွေ။ အမေကလည်း မလုပ်တတ်မကိုင်တတ်နဲ့ ကျွန်မတို့ခြံကြီးကို ရောင်းပစ်လိုက်ရတာလေ။ အမေက သတိရတိုင်း ခြံလေးကို နှမြောလိုက်တာလို့ ပြောတတ်တယ်။ အရင်က ကိုကိုနဲ့ မမတို့ကို စိတ်ဆိုးတဲ့အခါတိုင်း အမေက "နင်တို့လုပ်စာ ငါစားနေတာမဟုတ်ဘူး။ အသက်ကြီးလာလို့ မလုပ်နိုင်မကိုင်နိုင်ဖြစ်လည်း နင်တို့ကိုတော့ အားမကိုးဘူး" လို့ ပြောတတ်ပေမဲ့ ခုတော့ "တနင်္ဂနွေတစ်ရက်တော့ ဘယ်မှမသွားပါနဲ့ သမီးရယ်၊ နင့်အစ်ကိုတွေ အစ်မတွေလည်း လာမှာ။ တနင်္ဂနွေတစ်ရက်လေး မိသားစု ဆုံရတာ။ အမေ ဈေးသွားမယ်။ သမီး စားချင်တာပြော" ဆိုပြီး သားသမီးတွေစုံစုံလင်လင်နဲ့ နေချင်တဲ့ အမေ့ကို ကျွန်မ သနားမိတယ်။ တစ်ခါတစ်လေ "ငါက ကားကို ကိုယ်တိုင်မောင်းပြီး ခရီးသွားချင်တာ" လို့ အမေက ပြောတတ်သေးတယ်။ မောင်နှမတွေအားလုံး အသီးသီးဘွဲ့ရခဲ့ကြပေမဲ့ အမေက "ငါ့သမီး အငယ်ဆုံးလေးကိုပဲ အားကိုးရမှာ။ သူ နိုင်ငံခြားသွားလည်း ငါလိုက်မှာပဲ။ သူ့ကိုပဲ ငါ စိတ်မချတာ။ သူများနဲ့တူတာလည်းမဟုတ်ဘူး။ ဇွတ်တရွတ်ရယ်။ သူလုပ်ချင်တာ လုပ်တာ။ အခုလည်း ညဘက်ညဘက် ပြန်တာ မိုးချုပ်လို့ စောစောပြန်လာပါ မှာရတာ မောလွန်းလို့ ကြာတော့ မမှာနိုင်တော့ဘူး။ သူကလည်း ပြန်လာရင် ငါဆူမှာစိုးလို့ သူတို့ဘလော့တွေ ဘယ်လိုဖြစ်တာ ဘယ်ညာဖြစ်တာနဲ့ ပြောတာ စုံနေတာပဲ။ ငါကတော့ ဘာမှစိတ်မ၀င်စားဘူး။ အေး နင့်ဘာနင် ဘလော့ဖြစ်ဖြစ် ဘလက်ဖြစ်ဖြစ် နောက်နေ့ မိုးချုပ်ရင် သေမယ် ဆိုပြီး ပြောရတာလည်း ရက်ခြားပဲ"။ အမေက အဲဒီလို ခဏခဏပြောတတ်လွန်းလို့ ကျွန်မအိမ်နားက လူတွေကတောင် ကျွန်မကိုမြင်ရင် "ဟဲ့ နင် ဒီနေ့ စောတယ်နော်၊ ဘလော့မလုပ်ဘူးလား" ဆိုပြီး မေးတတ်နေပြီ။ ကျွန်မကတော့ သူတို့ဘာပြောပြော အပြုံးနဲ့ပဲ တုံ့ပြန်တယ်။ ဘာမှ ပြန်မပြောတော့ဘူး။ ဘယ်သူ့ကိုမှလည်း ရှင်းပြချင်စိတ်မရှိဘူး။ ကျွန်မရဲ့ နဂိုဗီဇကိုက လူအများနဲ့ ရောရောထွေးထွေး မနေတတ်တာကြောင့်ရောပေါ့။
AddThis Social Bookmark Button
ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ  
September 04, 2007
ကျွန်မနှင့် အွန်လိုင်းပေါ်မှ အလုပ်များ
ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ သိုးလေးလျှောက်ခဲ့တဲ့ အွန်လိုင်းပေါ်က အလုပ်တွေနဲ့ သိုးလေးရဲ့ ငိုရမလို ရယ်ရမလို အကြောင်းလေးတွေပေါ့။ သိုးလေးက အွန်လိုင်းနဲ့ အကျိုးပေးတယ်လို့တော့ ပြောလို့ရတယ်။ ဘာလို့ဆို လျှောက်သမျှအလုပ်တိုင်း ခေါ်လို့၊ ဟဲဟဲ... ပထမဦးဆုံး DTP & Graphic Design လုပ်ပေးနိုင်တဲ့သူတစ်ယောက်အနေနဲ့ Myanmartalk မှာ လျှောက်တယ်။ သိုးလေးက လက်ရှိအလုပ်နဲ့ဆိုတော့ Part Time ပဲ လျှောက်တယ်။ ၀ါသနာပါတာကြောင့်ရော အင်တာနက်ဖိုးလေး ကာမိအောင်ဆိုပြီးတော့ရော လျှောက်ထားလိုက်တာ။ ဒီလိုပဲပေါ့။ ခေါ်မယ်လို့လည်း မထင်ဘူးလေ။ လျှောက်ပြီး သိပ်မကြာဘူး ကိတ် လုပ်တဲ့ဆီက ခေါ်တယ်။ နာမည်တော့ မပြောတော့ဘူးနော်။ အဲဒီအစ်မက အိမ်ကို ဖုန်းဆက် ပြီးတော့ အလုပ်လုပ်စေချင်တယ်ပေါ့။ သူတို့နေရာက ဝေးတော့ဝေးတယ်။ ဒါပေမဲ့ အတွေ့အကြုံရအောင်ရယ်၊ ပိုက်ဆံလေးလည်း လိုချင်တာနဲ့ လုပ်မယ်ပေါ့။ အဲဒီကို တစ်ခါမှ မသွားဖူးတော့ အစ်မကိုယ်တိုင် ကားနဲ့လာခေါ်တယ်။ အရမ်းသဘောကောင်းတဲ့ အစ်မပါ။ မုန့်တွေလည်း အများကြီးကျွေးတယ်။ သိုးလေးကတော့ မုန့်တွေစားရတာနဲ့ပဲ ပျော်နေတာပဲ။ တစ်ရက်ပဲပေါ့။ သူတို့ကိတ်တွေရဲ့ စာရင်းတွေကို ဒီတိုင်း သူတို့ချထားတဲ့ ပုံစံအတွင်းမှာ ရိုက်ထည့်ပေးရုံပဲ လုပ်ပေးလိုက်ရတယ်။ နောက်ဆို မုန့်ဘူးဒီဇိုင်းတွေပါ လုပ်ပေးရမယ်လို့တော့ ပြောပါတယ်။ အဲဒီနေ့အတွက်လည်း ပိုက်ဆံရလိုက်သေးတယ်။ ရေရှည်အတွက် စဉ်းစားတော့ နေ့တိုင်း ရုံးကအပြန် ဘတ်စ်ကားနဲ့ သွား၊ ပြီးမှ အိမ်ပြန်... အဲဒီလိုလုပ်ဖို့က အဆင်မပြေဘူး။ ရုံးနဲ့ သူတို့နေရာနဲ့က ဝေးသလို အိမ်နဲ့ကျတော့လည်း တောင်နဲ့ မြောက် ဖြစ်နေတယ်။ အိမ်ပေးလုပ်ဖို့ကျတော့လည်း သူတို့ဘက်က တချို့ဟာတွေဆို သူများပေးမသိစေချင်တာတွေ ဘာတွေနဲ့ဆိုတော့ အဆင်မပြေပြန်ဘူး။ အဲဒီလိုအကြောင်းလေးတွေကြောင့် Part Time ပွဲဦးထွက်အလုပ်ကို တစ်ရက်ကြီးများတောင် လုပ်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီတစ်ရက်ကိုလည်း ဘယ်တော့မှ မမေ့နိုင်အောင် ပါပဲ။ ပြန်တော့လည်း လိုက်ပို့ပေးတယ်။ သိုးလေးက flash အကြောင်း စိတ်ဝင်စားတယ်ဆိုလို့ အဲဒီစာအုပ်တောင် ပေးလိုက်သေးတယ်။ နောက် သိပ်မကြာဘူး အစ်ကိုတစ်ယောက်က ထပ်ခေါ်တယ်။ သူကတော့ ဒီရန်ကုန်မှာတင်မက နယ်တွေအပြင် ပြည်ပကိုပါ ခြေဆံ့နေတဲ့ ကွန်ပျူတာပညာရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ နာမည်ပြောရင် တော်တော် များများက သိကြမှာပါ။ ဒါပေမဲ့ မပြောတော့ပါဘူး။ အစ်ကိုက design နဲ့ ပတ်သက်လို့ ခေါ်ချင်တယ်လို့ပြောတယ်။ သိုးလေး ၀မ်းသာပါတယ်။ နေရာကလည်း အဆင်ပြေတယ်။ သိုးလေး အရမ်းလုပ်ချင်တာပေါ့။ အဲဒီအစ်ကိုက ခေါ်ပြီး လက်တွေ့ လုပ်ပြခိုင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ဖို့လည်း ဆုံးဖြတ်ထားတယ်။ သူဖုန်းဆက်တော့လည်း ကိုယ်မရှိတဲ့အချိန်၊ ကိုယ်ဖုန်းဆက်တော့လည်း သူ မအားတဲ့အချိန်နဲ့ ကြားထဲမှာ တစ်ပတ်လောက် ခြားသွားတယ်။ သိုးလေးမှာက ရင်ခုန်မှုတွေအပြည့်နဲ့ပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ အဲဒီအစ်ကိုက သိုးလေးကို ညီမ design လုပ်ထားတဲ့ ပုံ နှစ်ပုံ သုံးပုံလောက် မေးလ်နဲ့ ပို့ပေးပါလားလို့ပြောတယ်။ သိုးလေး သိပ်နားမလည်ဘူး။ သိုးလေးက အပြင်မှာ professional လုပ်စားနေတဲ့လူ မဟုတ်ဘူး။ သိုးလေးကိုယ်တိုင် design လုပ်ထားတဲ့ဟာရယ်လို့ သိုးလေး စဉ်းစားလို့ကိုမရဘူး။ ကိုယ်တိုင်ဆွဲထားတဲ့ design လား၊ ဒါမှမဟုတ် ဓာတ်ပုံတွေကို သိုးလေးပြုပြင်ထားတဲ့ လက်ရာကို ကြည့်ချင်တာလား၊ vinyl တွေ လုပ်သလို သိုးလေးလုပ်ထားတဲ့ design မျိုး ပို့ပေးရင်ရော ရလားနဲ့ ခေါင်းထဲမှာ "လား" ပေါင်းများစွာ စဉ်းစားနေရင်းနဲ့ မပို့ဖြစ်ဘူး။ ဒါနဲ့ အဲဒီအလုပ်ကလေးက နိဒါန်းမစခင် နိဂုံးချုပ်လိုက်ရတာပေါ့။ အမှန်တော့ သိုးလေးက ခံယူချက် လွဲသွားတာပါ။ design ဆိုမှတော့ သိုးလေးလုပ်ထားတဲ့လက်ရာပါဖို့က အရေးအကြီးဆုံးပဲမဟုတ်လား။ ဟိုဟိုဒီဒီ လျှောက်လုပ်ထားတာတွေတော့ အများကြီးရှိတာပေါ့။ နောက်မှ ပို့ပေးလိုက်ရ ကောင်းသား ဆိုပြီးတော့ တွေးမိသေးတယ်။ သိုးလေးဖြစ်ချင်တာက သိုးလေးကို ခေါ်တွေ့စေချင်တယ်။ သူလည်း သူလိုချင်တဲ့အပိုင်းကို ပြော၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာကို ပြောမယ်။ လက်တွေ့ လုပ်ပြဆိုတော့လည်း လုပ်ပြမယ်။ ကြိုက်ရင် အလုပ်ဆက်လုပ်၊ မကြိုက်တော့လည်း အလုပ်မဖြစ်ဘူးပေါ့။ သိုးလေးက အဲဒီလို ဖြစ်စေချင်တာ။ ခုလို မစလိုက်ရဘဲ ဆုံးသွားတာကိုတော့ နှမြောမိတယ်။ ဒါဟာလည်း သိုးလေးအတွက် အတွေ့အကြုံကောင်း တစ်ခုပဲပေါ့။ သိုးလေး အတွေးအခေါ်နုနယ်သေးတယ်ဆိုတာ အထင်းသားပေါ်လာတာပဲလေ။ အပြင်မှာ အဲဒီအစ်ကိုက သိုးလေးကို သိမယ်မဟုတ်ပေမဲ့ သိုးလေးကတော့ အဲဒီအစ်ကိုကို သိပါတယ်။ သူ့ seminar ကိုလည်း သိုးလေး နားထောင်ဖူးပါတယ်။ စကားမစပ် အဲဒီအစ်ကိုက ဘလော့ဆရာကြီး သိလား။ သိုးလေးကို ဘလော့လုပ်ဖို့တိုက်တွန်းတဲ့ အစ်မက ဘလော့အကြောင်းကို အဲဒီအစ်ကိုဆီကတစ်ဆင့် သိခဲ့ရတာလို့ပြောတယ်။ အဲဒီလို... အဲဒီလိုပေါ့... အွန်လိုင်းပေါ်မှ အလုပ်နဲ့ ကျွန်မရဲ့ ဇာတ်လမ်းက ရှိသေးတယ်။ ဘလော့မိတ်ဆွေတွေ ဖတ်ရတာ ပျင်းစရာကြီး ဖြစ်နေမှာစိုးလို့။
AddThis Social Bookmark Button
လောက၏ တန်ဆာဆင်ဖွယ်များ  
September 01, 2007
လောက၏ တန်ဆာဆင်ဖွယ်များ
- နီတိကျမ်းသည် မင်းတို့၏ တန်ဆာတည်း။
- ကိုယ်ကို နှိမ့်ချခြင်းသည် ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသူတို့၏ တန်ဆာတည်း။
- တည်ကြည်ခြင်းသည် လင်မယားတို့၏ တန်ဆာတည်း။
- သူငယ်တို့သည် အိမ်၏ တန်ဆာတည်း။
- ကဗျာတတ်ခြင်းသည်ပညာရှိတို့၏ တန်ဆာတည်း။
- ကြည်ညိုဖွယ်ရှိသောအဖြစ်သည် ပညာရှိတို့၏ တန်ဆာတည်း။
- ပြေပြစ်သောအဖြစ်သည် ကိုယ်ခန္ဓာ၏ တန်ဆာတည်း။
- နှစ်လိုဖွယ်သည်ကား သူတော်ကောင်းတို့၏ တန်ဆာတည်း။
- ကောင်းစွာစေ့စပ်ခြင်းသည် ရဟန်း ပုဏ္ဏားတို့၏ တန်ဆာတည်း။
- သည်းခံခြင်းသည် အစွမ်းရှိသောသူတို့၏ တန်ဆာတည်း။
- ဥစ္စာရှိခြင်းသည်ကား အိမ်ရာထောင်သောသူ၏ တန်ဆာတည်း။
- ကောင်းမှုကိုကျင့်ခြင်းသည်ကား သူတော်ကောင်းတို့၏ တန်ဆာတည်း။
AddThis Social Bookmark Button
© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster