ရက်စွဲတစ်ခု
September 06, 2007
ရက်စွဲတစ်ခု
တနင်္ဂနွေ...
အိုက်စပ်ပူလောင်လွန်းလှသည့်အပြင် လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာအရပ်သို့ ခရီးလွန်နေပုံမျိုး။ သည်တနင်္ဂနွေမှာတော့ ကျွန်မစိတ်ကူးတချို့ကို ခဏတစ်ဖြုတ် မြေမြှုပ်ထားရဦးမည်။ တနင်္ဂနွေနေ့မှာ အလုပ်မရှိလျှင် အိမ်ပြင်ထွက်တာ မကြိုက်တဲ့ အမေ့ရဲ့အလိုကို တစ်ရက်လောက်တော့ ဖြည့်ဆည်းပေးလိုက်ချင်ရဲ့ ဆိုပြီး အပြင်မထွက်ခဲ့တဲ့ တနင်္ဂနွေ။ ကလေးတွေကတော့ ပျော်နေကြမှာပဲ။ ကျွန်မတို့လည်း ငယ်ငယ်က ဒီလိုပါပဲလေ။ တနင်္ဂနွေတွေ မျှော်ရလွန်းလို့ တနင်္ဂနွေ နှစ်ထပ်တောင် ဖြစ်ချင်ခဲ့သေးတာပဲ။ အပြင်မထွက်လျှင်ပြီးရော အိမ်ထဲမှာ ကြိုက်သလောက် မွှေနှောက် စား၊ လှိမ့်ပိမ့် အိပ်ချင် အိပ် စိတ်ရှိသလိုနေ၊ သားသမီး စုံစုံလင်လင်မြင်ချင်တဲ့ အမေ့အကြောင်းကို စဉ်းစားရင်း ကျွန်မတို့ငယ်ငယ်က အမေ့ပုံရိပ်တွေကို မျက်လုံးထဲ မြင်ယောင်လာမိတယ်။
အမေက အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အပြင် အဖေနဲ့ အသက်အများကြီးကွာတော့ အဖေ့အပေါ် နိုင်တယ်။ နိုင်တဲ့အပြင် အလုပ်လည်း ဘာမှ မည်မည်ရရမလုပ်တတ်ဘူး။ မိဘလက်ထက်က သက်သောင့်သက်သာ နေခဲ့ရတာလည်း ပါမှာပေါ့။ တစ်ခါတစ်ခါ အဖေက အပေါင်းအသင်းတွေနှင့် အရက်သောက်လာတတ်တဲ့နေ့မျိုးဆို အမေ မသိအောင် လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပြီး အမေအိပ်ပျော်လောက်တဲ့အချိန်ကျမှ အိမ်ပေါ်တက်တယ်။ ပြီးမှ ထမင်း စားသောက်ပြီး အိပ်တယ်။ အဲ... အမေ မနိုးရင်တော့ ကံကောင်းတာပေါ့။ အမေ တစ်ရေးနိုးတဲ့အချိန် အဖေ့ကိုတွေ့တာနဲ့ အတင်းနှိုးပြီး ရစ်တော့တာပဲ။ "ရှင် ဘယ်အချိန်က ပြန်ရောက်တာလဲ။ ဘာလို့ ကျွန်မကို မနှိုးတာလဲ။ ရှင် ဒီအရည်သောက်လာရင် အိမ်ပေါ်တက်မလာနဲ့လို့ ကျွန်မ ပြောထားတယ်နော်" ဆိုတာ မပြီးတော့ဘူး။ အဲဒီအခါမျိုးဆို အဖေက "ညီမရယ်... အစ်ကို တစ်လမှ တစ်ခါလောက်သောက်တာပါ။ နည်းနည်းလေး သောက်ထားတာ။ အဲဒါကြောင့် ညီမအိပ်တဲ့အချိန်မှ အိမ်ပေါ်တက်တာ။ အစ်ကို မမူးပါဘူး" ဆိုပြီး လေပြည်လေးနဲ့ ချော့တယ်။ အဖေ ဘယ်လိုချော့ချော့ အမေကတော့ မိုးအလင်းပဲ။
ကျွန်မတို့မောင်နှမ ငါးယောက်စလုံးက အမေ့ဆို မျက်လုံးလေးနဲ့တောင် လှန်မကြည့်ရဲပေမဲ့ အဖေ့ကိုတော့ အရုပ်ပဲ။ အဖေကလည်း သားသမီးတွေ ချစ်တဲ့နေရာမှာ ရှာမှရှားလို့ ဆိုရလောက်တယ်။ ကျွန်မတို့အပြစ်တစ်ခုခုလုပ်လို့ အမေက ရိုက်တော့မယ့်အချိန်ဆို အဖေက "ကလေးတွေကို အစ်ကိုဆုံးမပါမယ် ညီမရယ်၊ ညီမ မောပါတယ်။ သိပ်ပြီး စိတ်အပင်ပန်း မခံပါနဲ့" ဆိုပြီး ပြောတတ်တယ်။ အမေကလည်း မရဘူး "ရှင်ဆုံးမမှာကို ကျွန်မသိနေတယ်။ ရှင် နောက်ဖေး ဘူးပင်က ဘူးရိုးကို သွားချိုးမယ်။ ပြီးရင် ကျွန်မ မမြင်ကွယ်ရာကို ခေါ်သွားမယ်၊ ကျွန်မကြားအောင် ပါးစပ်နဲ့ ရိုက်မယ်။ ဟွန့်... ရှင် ကျပ်ကျပ် အလိုလိုက်၊ အဲဒါကြောင့် ရှင့်ကို ဘယ်ကလေးမှ မကြောက်တာ" လို့ ပြန်ပြောတယ်။ အဲဒီအချိန်တုန်းက ဘ၀လေးကို ကျွန်မ အရမ်းတသမိတယ်။ ကျွန်မတို့ခြံကြီးက အကျယ်ကြီးပဲ။ အဖေက စိုက်တာပျိုးတာ ၀ါသနာပါတော့ သရက်၊ သြဇာ၊ မာလကာ၊ နာနတ် အမျိုးစုံပဲ။ ဘုရားပန်းဆိုလည်း အိမ်နားက လူတွေ မ၀ယ်ရဘူး။ ညဘက်ဆို ကျွန်မတို့တစ်မိသားစုလုံး အိမ်ပေါ်မှာ မနေကြဘူး။ ခြံထဲမှာ ဖျာကြမ်းကြီး ခင်းပြီး အဲဒီအပေါ်မှာ အိပ်ကြတာ။ ညဥ့်တော်တော်နက်လို့ အေးလာမှ အိမ်ထဲဝင်ကြတယ်။ အဲဒီအချိန်ဆို အမေက သူငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြတတ်သလို အဖေကလည်း သီချင်းတွေဆိုပြတယ်။ အဖေ့သီချင်းသံ မကြားရရင် မအိပ်တတ်အောင်ကို ဖြစ်ခဲ့ရတယ်။ အဖေ့ပခုံးပေါ်ကနေ ကျော်ပြီး အဖေ့ပေါင်ပေါ်ကို လှဲလှဲချရတာ ကျွန်မ အပျော်ဆုံးပဲ။ အမေက ဇက်ကျိုးမယ်လို့ ဘယ်လောက်ပြောပြော အဖေ့ကို မျက်စိမှိတ်ပြလိုက်တာနဲ့ အဖေက လုပ်ပေးတာပဲ။ ကျွန်မတို့မောင်နှမတွေစီးဖို့ဆိုပြီး အဖေက သရက်ပင်ကြီး နှစ်ပင်ကို ကြိုးနဲ့ သွယ်ပြီး ဒန်းလုပ်ပေးတယ်။ သရက်ပင်က ကြီးလည်း ကြီးပြီး နည်းနည်းလည်း ဝေးတော့ ကျွန်မတို့ ဒန်းကလည်း ကြိုး အရှည်ကြီးနဲ့ အကြီးကြီး ဖြစ်နေတာပေါ့။ ဒန်းပေါ်မှာ တစ်ခါစီးရင် ကျွန်မတို့မောင်နှမငါးယောက်လုံး ထိုင်လို့ရတယ်။
ကျွန်မတို့မိသားစုအကြောင်းရေးရင် ၀တ္ထုရှည်တစ်အုပ်တောင် မကဘူးထင်တယ်။ အခုအချိန်မှာ အမေက မပူမပင် မကြောင့်မကြ နေရတယ်ဆိုပေမဲ့ အဖေဆုံးခါစ တုန်းက အမေ တော်တော်ဒုက္ခရောက်ခဲ့တာကလား။ ကျွန်မတို့မောင်နှမတွေက ကျောင်းနေတဲ့အရွယ်တွေ။ အမေကလည်း မလုပ်တတ်မကိုင်တတ်နဲ့ ကျွန်မတို့ခြံကြီးကို ရောင်းပစ်လိုက်ရတာလေ။ အမေက သတိရတိုင်း ခြံလေးကို နှမြောလိုက်တာလို့ ပြောတတ်တယ်။ အရင်က ကိုကိုနဲ့ မမတို့ကို စိတ်ဆိုးတဲ့အခါတိုင်း အမေက "နင်တို့လုပ်စာ ငါစားနေတာမဟုတ်ဘူး။ အသက်ကြီးလာလို့ မလုပ်နိုင်မကိုင်နိုင်ဖြစ်လည်း နင်တို့ကိုတော့ အားမကိုးဘူး" လို့ ပြောတတ်ပေမဲ့ ခုတော့ "တနင်္ဂနွေတစ်ရက်တော့ ဘယ်မှမသွားပါနဲ့ သမီးရယ်၊ နင့်အစ်ကိုတွေ အစ်မတွေလည်း လာမှာ။ တနင်္ဂနွေတစ်ရက်လေး မိသားစု ဆုံရတာ။ အမေ ဈေးသွားမယ်။ သမီး စားချင်တာပြော" ဆိုပြီး သားသမီးတွေစုံစုံလင်လင်နဲ့ နေချင်တဲ့ အမေ့ကို ကျွန်မ သနားမိတယ်။ တစ်ခါတစ်လေ "ငါက ကားကို ကိုယ်တိုင်မောင်းပြီး ခရီးသွားချင်တာ" လို့ အမေက ပြောတတ်သေးတယ်။ မောင်နှမတွေအားလုံး အသီးသီးဘွဲ့ရခဲ့ကြပေမဲ့ အမေက "ငါ့သမီး အငယ်ဆုံးလေးကိုပဲ အားကိုးရမှာ။ သူ နိုင်ငံခြားသွားလည်း ငါလိုက်မှာပဲ။ သူ့ကိုပဲ ငါ စိတ်မချတာ။ သူများနဲ့တူတာလည်းမဟုတ်ဘူး။ ဇွတ်တရွတ်ရယ်။ သူလုပ်ချင်တာ လုပ်တာ။ အခုလည်း ညဘက်ညဘက် ပြန်တာ မိုးချုပ်လို့ စောစောပြန်လာပါ မှာရတာ မောလွန်းလို့ ကြာတော့ မမှာနိုင်တော့ဘူး။ သူကလည်း ပြန်လာရင် ငါဆူမှာစိုးလို့ သူတို့ဘလော့တွေ ဘယ်လိုဖြစ်တာ ဘယ်ညာဖြစ်တာနဲ့ ပြောတာ စုံနေတာပဲ။ ငါကတော့ ဘာမှစိတ်မ၀င်စားဘူး။ အေး နင့်ဘာနင် ဘလော့ဖြစ်ဖြစ် ဘလက်ဖြစ်ဖြစ် နောက်နေ့ မိုးချုပ်ရင် သေမယ် ဆိုပြီး ပြောရတာလည်း ရက်ခြားပဲ"။ အမေက အဲဒီလို ခဏခဏပြောတတ်လွန်းလို့ ကျွန်မအိမ်နားက လူတွေကတောင် ကျွန်မကိုမြင်ရင် "ဟဲ့ နင် ဒီနေ့ စောတယ်နော်၊ ဘလော့မလုပ်ဘူးလား" ဆိုပြီး မေးတတ်နေပြီ။ ကျွန်မကတော့ သူတို့ဘာပြောပြော အပြုံးနဲ့ပဲ တုံ့ပြန်တယ်။ ဘာမှ ပြန်မပြောတော့ဘူး။ ဘယ်သူ့ကိုမှလည်း ရှင်းပြချင်စိတ်မရှိဘူး။ ကျွန်မရဲ့ နဂိုဗီဇကိုက လူအများနဲ့ ရောရောထွေးထွေး မနေတတ်တာကြောင့်ရောပေါ့။
ဝှူး... ပူအိုက်လွန်းလှတဲ့ တနင်္ဂနွေပါလား။ မိုးကိုချစ်တဲ့ ကျွန်မအတွက်တော့ ဒီတနင်္ဂနွေဟာ ကန္တာရထဲရောက်နေသလို ခံစားရတယ်။ မိသားစုရဲ့ နွေးထွေးမှုသာမရှိရင် ဒီလိုတနင်္ဂနွေမျိုးကို အိမ်ထဲမှာထိုင်ပြီး ကျွန်မအချိန်မဖြုန်းချင်ဘူး။ နောက်အပတ်တော့ ကျွန်မ ဆိုက်ဘာသွားရင် သွား၊ မသွားရင် စာကြည့်တိုက်မှာပဲ စာသွားဖတ်တော့မယ်။ ပြန်လာရင်တော့ ထုံးစံအတိုင်း အမေ့ကို ဟိုဟိုသည်သည် လျှောက်ပြောရင်းနဲ့ ချော့ရမှာပေါ့။
September 6, 2007 at 9:43 AM
သိုးလေးရေ…ဖတ်ပြီးတစ်မျိုးလေးပဲ … သိုးလေးကိုလဲ ပိုချစ်သွားတယ် … ရေးထားတာလေးကတကယ်ကောင်းတယ်… လေးမလဲ အဖေကို သိပ်ချစ်တဲ့ သမီးပဲ …။
September 6, 2007 at 9:21 PM
သိုးလေးငယ်ငယ်က အရမ်းပျော်စရာကောင်းခဲ့မှာပဲနော်..
ရေးထားတာလေးလည်း ကောင်းတယ်...
September 7, 2007 at 4:39 AM
သိုးလေးကို အားပေးတာ ကျေးဇူးပါ မမလေး... သိုးလေးက မမလေးကို အားကျတာပါ။ မမလေးရဲ့ အရေးအသားတွေကို သိုးလေးက ကြိုက်တာ။ သူများတွေကပြောတာတော့ သိုးလေးကို အဖေရော အမေရော ဘယ်သူနဲ့မှ မတူဘူးတဲ့။ မမလေးရော?
ကိုသန့်ဇော်မင်းရေ... ပြန်မရတဲ့ ငယ်ဘ၀ တစ်ခါတစ်ခါတော့ တမ်းတမိသား...
September 10, 2007 at 7:30 AM
သိုးလေးရေ … မမလေးက အဖေတ၀က် ..အမေတ၀က် တူတယ် …။ ရုပ်ရော စိတ်ရော… ။ အဖေနဲ့ က နဲနဲ ပိုတူတယ်… ဒီမှာ http://malay-layma.blogspot.com/2007/06/my-father.html နဲ့  http://malay-layma.blogspot.com/2007/06/beloved-mom.html မှာ အဖေနဲ့  အမေကိုရေးထားတယ်.....။