အမိုးမဲ့ အိမ်
September 13, 2007
အမိုးမဲ့ အိမ်
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့ဘ၀ကို
ခံစားဖူးပါသလား
ရင်ခွင်မဲ့ကလေးတစ်ယောက်ရဲ့
ဆန္ဒတွေ၊ အာသီသတွေ
ဒါတွေကိုကော စာနာဖူးပါသလား ... ... ...
သစ်ပင်တစ်ပင်ရဲ့အရိပ်အောက်မှာ
အဘိုးတစ်ယောက်ဟာ
ကလေးငယ်တစ်ယောက်ကိုပြောပြနေတယ်
ကောင်းကင်ဟာ မိခင်ပဲ
သူများမိခင်တွေ တစ်ချိန်ချိန်မှာ သေဆုံးနိုင်ပေမဲ့
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးဘူး
သားရဲ့မိခင်ဟာ အကောင်းဆုံးတဲ့။
ဒီအချိန်မှာ
ကလေးငယ်ကလည်း တွေးနေတယ်
ကောင်းကင်မိခင်ဟာ ဘယ်တော့မှမသေဆုံးပေမဲ့
သားနဲ့ အရမ်း အလှမ်းဝေးလွန်းနေတယ်
နွေးထွေးတဲ့အမေ့ရင်ခွင်မှာ ခိုနားနိုင်မယ်ဆိုရင်
သား ခုပဲ ငှက်တစ်ကောင်ဖြစ်လိုက်ချင်ပါရဲ့တဲ့။
တစ်ချိန် ပရဟိတလုပ်ငန်းလုပ်နိုင်မယ်ဆိုရင် သိုးလေးက မိဘမဲ့ဂေဟာဖွင့်ပြီး ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးချင်တယ်။ မိဘမဲ့နေတဲ့ကလေးတွေကို နွေးထွေးမှုပေးချင်တယ်။ အဲဒါ သိုးလေးရဲ့ ရင်ထဲကဆန္ဒပဲ။ ကလေးလေးတွေ လမ်းဘေးမှာ လျှောက်သွားနေတာတွေ့ရင် ဘာကြောင့်မှန်းမသိဘူး၊ အရမ်းသနားတယ်။ သူတို့ကို ရေမိုးချိုး၊ သန့်သန့်ပြန့်ပြန့်လေးတွေလုပ်ပေး၊ ပြီးရင် ကျောင်းလွှတ် အဲဒီလိုမျိုးလုပ်ပေးချင်တာအရမ်းပဲ။ ငယ်ငယ်က မှတ်မှတ်ရရ သိုးလေးတို့မိသားစု ရုပ်ရှင်သွားကြည့်ကြတုန်းကပေါ့။ ညနေ ကျောင်းကပြန်ချိန်။ မိုးတွေက တအားရွာနေတော့ မေမေက မသွားတော့ဘူးလုပ်တာ။ သိုးလေးတို့မောင်နှမတစ်တွေရဲ့ ဂျစ်ကျတာကို မခံနိုင်တဲ့အဆုံးမှ သွားကြည့်ကြတာ။ အိမ်နဲ့ ရုပ်ရှင်ရုံနဲ့က မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တယ်လေ။ ကားလည်း ထွေထွေထူးထူး စီးမနေတော့ဘူးဆိုပြီး သိုးလေးတို့အကုန် လမ်းလျှောက်သွားကြတယ်။ ရုံထဲရောက်ပြီး ရုပ်ရှင်ပြနေတုန်း ကလေးလေးတွေ (အဲ သိုးလေးဆိုလည်း အဲဒီတုန်းက တကယ့်ကလေးလေးပေါ့၊ ရှိလှ ၇ နှစ် ၈ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်) ရုံထဲဝင်လာတယ်။ စုစုပေါင်း ၄ ယောက်။ မိုးရေတွေ စိုရွှဲနေတာပဲ။ သိုးလေးတို့ရှေ့မှာ လာထိုင်တယ်။ မေမေကတော့ ပြောတယ်။ ကလေးလေးတွေ မိဘတွေလည်း မပါဘဲ လာကြည့်ကြတာနဲ့တူတယ်တဲ့။ ရုပ်ရှင်သာပြနေတယ် သိုးလေးတို့မောင်နှမတွေရဲ့ မျက်လုံးက အဲဒီကလေးလေးတွေဆီမှာပဲ။ ကိုယ်နဲ့ ရွယ်တူလေးတွေဆိုတော့ ပိုစိတ်ဝင်စားမိတာလည်း ပါတာပေါ့။ အဲဒီအချိန်တုန်းက ရူုပ်ရှင်တစ်ကားကို နှစ်ပိုင်းကြည့်ရတယ်။ တစ်ပိုင်းပြတယ်၊ ပြီးရင် မုန့်စားချိန် ၁၅ မိနစ်ပေးတယ်။ ပြီးမှ နောက်တစ်ပိုင်းဆက်ပြတယ်။ အဲဒါ မုန့်စားချိန် ၁၅ မိနစ်နားတော့ ကလေးလေးတွေက တအားကို ချမ်းနေပြီ။ သိုးလေးတို့လည်း ဘယ်လိုမှ မနေနိုင်တော့ဘူး၊ မေမေ့ကို ၀ိုင်းပြောကြတယ်။ သိုးလေးတို့ အ၀တ်တွေ ချွတ်ပေးလိုက်မယ်လို့။ သိုးလေးတို့က အိမ်ကထွက်ကတည်းက မိုးရွာမှန်းသိတော့ မေမေက ဘောင်းဘီတိုတစ်ထပ် ဘောင်းဘီရှည်တစ်ထပ်၊ အပေါ်က ဂါဝန်တစ်ထပ်၊ အနွေးထည်တစ်ထပ်နဲ့ဆိုတော့ အကြောင်းမဟုတ်ဘူးလေ။ မေမေက နင်တို့သဘောတူရင် ပြီးတာပဲတဲ့။ ပြီးတော့ မေမေက ကလေးလေးတွေကို ဟိုမေး သည်မေးပေါ့။ နောက်တော့ သိုးလေးတို့အကုန် အိမ်သာထဲသွားကြတယ်။ သိုးလေးက ဘောင်းဘီရှည် ချွတ်၊ အပေါ်က အနွေးထည် ချွတ်၊ သိုးလေးအထက်က မမကလည်း သိုးလေးလိုပဲ ချွတ်၊ ကိုကို့ကိုလည်း ချွတ်ခိုင်း၊ ပြီးတော့ ကလေး လေးယောက်ကို မျှဝတ်ပေးလိုက်တယ်။ အဲဒီကပြန်တော့ ဘာမှလည်း မည်မည်ရရမဟုတ်ပေမဲ့ စိတ်ထဲ အရမ်းပျော်နေတာ။ သိုးလေးသာ တစ်ချိန် လက်ထဲ ပိုက်ဆံထုပ်ပိုက်နိုင်ရင် သီလရှင်ဝတ်မှာလို့ မေမေ့ကိုပြောခဲ့ဖူးသေးတယ်။ နောက်မှ မေမေက နင်ကတော့ အမြဲ တလွဲပြောတဲ့။ အဲဒီအချိန်တုန်းက သိုးလေးက သီလရှင်တွေပဲ မိဘမဲ့ဂေဟာ ဖွင့်လို့ရတယ်လို့ ထင်တာကိုး။ သိုးလေးတစ်သက် အမြဲစိတ်မကောင်းဖြစ်နေရတာ တစ်ခုရှိတယ်။ ကလေးလေးတစ်ယောက် သိုးလေးမျက်စိရှေ့တင် ပျောက်သွားဖူးတယ်။ အဲဒီကလေးလေးက အိမ်ကနေ ထွက်ပြေးလာတာလေ။ သူ့အမေက မော်လမြိုင်မှာမို့ သူ့အမေဆီလိုက်သွားမယ်ဆိုပြီး အိမ်ကနေ ထွက်ပြေးလာတာ။ သိုးလေးရဲ့ရှေ့မှာ အဲဒီကလေးလေးက သွားနေတာ။ သိုးလေးလည်း သွားနေတာပဲ။ ကလေးလေးကို ကြည့်နေရင်းနဲ့ အမှုမဲ့ အမှတ်မဲ့ အဲဒီကလေးလေးကို သတိမထားမိတော့ဘူး။ ခဏနေတော့ နောက်က လူကြီးတွေလိုက်လာပြီး ကလေးလေးတစ်ယောက် တွေ့မိလားလို့ မေးတယ်။ သိုးလေးက တွေ့မိတယ်ပေါ့။ လမ်းဆုံရောက်တော့ ဘယ်ဘက်ချိုးသွားသလဲဆိုတော့ သိုးလေး ဘယ်လိုမှကို မျက်လုံးထဲ ပုံဖော်လို့ မရဘူး။ နောက်တော့ လူကြီးတွေက ရဲစခန်းတိုင်ကြတာပေါ့။ သူ့အမေဆီကိုလည်း မရောက်လာဘူးတဲ့။ မော်လမြိုင်ကို သူက ဘယ်လိုလုပ်သွားတတ်မလဲ။ အခုအချိန်ထိ လုံးဝကို သတင်းမရတော့ဘူး။ တကယ် ပျောက်သွားတာ။ သိုးလေး အဲဒီအကြောင်းစဉ်းစားမိတိုင်း ရင်ထဲ မကောင်းဘူး။ သိုးလေးကြောင့်လို့ပဲ တွေးတွေးနေမိတယ်။ သိုးလေးသာ သေချာ ကြည့်လိုက်မိရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့။ ကလေးလေးတွေနဲ့ပတ်သက်လာရင် သိုးလေးက ကိုယ်တိုင်ဖြစ်နေသလိုကို ခံစားမိတယ်။ သူတို့ဘ၀တွေ သာယာရင် အလိုလိုနေရင်း ပျော်မိသလို၊ သူတို့ဘ၀တွေ မလှရင် သိုးလေးလည်း စိတ်မကောင်းဖြစ်ရတယ်။ သိုးလေး အိတ်ထဲမှာ သကြားလုံး အမြဲတမ်း ဆောင်ထားတယ်။ ဘတ်စ်ကားပေါ်မှာ တစ်ခါတလေ ကလေးတွေငိုရင် သကြားလုံးလေးပေးလိုက်ရင် ဘာပဲပြောပြော ခဏတော့ အငိုတိတ်သွားတာပဲလေ။ သိုးလေးကိုယ်တိုင်ကလည်း ကြိုက်တယ်။ အလကားနေ အဲဒီသကြားလုံးပဲ စားနေတာလေ။ ရိုးရိုးသကြားလုံးတော့ မကြိုက်ဘူး။ ဒိုင်းနမိုက်လို ပူရှိန်းချောကလက် သကြားလုံးမျိုးကိုကြိုက်တယ်။ သိုးလေးတို့အိမ်မှာ တာချီလိတ်ကနေ ကျောင်းလာတက်တဲ့ မောင်ဝမ်းကွဲလေးရှိတယ်။ သိုးလေးက ပြောလို့ဆိုလို့မရလို့ တအားစိတ်တိုလာရင် နင့်ကို တာချီလိတ်ပြန်ပို့မယ်၊ အထုပ်ပြင်ထားဆိုပြီး ခဏခဏပြောလွန်းလို့ မေမေကဆို ဒါနဲ့များ သူက မိဘမဲ့ဂေဟာ ဖွင့်ဦးမတဲ့ လို့ ပြောတတ်တယ်။ သိုးလေး မိဘမဲ့ဂေဟာ ဖွင့်ဖြစ်ရင် သိုးလေးကို ကူညီကြဦးနော်။ ဟဲဟဲ...။
September 14, 2007 at 12:29 AM
မွန်မြတ်တယ် သိုးလေးရေ...
တတ်နိုင်သလောက်ကူမယ်နော်..
အကြောင်းကြားလိုက်...
ဒါပေမယ့် ကလေးငိုသံကြားရရင် အရမ်းစိတ်ညစ်တယ်....။
September 14, 2007 at 4:30 AM
ငါလည်း ကူမယ်... ကလေးတော့ မထိန်းတက်ဘူး.. သူတို ကိုတော့ ပျော်နေစေချင်တယ်..
နတ်ဆိုး..
September 14, 2007 at 4:39 AM
သိုးလေးနဲ့ စိတ်တူကိုယ်တူတွေ့ပြီ။ ပြောတုန်းက ပြောတယ်နော်... တကယ်ခေါ်မှ မမလေးရော ကိုနတ်ဆိုးရော ထွက်မပြေးရဘူး။ ကလေးတွေ အီးအီးပါ၊ ရှူးရှူးပေါက် အကုန်လုပ်ပေးရမှာ ဟားဟား။
September 14, 2007 at 6:33 AM
တက်နိုင်တဲ့ဘက်က ကူညီချင်ပါတယ် သိုးမလေး။
နုနယ်တဲ့ မေတ္တာငတ်နေတဲ့ ကလေးတွေကို ပြုစုဆောင့်ရှောက်ချင်တဲ့
စိတ်ဓါတ်ရှိတာ သိရတော့ ၀မ်းသာ ဂုဏ်ယူမိပါတယ်။
September 14, 2007 at 12:02 PM
တကယ်လုပ်မှာလား.. တကယ်လုပ်မယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ...
September 14, 2007 at 12:02 PM
တကယ်လုပ်မှာလား.. တကယ်လုပ်မယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ... ကူညီနိုင်တာ ကူညီပေးမယ်..
September 15, 2007 at 4:08 AM
အီး၂တွေ..ရှူးတွေတော့ မကိုင်ချင်ဘူး… ကလေးတွေကို စာသင်ပေးမယ်… သူတို့ နဲ့ ကစားပေးမယ်… ဒါပဲ…။
September 15, 2007 at 4:32 AM
တကယ်ပြောတာလား။ ဒါဆို မမ အားမငယ်တော့ဘူးနော်။ မမကို စောင့်ရှောက်မယ်သူတွေ့ပြီပေါ့နော်။
September 15, 2007 at 5:31 AM
သိုးလေးတကယ်လုပ်ဖြစ်တဲ့အချိန်ကျရင် ဘလော့ဘော်ဘော်တွေကိုပဲ အားကိုးရမှာလေ။ ပြောမှာစိတ်ချ။ အခုလို ၀မ်းပန်းတသာနဲ့ စိတ်ဝင်တစား လုပ်ပေးချင်ကြတာ ကျေးဇူးပဲ။
September 15, 2007 at 5:11 PM
တကယ်လုပ်ဖြစ်ရင် စာသင်ပေးမယ်လေ။ ခလေးတွေကို ။ မြို့တော့တူမှ ဖြစ်မယ်လေ
September 15, 2007 at 8:16 PM
ကူမယ် ကူမယ် ကလေးတွေနဲ့ တူတူ ဆော့ချင်လို့