ဆင်ဖိုနီအလွမ်း
September 16, 2007
ဆင်ဖိုနီအလွမ်း
အဆင်းအပြင် အရည်အသွေး
တစ်ခုလေးမှ မတူမျှဘဲ
ထပ်တူကျဖို့ ကြိုးစားခဲ့တယ်
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
ထွက်ခွာသွားတဲ့အတွက်
မျက်ရည်စက်တွေမကျကြသလို
ဝမ်းပန်းတသာနဲ့
ဘယ်သူမှလည်း လက်ကမ်းမလာဘူး
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးထဲမှာ ရေးခဲ့ဖူးတဲ့ပန်းချီကား
စုတ်ချက်တွေ များလို့လား
ဆေးရောင်တွေ ကြောင်လို့လား
အားလုံးက သဘောမကျကြပေမဲ့
စိတ္တဇပန်းချီကားအဖြစ်နဲ့ လေလံတင်နိုင်ရဲ့
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
အေးစက်တဲ့ ခန္ဓာပေါ်
နွေးထွေးတဲ့ ၀တ်ရုံ နေ့စဉ်လွှမ်းခြုံပေမဲ့
နှလုံးသားအတွင်းပိုင်းထိ မရစ်ပတ်မိဘူး
နှလုံးသားကတော့
အေးစက်မာကျောဆဲပဲ
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးကိုမှန်း လွမ်းတဲ့စိတ်နဲ့
ငါ့ကြိုးကိုတီးခတ်တဲ့အခါ
သံကြောင်မထွက်တော့ဘူး
ခုတော့
ခရမ်းရင့်ဆင်ဖိုနီတွေ
မွေးဖွားတတ်လာပြီ
မြို့လေးရဲ့အပြင်ဘက်မှာပေါ့။
မြို့လေးရေ
ငါ ဘယ်အရပ်ရောက်နေနေ
မင်းဆီက ပေါက်ဖွားလာတဲ့ငါ
မင်းပေးတဲ့ အသွေးအသားနဲ့
တူမျှတဲ့ မင်းလိုပုံသဏ္ဌာန်
ဒါတွေအားလုံး
ဘယ်တော့မှပျက်သုဉ်းမှာမဟုတ်ဘူး
ငါက မြို့လေးရဲ့သမီးပျိုလေ။
0 comments: to “ ဆင်ဖိုနီအလွမ်း ”
Post a Comment