မေတ္တာထားတယ်တဲ့လား  

August 31, 2007

မေတ္တာထားတယ်တဲ့လား

ဘ၀ကြောင်းကံ၊ မကောင်းဖန်လို့
ယခုဘ၀၊ ခြင်ဖြစ်ရလည်း
ကောင်းမှုပြုသူ၊ ငါလိုလူအား
ဆင်ခြင်နုံနဲ့၊ အသိမဲ့၍
ကိုက်ရန်ကြိုးကုတ်၊ ခြင်ဆိုးယုတ်ကို
ခုပင်လျှင်ငါ၊ ဆုံးမပါအံ့
"ဖြန်း..."
အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်
သာဓု သာဓု သာဓု။

လောကကြီးမှာ အဲဒီလိုမျိုး အပေါ်ယံဟန်ဆောင်ကောင်း၊ မျက်နှာပေါ် သကာလောင်းထားပြီး တကယ့်လုပ်ရပ်တွေက မနှစ်သက်စရာတွေ လုပ်နေတဲ့လူတွေ တယ်များပါကလားလို့ တွေးမိတဲ့ခဏ... ... ...

AddThis Social Bookmark Button


အချစ်ဆုံးသူငယ်ချင်း သို့...  

အချစ်ဆုံးသူငယ်ချင်း သို့...

အချစ်ငတ်တယ် အချစ်ငတ်တယ်လို့
နှုတ်က တဖွဖွမပြောချင်ဘူး
တေပေတယ် လေလွင့်တယ်
င့ါဘ၀နဲ့ ငါပဲ
မကောင်းရင် ခံ ကောင်းရင် စံ
ကိုယ်လုပ်သမျှ ကိုယ်တန်ပြန်မှာပဲ
တစ်ခုတော့ရှိတယ်
မမိုက်ရိုင်းဘူး
မယုတ်မာဘူး
ငါက
တစ်ကိုယ်တော်လေလွင့်ခြင်း...တဲ့
ရေရွတ်နေကျ မင်းစကားတွေ
နားထဲက မထွက်ဘူး
"ထူးထူး မင်း ငါ့နားမလာနဲ့
မင်းအတွက် ငါက မကောင်းဆိုးဝါး"
အခါမလပ် မင်းပြောတတ်လည်း
မင်းရင်ထဲမှာ နာကျင်နေတာ
ငါသိတယ်
မိုးဖွဲဖွဲလေးကျနေတဲ့ အဲဒီတစ်နေ့
ငါ ဘယ်တော့မှ မမေ့ဘူး
"ထူးထူး ငါ တွေ့ချင်တယ်
တွေ့နေကျနေရာကို လာခဲ့ပါ"
အမှာပါးကြောင့် ငါ
အပြေးအလွှား လာခဲ့တယ်
မင်းငါ့ကို ရှောင်နေတာ
ကြာခဲ့ပြီမဟုတ်လား
ရွာနေတဲ့မိုးက မသည်းပေမဲ့
အဲဒီနေ့က မင်း အင်္ကျီလက်ရှည်လေးနဲ့လေ
မင်းမျက်ဝန်းကို မကြည့်မိတဲ့ ငါ
အရမ်းချမ်းနေလားဆိုတော့
မင်းက အင်းပေါ့လို့ဖြေတယ်
မနူးညံ့တတ်တဲ့ မင်းရဲ့
နူးညံ့တဲ့အသံကြောင့်
ငါ အထိတ်တလန့်မော့ကြည့်တော့
မိုးဖွဲဖွဲနဲ့အပြိုင် မင်း မျက်ရည်တွေ ၀ဲနေတာ...
ငါ ဘာမှားသွားလို့လဲ...
တွယ်ရာမဲ့ မင်းနဲ့ ကပ်ပါး ငါ့ ကြားက
သံယောဇဉ်တစ်မျှင်...
ရုတ်တရက် မင်းက ငါ့ကို
အင်္ကျီလှန်ပြတယ်
ဘုရား... ဘုရား...
ငါ နှုတ်ဖျားက ရေရွတ်မိသွားလား
စိတ်ထဲက ကြိတ်ပြောမိတာလား
မသိတော့ဘူး
"ထူးထူး ငါ မင်းနဲ့ တွေ့လို့မရတော့ဘူး
ငါတို့လိုလူတွေကို သီးသန့်ထားတဲ့
ရေနံ့သာဆိုတဲ့ရွာကို သွားရတော့မယ်"
အဲဒီနေရာမှာ နာရီပေါင်းများစွာ
နာရီပေါင်းများစွာ...
တိတ်ဆိတ်မှုကြားထဲမှာ
ငြိမ်သက်စွာ...
နှုတ်ဆိတ်စွာ...
.......................
.......................
မင်းကို ကုဖို့
ရေနံ့သာဆိုတဲ့ ရွာကို
ဆရာဝန်အဖြစ်နဲ့ ငါ လာခဲ့မယ်...
မင်းအတွက်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ငါ ကြိုးစားမယ်...
ငါတို့ထားခဲ့တဲ့ကတိ
မင်း အမြဲသတိရနေပါ
ငါတို့နှစ်ယောက်ထပ်ဆုံဖို့
မင်း ကြိုးစားလို့ အသက်ရှင်နေပါ သူငယ်ချင်း။

(တစ်ခါတစ်ရံ အတွေးတွေတောင် လမ်းပျောက်တတ်တယ်။ စိတ်ကူးနဲ့ ရူးချင်ရာ ရူးလို့ရပေမဲ့ တစ်ခါတစ်ခါ အဲဒီလိုရူးဖို့တောင် ဘယ်လိုစိတ်ကူးရမှန်းမသိတဲ့အခါရှိတယ်။ ဒီနေ့က သူငယ်ချင်းနဲ့ ခွဲခွာတဲ့နေ့... တစ်နည်းပြောရရင် အတွေးတွေ အတည်တကျမရှိတဲ့ နေ့... တွေးချင်ရာတွေး... ရေးချင်ရာရေး...)

AddThis Social Bookmark Button


ဘ၀ပုံကြမ်း  

August 29, 2007

ဘ၀ပုံကြမ်း

မြစ်ကို ဘ၀နဲ့ တင်စားရင်

ငါ့မြစ်က ပိုပြီး
အကောက်အကွေ့များလွန်းတယ်ထင်ရဲ့။
မင်းဘ၀ရဲ့ အလင်းရောင်ဖြစ်ချင်ပါတယ်ဆိုတဲ့
နင်လည်း
ငါ့ညကို တောက်ပအောင်
မစွမ်းဆောင်နိုင်ခဲ့ဘူး။
ငါဆွဲထားတဲ့ တစ်ကြောင်းဆွဲပန်းချီ
ကောက်ကြောင်းတွေ ထပ်နေတယ်။

AddThis Social Bookmark Button


တစ်ရေးနိုးညများ  

August 27, 2007

တစ်ရေးနိုးညများ

ညကြီးမင်းကြီး
တစ်ရေးနိုးပြီး
ကျွန်မ ယောင်ယမ်းလို့
မှန်သားပြင်ကို အကြည့်ရောက်မိတယ်
ညဦးပိုင်းက လိမ်းခဲ့တဲ့
သနပ်ခါးအပြည့် ပါးပြင်ဟာ
ခုတော့
သနပ်ခါးမဲ့ ပါးပြင် ဖြစ်လို့နေပါလား
ဆောက်တည်ရာမရတဲ့ ကျွန်မစိတ်တွေ
မဆီမဆိုင် သေခြင်းတရားကို သတိရမိတော့
တရားအသိကင်းစွာနဲ့ ကြောက်လန့်နေခဲ့တယ်
ချောက်ချားသွားတဲ့ စိတ်တွေက
အိပ်စက်ခြင်းကို အနိုင်ယူနေတယ်
ကျွန်မ တဒင်္ဂ သေဆုံးချင်ပါရဲ့
ရုတ်တရက် အဖေ့ကိုသတိရမိတယ်
အဖေကတော့
တဒင်္ဂကနေ ထာဝရအိပ်စက်ခြင်းကို
ကူးသွားခဲ့ပြီလေ
ကျွန်မလည်း ဘ၀ကို
အဖေ့လိုပဲ အဆုံးသတ်ချင်ပါရဲ့
အိပ်ရာထက် ပြန်လှဲချလိုက်တော့
ဦးဆုံးမြင်ရတာ
ကျွန်မရဲ့ သီးသန့်ကောင်းကင်ပေါ့
ဒီလိုညတွေကိုရင်ဆိုင်နိုင်အောင်များ
ဒီကောင်းကင်ကြီးကို
အဖေ ဖန်တီးခဲ့လေသလား
တိမ်ဆိုင်တွေကို မျက်နှာကြက်မှာ အပြည့်တပ်ဆင်
တောက်ပနေတဲ့ လပြည့်ညတစ်ခု
အဏုမြူကြယ်တွေကို ရေတွက်လို့
ကျွန်မရဲ့ညမှာ လမိုက်မရှိခဲ့ဘူး
အဖေ့ကျေးဇူးတွေပေါ့
အဖေရော...
အခု အဖေက
ဘယ်အရပ်မှာရောက်နေသလဲ
ကျွန်မ သိပ်သိချင်တယ်
ဟိုးကောင်းကင်ကြီးမှာ အဖေရှိနေမလား
သေချာတာတစ်ခုကတော့
ကျွန်မကောင်းကင်မှာ
အဖေ အမြဲရှိနေတယ်ဆိုတာပဲ။

AddThis Social Bookmark Button


ဖြစ်စဉ်  

August 24, 2007

ဖြစ်စဉ်

အတ္တတွေပြည့်နှက်နေတဲ့
နင့်လက်တစ်စုံက
အလုံပိတ်အခန်းကျဉ်းထဲက
ငါ့ဘ၀ရဲ့
အသက်ရှူပေါက်တစ်ပေါက်
ဖြစ်တယ်ဆိုလည်း
ငါ လက်မကမ်းလိုဘူး
ဇာတ်လမ်းကို ဒီမှာရပ်မယ်
ရှေ့ဆက်ရမယ့် လမ်း
ကြမ်းချင် ကြမ်းမယ်
ပန်းချင် ပန်းမယ်
ငါ့ခြေအစုံကို ငါမညှာဘူး
အဆုံးထိရောက်အောင်သွားမယ်
စာနာတတ်သူ
တွဲကူမှာပဲ
ကိုယ့်သမိုင်း ကိုယ်ရေးဖို့
အနည်းဆုံးတော့
စာရွက်နဲ့ ဘောပင် ရှိရမယ်
သေခြင်းတရားကို မမေ့ဖို့
မမြဲခြင်းတော့ ရှုမှတ်ရမယ်။         ။

AddThis Social Bookmark Button


ကိုယ့်ရဲ့ စွမ်းဆောင်မှုတစ်ခုအပေါ် အခြားတစ်ယောက်က Yes လို့ ပြောရင် ကိုယ့်အတွက် အားအင်တွေ တိုးပွားစေလို့ ကျေးဇူးတင်ရမယ်။ No လို့ ပြောရင်လည်း မာနနဲ့ မခံချင်စိတ်ကို ဖြစ်ပေါ်စေလို့ ကျေးဇူးတင်ရမယ်တဲ့။ တကယ်သာ အဲဒီစိတ်မျိုးထားနိုင်မယ်ဆိုရင် အောင်မြင်မှုက လက်တစ်ကမ်းမှာပဲပေါ့။

AddThis Social Bookmark Button


အရာမထင်လိုတဲ့ နှလုံးသား  

August 21, 2007

              အရာမထင်လိုတဲ့ နှလုံးသား

လမ်းပေါ်မှာ သူရူးတစ်ယောက်ပြောတာ ကြားခဲ့ရတယ်
ပဲလှောင်ရင် ပဲဂိုဒေါင်
ဆန်လှောင်ရ၈် ဆန်ဂိုဒေါင်
သူကတော့ ဘာမှမလှောင်တဲ့
ဂိုဒေါင်အလွတ်တဲ့။
ဆေးကုရင် ဆရာဝန်
စာသင်ရင် ဆရာ
သူကတော့ ဘာမှပညတ်မထားတဲ့
ဗလာပါပဲတဲ့။
သူတတွတ်တွတ် ရွတ်နေသေးတာက
သူက
အရာအားလုံး ပညတ်ဖို့
အဆင်သင့်ဖြစ်နေလို့
သူ့ကိုယ်သူ အခွံပါတဲ့။
တစ်ခါက အိန္ဒိယနိုင်ငံမှာ
ဂုရုကြီးတစ်ယောက်ဟာ
သူပိုင်အရာအားလုံးကို လှူလို့
အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ နေမလို့တဲ့။
ဂုရုကြီးက ဆက်ပြောတယ်
ဘာမှမပိုင်ဆိုင်တဲ့လူဟာ
ပိုင်ဆိုင်နေတဲ့လူထက်
ပိုပြီးပြည့်စုံတယ်တဲ့။
ငါကကော...
လူ့ဘ၀အနှစ်သာရ
အခွံချည်းပဲ မဖြစ်ရအောင်
နေ့နေ့ညည ကြိုးစားနေတယ်
ပြီးပြည့်စုံခြင်းမဟုတ်တောင်
လိုအပ်ချက် မများရအောင်
လှုပ်ရှားရုန်းကန်နေတယ်
ဒါပေမဲ့
ခုချိန်ထိလွတ်နေသေးတဲ့
ငါ့နှလုံးသားစာမျက်နှာ
ဗလာသက်သက်ပဲ ထားချင်တယ်။     ။

AddThis Social Bookmark Button


August 20, 2007

ကိုနတ်ဆိုးဘလော့ဂ်ကို ဖွင့်လို့မရဘူးနော်။ title များ ပြောင်းသွားလားလို့။ ပြောပါဦး။

AddThis Social Bookmark Button


ဘလောက်ဂါ  

August 19, 2007

ဘလောက်ဂါ

'လူ'
ဆိုတာမျိုးက ပုံစံခွက်ချလို့မရဘူး
ဘောင်ခတ်လို့ မရဘူး
အတွေးအခေါ်တွေကိုလည်း ကန့်သတ်လို့မရဘူး

ဒါကြောင့် လွတ်လပ်စွာ ရေးသား၊
အမြင်ချင်း ဖလှယ်၊
အသိချင်း ဝေငှ၊
မတူတာ ငြင်းခုံ၊

အဖြေရှာ၊ ညှိနှိုင်း၊
စိတ်တိုင်းကျ ငြိမ်းချမ်းစွာ သဘောကွဲလွဲနိုင်တဲ့
ဘလောက်ကို
ခုံမင်တာ
ကျွန်မအပြစ် မဟုတ်ပါလားနော်။

AddThis Social Bookmark Button


ရောက်တတ်ရာရာ  

August 17, 2007

ရောက်တတ်ရာရာ

ကျွန်တော်က တရုတ်ဇာတာခွင်အရဆို နွားဇာတာရှင်။ ဒါပေမဲ့ ဒီလိုဇာတာရှင်တွေရဲ့ အမူအကျင့်၊ စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာ တစ်ခါမှ ဗေဒင်စာအုပ်မဖတ်ဖူးတော့ ကျွန်တော် မသိဘူး။ ကျွန်တော့် စရိုက်က အများနဲ့တော့ သိပ်မတူဘူး။ တစ်ယောက်တည်းသော အစ်ကိုကို အချစ်ပိုပြီး ကျွန်တော်စကားပြောရင် မိန်းမ မဆန်တတ်ဘူး။ တစ်ယောက်ယောက်က ခေါ်ရင် ကျွန်တော်က ဗျာ လို့ ထူးတတ်တယ်။ ငယ်ငယ်ကဆို အတန်းထဲမှာ အရမ်းစည်းကမ်းတင်းကျပ်တဲ့ ဆရာမ ဒေါ်လှလှရီက ကျွန်တော် ဗျာ လို့ ထူးတာကို မကြိုက်လို့ ရှင်လို့ပြော ရှင်လို့ပြောနဲ့ လက်ဆစ်ကို ပေတံစောင်းနဲ့ခေါက်တာ၊ ပထမတော့ ကျွန်တော် ကြိတ်ခံသေးတယ်။ နောက် သွေးထွက်လာတဲ့အခါကျတော့ မရတော့ဘူး ရှင် လို့ပြောလိုက်ရပေမဲ့ ကွယ်ရာမှာ ဗျာ ပြန်ဖြစ်သွားတာ ပါပဲ။ ခုထိ အဲဒီအကျင့်ကို ပြင်လို့မရတော့ဘူး။ ကျွန်တော်က အပေါင်းအသင်းလည်း အများကြီး မထားတတ်ဘူး။ ကျွန်တော်ပေါင်းတဲ့ အပေါင်းအသင်းတွေကလည်း ကျွန်တော့်စရိုက်ကို နားလည်တဲ့သူတွေပဲ။ ကျွန်တော်စကားပြောရင် ချောချောမောမောမရှိဘူး။ ထစ်တာကို မဆိုလိုဘူးနော်။ စကား အဆင်မချောတာကို ပြောတာ။ ဥပမာဗျာ ကျွန်တော်တို့ရပ်ကွက်မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆွမ်းပတ်ရှိတယ်။ အဲဒီရက်ဆို ဘွန္တော အော်တာနဲ့ ကျွန်တော် ဆွမ်းထချက်ရတယ်။ ဆွမ်းလောင်းပြီးတဲ့အချိန်ကျရင် ကျွန်တော်က ပြန်အိပ်တာ မနက် ရှစ်နာရီလောက်မှ ထတယ်ဗျာ။ အဲဒီမနက်မှ အမျိုးတစ်ယောက် (အဘွားပေါ့) အိမ်လည်လာတော့ ကျွန်တော့်ကို ဒီအချိန်အထိ အိပ်ရသလားဆိုပြီး ဆူရော။ ကျွန်တော်က ဒီနေ့ ဘွန္တောရှိတယ်လေ။ အဲဒါကြောင့် အခုမှ ထနိုင်တာပါလို့ ပြန်ပြောလိုက်တယ်။ အဲဒါ အဘွားက ကျွန်တော့်ကို ဘာမှပြန်မပြောဘဲ အမေ့ကို သွားဆူရော။ ကလေးက မိန်းကလေး၊ ဘယ့်နှယ် ဘွန္တောအော်တာ ထည့်လိုက်ရသလဲ ဘာလဲနဲ့ပေါ့။ အဲဒါနဲ့ အမေက ကျွန်တော့်ကို စကားအပြော မတတ်ရပါ့မလားဆိုပြီး ဆူပါလေရော။ နောက်တစ်ခါရှိသေးတယ်။ ကျွန်တော်က တစ်ခုခု အထိတ်တလန့်ဆို မှားအော်တတ်တယ်။ ဥပမာဗျာ လမ်းသွားလို့ ကိုယ့်ရှေ့က လူတစ်ယောက် အောက်က ခလုတ်ကို မမြင်လို့ ခလုတ်တိုက်တော့မယ့် အနေအထားဆို ကျွန်တော်က ဒီမှာဒီမှာ အပေါ်မှာ အပေါ်မှာ နဲ့ မှားအော်လိုက်ရင် ဟိုလူက ကြောင်ပြီး အပေါ်မော့ကြည့်၊ အဲဒီကျမှ ခလုတ်က တကယ် တိုက်ရော။ တစ်ခါတလေတော့လည်း အဲဒီအမှားကနေ ကူရာ ကယ်ရာ ရောက်သွားတာလေးတွေလည်း ရှိတတ်ပါတယ်။ ပြီးတော့ ကျွန်တော်က စတတ် နောက်တတ်တယ်။ တစ်ခုပြောပြရရင် ကျွန်တော် ရှစ်တန်း၊ ကျွန်တော့်အစ်မ ဆယ်တန်းမှာပေါ့။ သူက ဆယ်တန်းဆိုတော့ နေ့နေ့ညည ဟုတ်ဟုတ် မဟုတ်ဟုတ် စာတွေတော့ ကျက်နေတာပဲပေါ့။ ညဘက် ထမင်းစားသောက်ပြီး တစ်အောင့်နေရင် ကျွန်တော်က ထောင့် တစ်ထောင့်၊ အစ်မက ထောင့်တစ်ထောင့်မှာ နေရာယူပြီး စာထိုင်လုပ်ကြတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ပဲဟင်းနဲ့ ငါးခြောက်ထောင်း ချက်တဲ့နေ့။ စားလို့ကလည်း ကောင်းပါ့။ ည မိုးချုပ်လာတော့ အကုန်လုံး အိပ်ကြပြီ။ ကျွန်တော်က တွက်လက်စ သင်္ချာလေးပြီးရင် သိမ်းမယ်ပေါ့။ ကျွန်တော့်အစ်မကို လှမ်းကြည့်တော့ အိပ်ငိုက် နေတယ်။ အဲဒါနဲ့ သွားအိပ်တော့လေလို့ပြောတော့ သူက ငါ အိပ်မငိုက်ပါဘူးတဲ့။ ပြူးပြဲနဲ့ ပြန်ပြောတယ်။ နေပေါ့... ထားလိုက်တယ်။ ခဏနေပြန်ကြည့်တော့ အိပ်ငိုက်နေတယ်။ ကိုင်ထားတာက Chemistry စာအုပ်၊ သူ တိုးတိုးတိုးတိုး ရွတ်နေတာက Bio တွေ။ အဲဒါနဲ့ မ ထမင်းစားလို့ကောင်းလားလို့ မေးလိုက်တော့ အိပ်ချင်မူးတူးနဲ့ ပဲဟင်းနဲ့ ငါးခြောက်ထောင်းနဲ့ စားလို့ကောင်းတယ်တဲ့ ပြန်ပြောတယ်။ ကျွန်တော်လည်း သူ အိပ်ချင်ပြေသွားပြီ ထင်တာနဲ့ ကျွန်တော့်စာပဲ ပြန်လုပ်နေတာပေါ့။ ဘယ်ဟုတ်မလဲ သူက အဲဒီကစပြီး တစ်ချိန်လုံး ပဲဟင်းနဲ့ ငါးခြောက်ထောင်းနဲ့ စားလို့ကောင်းတယ် ဆိုတာကိုပဲ စာရွတ်သလို ဆက်တိုက် ရွတ်နေတော့တာပဲ။ ဘယ်ရမလဲ ကျွန်တော်တစ်ယောက်တည်း ကြိတ်ရယ်ရင်းနဲ့ နားကျပ်ကက်ဆက်ယူ၊ အသံသွင်းထားလိုက်တာပေါ့။ မနက် လင်းတော့ တစ်အိမ်လုံးကို လိုက်ဖွင့်ပြ၊ သူ စိတ်တွေဆိုးတာ တအားပေါ့။ အဲဒီကက်ဆက်ခွေကိုလည်း ကျွန်တော့် ဆီက ဘယ်လောက်နဲ့လဲမသိဘူး၊ သူ ၀ယ်သွားတယ်။ ကျွန်တော်က ပိုက်ဆံမလိုချင်ပါဘူး၊ ဒါပေမဲ့ သူ့ကို အားနာလို့....။ အဲဒီလို အဲဒီလိုပေါ့... ကျွန်တော့်အကျင့်ကို ပြောပါတယ်။ အစမရှိ အဆုံးမရှိနဲ့ ဒီမှာပဲ တုံးတိ ဖြတ်လိုက်ဦးမယ်နော်။ ကျွန်တော် အလုပ်သွားရတော့မယ်ဗျ။

AddThis Social Bookmark Button


အကြိုက်ဆုံး ပို့စ် ငါးခု  

သိုးလေးတင်တဲ့ ပို့စ် တော်တော်များများဟာ သိုးလေးရဲ့ အဖြစ်အပျက်တွေ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့ရတာတွေ၊ ပြီးတော့ မကျေနပ်ချက်တွေ၊ စိတ်ကူးယဉ်တာတွေ၊ တစ်နည်းအားဖြင့် ခံစားမှုတွေများပါတယ်။ ပညာရစရာတော့ ဘာတစ်ခုမှ မရှိပါဘူး။ ပထမဦးဆုံး ကိုဘုရင့်နောင် tag တယ်ဆိုတာ စသိတဲ့အချိန် သိုးလေး ၀မ်းနည်း ၀မ်းသာ ဖြစ်မိပါတယ်။ သိုးလေးကို သတိတရ tag တဲ့အတွက် ၀မ်းသာသလို သိုးလေးရေးခဲ့တဲ့ ပို့စ်တွေအပေါ် အားမရတာ၊ ဒါ သိုးလေးအကြိုက်ဆုံး ပို့စ်တွေပါလို့ ချပြရလောက်အောင် စိတ်တိုင်းမကျတာလည်း ပါတယ်။ ဒါပေမဲ့ ကိုယ်ရေးချင်တာတွေ ရေးခဲ့တဲ့အတွက်တော့ ကျေနပ်ပါတယ်။ သိုးလေးကို tag တဲ့ ကိုဘုရင့်နောင်၊ ကိုပုဂံသား၊ ကိုနိုင် တို့ကို လေးစားခြင်း၊ ကျေးဇူးတင်ခြင်းများဖြင့် အဟောင်းထဲက အကောင်းလို့ ထင်တာလေးတွေကိုပဲ သိုးလေး အကြိုက်ဆုံးအနေနဲ့ တင်လိုက်ပါတယ်။

- အဇ္ဈတ္တမှ လွတ်မြောက်ခြင်း
  ခံစားချက်တွေက တစ်ခါတစ်ခါ အဲဒီလိုပဲဖြစ်တတ်လို့ပါ (ခုထိပါပဲ)

- အားပေးလို့ကူလှည့်ကြ
  ဘလောက်နဲ့ပတ်သက်တဲ့ သိုးလေးရဲ့ခံစားချက်လေးပါ

- ပြင်ဆင်ခွင့်
  (လူတစ်ယောက်ရဲ့ လူပီပီ အကျင့်ကလေး၊ စိတ်ဓာတ်ကလေးကို အနီးစပ်ဆုံး ရေးထားတာပါ)

- ပုံရိပ်
  (ဒါ တစ်ယောက်သောသူရဲ့ စစ်မှန်တဲ့ ခံစားချက်၊ အနီးစပ်ဆုံး ပုံရိပ်ပါ )

- ထာဝရ
  (အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်အတွက် ရေးထားတဲ့ ကဗျာလေးပါ)

AddThis Social Bookmark Button


အလွမ်း  

August 16, 2007

အလွမ်း

'အလွမ်း' တဲ့
စကားလုံးနှစ်လုံးတည်းပေမဲ့
သူ့ရဲ့အင်အား
အရမ်းကြီးမားတယ်
သူက
မီးတောင်လို ပေါက်ကွဲအောင်
စွမ်းဆောင်နိုင်သလို
ရေခဲမြစ် ဖြစ်သွားဖို့လည်း
ဝန်မလေးဘူး
သူ့မှာ
အချိန်နာရီ
ရာသီဥတု
ဘာတစ်ခုမှ သတ်သတ်မှတ်မှတ်မရှိဘူး
လူပုဂ္ဂိုလ်
နေရာဒေသ
ဘာပညတ်ချက်မှ မရှိဘူး
သူ့ကို
ခေါင်းစဉ်တပ်ရင်လည်း
အလွမ်းရယ်လို့ မမည်တော့ဘူး
စူးစမ်းတတ်တဲ့အရွယ်မှာ
ရူးနှမ်းသွားစေတာလည်း
ဒီအလွမ်းပဲ
ဂန္ထ၀င်ကဗျာတွေမှာ
ရာနှုန်းများများပါနေတာလည်း
ဒီအလွမ်းပဲ
နေထိုးရင်လည်း လွမ်း
လေတိုးရင်လည်း လွမ်း
မိုးတစ်ပြိုက်နှစ်ပြိုက်ကျလည်း လွမ်း
လမိုက်ညလည်း လွမ်း
လွမ်း ....

AddThis Social Bookmark Button


ထာဝရ  

August 15, 2007

ထာဝရ

သူငယ်ချင်း
မင်းနဲ့ ငါ လက်တွဲခဲ့တာ သုံးနှစ်မက
အခု ရင်နှင့်အမျှ ခံစားနေရတာလည်း
မင်းကြောင့်ပဲ
အမူအရာနဲ့တောင်
ကြင်ကြင်နာနာ မပြုတတ်ခဲ့တဲ့ ငါ
စကားလုံးတွေလည်း
ညင်ညင်သာသာ တစ်ခါမှ မထွက်ခဲ့ဘူး
နီးနီး ဝေးဝေး ငါ့ဘေးနား
မင်း အမြဲမနေနိုင်တော့တာ
ခု သေချာသွားပြီလေ
မင်းဘ၀ လှေခါးထစ်
တစ်ဆင့်မြင့်တက်သွားတာ
အရိုးခံစိတ်နဲ့ ငါဝမ်းသာတယ်
မိသားစုမှာ ငါဟာ
တစ်သီးပုဂ္ဂလ ရှင်သန်နေတဲ့လူ
မင်းရှေ့ရောက်ရင်တော့
ပီဘိကလေးငယ်လို
ချွဲနွဲ့တတ်တဲ့လူ
ခု ငါ့ရင်ထဲမှာ အရမ်းမွန်းကျပ်နေတယ်
အသံတိတ် ကြိတ်ငိုရလွန်းလို့
အာခေါင်တွေတောင် ခြောက်ကပ်လာတယ်
ချန်ရစ်ခဲ့တဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုရင်နာမယ်လို့ မင်းထင်လဲ
နေရာသစ်မှာ မိတ်ဆွေသစ်နဲ့
မင်းနေတတ်အောင် ကြိုးစားနေချိန်
ငါကတော့ မင်းအရိပ်တွေနဲ့
တိတ်တဆိတ်ပဲ လှုပ်ရှားနေမိမယ်ထင်ရဲ့
အမူအရာတွေ မနူးညံ့
စကားလုံးတွေ မသိမ်မွေ့ပါဘဲ
စိတ်တစ်ခုကို အရင်းပြုလို့
မင်းနဲ့ ငါ လက်တွဲခဲ့တာ
လက်ထဲမှာ ရေမပြည့်လည်း
ဟန်အပြည့်နဲ့ လျှောက်သွားခဲ့တာ
မင်းနဲ့ ငါပဲ
တနင်္ဂနွေတွေ လျှောက်သွားဖို့
မင်းအဘွားလည်း အခါခါသေခဲ့ရတယ်
မင်းကိုပြောပြရင်
နောက်တစ်ပတ်အတွက်
နောက်တစ်ယောက်ပေါ့လို့
မင်းပြောတတ်တယ်
ငါက အဲဒီလိုဆိုးတဲ့သူ
မသွယ်လျတဲ့ ငါ့လက်တစ်စုံက
နူးညံ့တဲ့ မင်းဆံပင်တွေနဲ့
ခွဲခွာဖို့ အသင့်မဖြစ်သေးဘူး
မင်းသွားရာ ထာဝရလိုက်ပါနိုင်ဖို့
ငါ့နာမည်ရေးထိုးထားတဲ့ တိမ်တစ်စ
ခု ကောင်းကင်ပေါ် လွှတ်တင်လိုက်ပြီ
မင်းမော့ကြည့်လိုက်ချိန်
မြင်ရတဲ့ တိမ်တစ်စဟာ ငါပဲ
မင်းရောက်ရာအရပ်မှာ ငါရှိနေမယ်။

AddThis Social Bookmark Button


နေ့စဉ်ရွတ်ဖတ်သင့်သော ဂါထာ  

August 12, 2007

နေ့စဉ်ရွတ်ဖတ်သင့်သော ဂါထာ

ဣတိပိသော ဘဂ၀ါ
အရဟံ
သမ္မာသမ္ဗုဒ္ဇေါ
ဝိဇ္ဇာစရဏသမ္ပန္နော
သုဂတော
လောက၀ိဒူ
အနုတ္တရောပုရိသဓမ္မသာရထိ
သတ္တာဒေ၀မနုဿာနံ
ဗုဒ္ဇေါ
ဘဂ၀ါ
ဗုဒ္ဇံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

လူတိုင်းရွတ်သင့်တဲ့ ဂါထာလေးကို သိုးလေးနည်းတူ ဘလော့မောင်နှမများလည်း ရွတ်စေချင်လို့ တင်ပြလိုက်တာပါ။ ညာဏ်ကောင်းစေတာ၊ လာဘ်ရွှင်စေတာရယ်လို့ ခေါင်းစဉ်တပ်မထားတဲ့ ဘုရားဟောဂါထာလေးပါ။ ဒီဂါထာလေးကို ရွတ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ပြီးသားဖြစ်သလို လူအများအတွက်လည်း မေတ္တာပို့ပြီးသား ဖြစ်စေပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးကလည်း ဗုဒ္ဓဘာသာဝင်တိုင်း ရပြီးသားဖြစ်လို့ ဒီဂါထာအတွက် အခက်အခဲရှိမှာမဟုတ်ပါဘူး။ ဒီဂါထာလေးကို မနက်အိပ်ရာက နိုး၊ တစ်ကိုယ်ရေ သန့ရှင်းပြီးတာနဲ့ ဘုရားရှိခိုးရင်းနဲ့ဖြစ်စေ၊ မအားလပ်လို့ အလုပ်လုပ်နေရင်း စိတ်ထဲက ဖြစ်စေ သက်စေ့ ရွတ်ဆိုပေးပါ။ ရွတ်ဆိုဖို့အတွက် အချိန်အကြာကြီးလည်း မကုန်ပါဘူး။ အားလုံး အခက်အခဲမရှိ ရွတ်ဆိုနိုင်ကြမယ်လို့ထင်ပါတယ်။

AddThis Social Bookmark Button


August 11, 2007

လူတစ်ယောက်သည် ပထမအရွယ်တွင် ကွန်မြူနစ်ဖြစ်ပြီး ဒုတိယအရွယ်တွင် လစ်ဘရယ်ဖြစ်ကာ တတိယအရွယ်တွင် ကွန်ဆာဗေးတစ် ဖြစ်သွားသည်ဟု အဆိုရှိသည်။

ဒီစာကြောင်းလေးကို အင်္ဂလိပ်စာအုပ်တစ်အုပ်မှာ ဖတ်ရတာပါ။ ဆိုလိုရင်းကို ထိထိမိမိ မသိဘူးဖြစ်နေလို့ မိတ်ဆွေတို့ သိရင် ရှင်းပြပေးပါဦးလို့.....

AddThis Social Bookmark Button


မှတ်တိုင်လေး  

မှတ်တိုင်လေး

မှတ်တိုင်လေးဆီကို
နိစ္စဓူဝ လူပေါင်းများစွာ
ရောက်ရောက်လာတတ်တယ်
မှတ်တိုင်လေးကတော့
သူ့ဆီရောက်လာတဲ့လူတွေ
တစ်ခဏတာပဲဖြစ်ဖြစ် အေးချမ်းစေရအောင်
သူ့တာဝန်ကို မပျင်းမရိ ထမ်းဆောင်နေဆဲ။

တစ်နေ့တစ်နေ့ ရောက်လာတတ်တဲ့
အလွှာမျိုးစုံ လူတန်းစားမျိုးစုံကို
ငေးငေးနေရတာနဲ့ မှတ်တိုင်လေး
ပျင်းဖို့တောင် အချိန်မရပါဘူး။

တစ်ခါတစ်ခါ လူတွေကြည့်ရတာ အေးချမ်းပေမဲ့
တချို့လူတွေအတွက် ပူလောင်မှုတွေ မငြှိမ်းသတ်ပေးနိုင်လို့
မှတ်တိုင်လေး စိတ်မကောင်းဖြစ်ရသေးတယ်။

မှတ်တိုင်လေးကို အရိပ်ခိုနေပေမဲ့
မသိတတ်သူ လူတချို့က
ကွမ်းတံတွေး ထွေး ညစ်ညစ်ပတ်ပတ်လုပ်လည်း
မှတ်တိုင်လေး သည်းခံရှာတယ်
ဒီလိုလုပ်လို့ စိတ်ချမ်းသာမှုရမယ်ဆို
မှတ်တိုင်လေး အနစ်နာခံပေးမတဲ့။

ခုတလော မှတ်တိုင်လေး
ကောင်မလေးတစ်ယောက်ကို သတိထားမိတယ်
အမြဲမပြုံးမရယ်တတ်သလို
မှတ်တိုင်လေးရဲ့အရိပ်ကို မခိုတတ်တဲ့၊
ဘယ်တော့မှလည်း ခုံနေရာမယူတတ်တဲ့
ကောင်မလေးတစ်ယောက်ကိုပေါ့။

မှတ်တိုင်လေးကို တစ်နေ့တာအတွက်
အချိန်အကြာဆုံး အဖော်လုပ်ပေးတာ
အဲဒီကောင်မလေးပဲ ထင်ပါရဲ့
ကောင်မလေးစီးတတ်တဲ့ တစ်စီးတည်းသောကားက
နာရီဝက် တစ်ခါတောင် မလာတတ်တဲ့ကားဖြစ်နေလို့ပေါ့။

မိုးဖွဲဖွဲရွာလို့တော့ ကောင်မလေး
ဘယ်တော့မှ ထီးမဆောင်းတတ်ဘူး
တဖွဲဖွဲကျနေတဲ့ မိုးစက်တွေအောက်မှာ
မဖြူ မညို စိုပြည်တဲ့အသားအရေနဲ့
မတို မရှည် ဆံနွယ်စလေးတွေ တ၀ဲဝဲလွင့်နေတဲ့
ကောင်မလေးကို ကြည့်ရတာ
ကဗျာမမီ စာမမီ ပါပဲ။

ခုတစ်ခါ မှတ်တိုင်လေးဆီ
ပုံမှန်နီးပါး ရောက်ရောက်လာတတ်တဲ့
ကောင်လေးတစ်ယောက် ထပ်တိုးလာတယ်
ကောင်လေးကလည်း ကောင်မလေးလိုပဲ
မှတ်တိုင်လေးရဲ့ အရိပ်ကို မခိုသလို
ခုံနေရာလည်း မယူတတ်ဘူး
ပိုထူးခြားတာက
ကောင်မလေးစီးတဲ့ကားကိုပဲ
ကောင်လေးလည်း စောင့်စီးရတယ်လေ။

အချိန်ကိုက် တိုက်ဆိုင်တတ်တဲ့
ကောင်လေးနဲ့ ကောင်မလေးကို
မှတ်တိုင်လေး ငေးငေးနေရတာနဲ့
မနက်ခင်းလေး ဘယ်လိုကုန်ဆုံးမှန်းမသိလိုက်တာ
တော်တော်ကြာခဲ့ပြီ။

ကောင်မလေး မှတ်တိုင်လေးနဲ့ အဖော်လုပ်ပေးတာ
၆ လ နီးပါးရှိခဲ့ပြီ
ကောင်မလေးမလာတဲ့နေ့မျိုးဆို
မှတ်တိုင်လေးလည်း တစ်ခုခုလိုနေသလိုလို။

တစ်ခါတစ်ခါ
ကောင်မလေးကို ငေးငေးလေးကြည့်နေတတ်တဲ့
ကောင်လေးကို မြင်ရသလို
မျက်ဝန်းချင်း မဆုံနိုင်အောင် ကြိုးစားနေတတ်တဲ့
ကောင်မလေးကိုလည်း မြင်ရတယ်
မှတ်တိုင်လေးကတော့ အရာအားလုံးထက်
ကောင်မလေး သူ့ကို အဖော်လုပ်ပေးနေတာကိုပဲ
ကျေနပ်နေလေတယ်။

တစ်ခါတလေတော့လည်း မှတ်တိုင်လေး တွေးမိတယ်
တကယ်လို့များ တစ်နေ့မှာ
မှတ်တိုင်လေးဆီ ကောင်မလေး ရောက်မလာခဲ့တော့ရင်...

နိစ္စဓူဝ လူပေါင်းများစွာ
မှတ်တိုင်လေးဆီ ရောက်လာတတ်ပေမဲ့
ဒီနေ့နဲ့ နက်ဖြန် မတူတတ်ကြဘူး
ပုံမှန်လာတတ်တဲ့ ကောင်မလေးကရော...
ရုတ်တရက် ကောင်မလေးအတွက်
မှတ်တိုင်လေး ဆုတောင်းပေးနေမိတယ်
ကောင်မလေး ကျန်းမာစေကြောင်းပေါ့။

တစ်နေ့တော့ ထူးထူးခြားခြား
ကောင်လေးက တခြားကောင်မလေးတစ်ယောက်နဲ့
မှတ်တိုင်လေးဆီရောက်လာတယ်
မပြုံးမရယ်တတ်တဲ့ ကောင်မလေးကတော့
ထုံးစံအတိုင်း မှတ်တိုင်လေးရဲ့အရိပ်ကို မခို
ခုံနေရာလည်း မယူဘဲ ရှိနေပေမဲ့
ကောင်မလေးမျက်နှာ မရွှင်တာ
မှတ်တိုင်လေး မြင်နေရတယ်။

နောက်နေ့တော့ မှတ်တိုင်လေး အဖော်မဲ့နေလေရဲ့
ကောင်မလေးလည်းမလာသလို ကောင်လေးလည်း ပေါ်မလာဘူး
တစ်ခုခုမှန်းတော့ မှတ်တိုင်လေးလည်း သိနေပါရဲ့
ရုတ်တရက်ကြားလိုက်ရတဲ့သီချင်းကို
မှတ်တိုင်လေး အမှတ်မထင် နားစွင့်လိုက်မိတယ်။

''မမြင်နိုင်အောင် လျှို့ဝှက်ထားတဲ့ အကြင်နာမျက်ဝန်းတွေ
ငါ့အချစ်တွေ မင်းလေးမသိအောင် ဟန်ဆောင်လိမ်ညာရင်း
မဆုံနိုင်အောင်ကြိုးစားရင်း ငါ နာကျင်နေပါပြီ
ဘယ်သူမှမသိနိုင်တဲ့ ငါ့အချစ်တွေ မင်းလည်း မသိဖို့လေ

မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာသိုဝှက်ရင်း
အတူဆုံချိန် အိပ်မက်ထဲမှာ အကြင်နာကိုရင်ဖွင့်
မှောင်မှာရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ
ဟန်ဆောင်မျိုသိပ်ထားတဲ့အချစ်တွေ မင်းမသိနဲ့တော့လေ

တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှဆုံစည်းဖို့မဖြစ်နိုင်ခဲ့
ကြင်နာ ရှိနှင့်ထားသူ မင်းနဲ့ဝေးရာ ရှောင်ဖယ်နေပါမယ်
ဟိုအရင် ငါ့ရဲ့အခန်းမှာ လူတွေမသိအောင် တိတ်တဆိတ်ကြိတ်ငိုမယ်
အိပ်မက်ထဲတော့ အပြစ်ယူ မရက်စက်ပါနဲ့
တို့တွေ့ခွင့်လေး...''
..... ..... .....
.... ..... .....

မှတ်တိုင်လေး တွေးမိတယ်
သီချင်းက ကောင်မလေးကိုများ စောင်းပြောနေသလားလို့။

နောက်နေ့ နောက်နေ့တွေမှာလည်း
ကောင်မလေး ပေါ်မလာတော့ဘူး
မှတ်တိုင်လေးမှာတော့ အဖော်မဲ့ပြီပေါ့...
တကယ်တော့
မှတ်တိုင်လေးအဖို့ရာ မထူးဆန်းတော့ပါဘူး
မှတ်တိုင်လေးအတွက်
ထာဝရအဖော်ဆိုတာ မရှိဘူးလေ။

ဒီလိုမျိုးတွေဖြစ်အောင်များ
နာမည်က နိမတ်ပြသလားလို့တောင်
မှတ်တိုင်လေး တွေးနေမိတယ်
ဘာလို့ဆို
မှတ်တိုင်လေးနာမည်က
အဝေးပြေး ... တဲ့ ...

AddThis Social Bookmark Button


မပြီးဆုံးခြင်း  

August 08, 2007

မပြီးဆုံးခြင်း

ငါ့အကြောင်းကို ဖွင့်ပြောရရင်
အားလုံး မောကုန်မှာပေါ့
ဒီတော့ နားနားပြီး ပြောမယ်
နားနားပြီးလည်း ဖတ်ပေါ့။

အခုတလော ရူးသွပ်မှုတွေက
မိုးထိမြင့်နေတယ်
သန်းခေါင်ယံည အတွေးတွေဆိုတော့
အရုဏ်ပေါ်တော့ ပျောက်ကွယ်သွားတာ
မဆန်းပါဘူး။

ငါ့အိတ်ကပ်ကို ခဏမေ့သွားတယ်
စကောလားရှစ်အတွက် အွန်လိုင်းကနေ ၀င်ခွင့်ဖြေဖို့...
အန်ဂျီအိုမှာလည်း ဘာရာထူးဆိုလားပဲ
မျှော်လင့်လိုက်သေး။

တစ်ညတစ်ည စာအုပ်လက်ကမချဘဲ
စိတ်ကူးက ဟားဗတ်တက္ကသိုလ်မှာ
Edgar Allan Poe အကြောင်း ဖတ်နေတာ
ရက်ပေါင်း ၄၀ ကြာပြီ။

Would you mind နဲ့ Don't you mind တောင်
ကွဲပြားအောင်မသိလို့ အခုမှ
အခြေခံသဒ္ဒါ ပြန်လေ့လာနေရတုန်း။

သူငယ်ချင်းကတော့ အားပေးတယ်
မင်း နီးတော့ နီးလာပါပြီတဲ့
သူရည်ရွယ်တာ မမေးတော့ဘူး
လိုရာဆွဲတွေးတာပဲ ကောင်းတယ်။

မောသွားပြီဆို မိတ်ဆွေ
ရေသောက်နိုင်တယ်နော်
သောက်မယ့်ပမာဏတော့
ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပေါ့။

ငါလည်း မောပြီ
ဒီတော့
ဒီနေရာမှာ တစ်ခန်းရပ်လို့
ကိုစိုင်းဝင်းမြင့်စကား ခဏငှားလိုက်ရရင်
မြန်လို့လည်း မရ
ပြေးလို့လည်း မရတဲ့ ကမ္ဘာ
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ်
စကားများများကိုလည်း
မနက်ဖြန်မှပြောမယ်။ ။

AddThis Social Bookmark Button


ကဗျာအပေါ် သူတို့ရဲ့အမြင်  

ကဗျာအပေါ် သူတို့ရဲ့အမြင်

တူတူပုန်းတမ်းကစားနေတုန်း၊ ပုံပြောနေတုန်းမှာ ကလေးဟာ ကဗျာဆရာ ဖြစ်သွားတယ်။
နွားကျောင်းသားက သူ့ချစ်သူအတွက် ခရေပန်းကုံးကလေးတွေ ကုံးပေးနေတုန်းမှာ ကဗျာဆရာ ဖြစ်သွားရတယ်။
လယ်သမားဟာ လယ်ထွန်ရာက ရပ်ပြီး သက်တံ့ကြီးကို ငေးကြည့်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားရတယ်။
အလုပ်သင်စာရေးဟာ ပန်းအလှပြပွဲကို ကြည့်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
ကပ်စေးနှဲတဲ့သူဌေးဟာ သူ့ရွှေစကို ပွတ်သပ်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
နန်းတွင်းသားဟာ သူ့အထက်က မှူးမတ်ကြီးရဲ့ အပြုံးပေါ်မှာ မျှော်လင့်ချက်တစ်ခုကို တည်ဆောက်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
တောတွင်းသား လူရိုင်းဟာ သူကိုးကွယ်နေတဲ့ နတ်ရုပ်ကို သွေးနဲ့ အရောင်ခြယ်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
မင်းဆိုးဟာ သူ့ကိုယ်သူ နတ်ဘုရားလို့ ထင်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
ဒါဟာ ဟက်ဇလစ် ပြောခဲ့တဲ့ စကားတွေပါ။

ဆရာမြသန်းတင့်ကတော့ ''လူတိုင်းမှာ ခံစားချက်တွေ၊ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ အားငယ်ချက်တွေ ရှိကြတယ်။ ဒီခံစားချက်တွေကို ဖော်ပြတာတိုင်းဟာ ကဗျာလို့ ပြောပါတယ်။ တစ်လုံးတည်းနဲ့ ချုပ်ပြောရရင် ရင်ခုန်သံကို ဖော်ပြတိုင်းဟာ ကဗျာပဲပေါ့။ အဖြစ်အပျက်တစ်ခုကို မြင်တယ်၊ ကြားတယ်။ ဒီအခါမှာ ခံစားမှုကို ပေးတယ်။ ခံစားမှုဝေဒနာကနေ စိတ်ကူးကို နှိုးပေးတယ်။ အဲဒီအခါမှာ နရီတို့၊ အသံတို့နဲ့ အဲဒီအကြောင်းကို ဖွဲ့တယ်။ ဒီမှာ ကဗျာ ဖြစ်လာတယ်'' တဲ့။

AddThis Social Bookmark Button


ပုံရိပ်  

August 04, 2007

ပုံရိပ်

လူသားအဖြစ်နှင့် ကျွန်မ စတင်အသက်ရှူချိန်မှာ
အမေက အဖေ့ဝိညာဉ်နဲ့အတူ ကျွန်မဘေးမှာ ရပ်လို့
ပီဘိကလေးငယ် ကျွန်မ
ဘာမှမပြောနိုင်ခဲ့ဘူး။

စကားပြောတတ်တဲ့အရွယ်ရောက်ပြန်တော့လည်း
ဆွံ့အနေတဲ့ ကျွန်မ
အိပ်မက်ထဲမှာ အဖေနဲ့တွေ့တောင်
နှုတ်ဆိတ်နေခဲ့ရတယ်။

ကျောင်းနေရမယ့်အရွယ်ရောက်တော့
အမေ့ရဲ့စိတ်မကောင်းခြင်းကြီးတဲ့မျက်နှာ
ငယ်ရွယ်ပေမဲ့ ကျွန်မ ခံစားနေတတ်ခဲ့ပြီ။

မေရီချက်ပ်မင်းကျောင်းကို ပို့ဖို့ပြောတဲ့ ဆွေမျိုးတွေဟာ
ကျွန်မအမေရဲ့ ရန်သူတွေပဲ
အများနည်းတူ သင်္ကေတတေတွေသုံးလို့
ကျွန်မရဲ့ သောတအာရုံ ပျက်စီးမှာ
အမေ အရမ်းကြောက်နေခဲ့တယ်။

ပင်ပန်းကြီးစွာနဲ့ တစ်ကျောင်းဝင်တစ်ကျောင်းထွက်
အများနည်းတူ ကျောင်းတက်ခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့
အမေ့ရဲ့မေတ္တာကြောင့် ကျွန်မ
အများနည်းတူ ကျောင်းသူလေးတစ်ယောက်ဖြစ်ခဲ့ရတယ်။

ကျောင်းတက်ချိန်ကနေ ကျောင်းလွှတ်ချိန်အထိ
ကျောင်းပေါက်ဝမှာ ထိုင်စောင့်နေတဲ့ ကျွန်မရဲ့အမေကို
ဘယ်ဆရာ ဆရာမမှ နားချလို့မရခဲ့ဘူး
သမီးလေး အားငယ်နေမှာစိုးတယ်တဲ့။

ကျွန်မရင်ထဲဘယ်လိုရှိရှိ
အမေသိအောင် ထုတ်မပြောချင်ဘူး
အမေမျက်ရည်ဝဲမှာ ကျွန်မလိုလားဘူး။

ပတ်ဝန်းကျင်က ထင်ကြမယ်
ကျွန်မနှလုံးသား ကျောက်သားလိုမာကြောတယ်လို့
တကယ်တော့ အခိုးငွေ့လေးလို
ထိကိုင်လိုက်တာနဲ့ ပျောက်ပြက်သွားလောက်အောင်
ကျွန်မနှလုံးသား ခံစားလွယ်မှန်း
အမေတစ်ယောက်ပဲသိတယ်။

အရွယ်ရောက်လာတာနဲ့အမျှ
ကျွန်မ အမေ့ကို တိုးလို့သာ သနားခဲ့တယ်
တကယ်တော့ အမေနဲ့ ကျွန်မ အပြန်အလှန် အသနားပိုနေခဲ့ကြတာပဲလေ။

အမေမျှော်မှန်းတဲ့ ဆရာဝန်မကြီး မဖြစ်ချင်ပေမဲ့
အမေကျေနပ်အောင် ကျွန်မ ကြိုးစားခဲ့တယ်
ဒါကို အမေလည်း သိမယ်ထင်ပါတယ်
တကယ်က ကျွန်မ ဆရာဝန်မကြီး မလုပ်ရဲတာပါ။

ဆရာလည်း တစ်ယောက်ချင်း စာလိုက်မမေး
ကျောင်းသားလည်း မဖြေချင် ထ မဖြေလို့ရတဲ့
အဝေးသင်တက္ကသိုလ်သာ ကျွန်မအတွက် အသင့်လျော်ဆုံးပေါ့
အခုတော့ ကျွန်မက အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲ့ရခဲ့ပြီပေါ့။

ခေတ်နဲ့အညီ လိုက်လျောညီထွေရှိတဲ့ အမေဟာ
ကျွန်မဘ၀အတွက် ခွန်အားတွေပေးတဲ့သူပါ
ကမ္ဘာဟာ ရွာဆိုရင်
ကျွန်မဟာ နှီးတစ်ချောင်းလောက်တော့
အသုံးဝင်ရမယ်တဲ့။

ကျွန်မဘ၀အတွက် အသက်မွေးဝမ်းကျောင်းအဖြစ်
ကွန်ပျူတာနဲ့ အလုပ်လုပ်ဖို့
ကျွန်မ ဆုံးဖြတ်ခဲ့တယ်
အားပေးသူဟာ အမေပဲပေါ့။

စာကြည့်စားပွဲရဲ့ စားပွဲခင်းအောက်မှာ
ငွေအကြွေလေးတွေ မပြတ် အမေထည့်ပေးခဲ့တယ်
လိုင်းကားစီးတဲ့အခါ ဘယ်သွားမလဲလို့ အမေးမခံရအောင်
အပိုအလိုမရှိ ကွက်တိပေါ့တဲ့။

တစ်ခါတစ်ရံ အိမ်ပြန်နောက်ကျလို့
အမေ့ကို ဖုန်းဆက်အကြောင်းကြားရတဲ့အခါ
ဘာစကားမှမပြောဘဲ ဖုန်းခွက်ကို တဒေါက်ဒေါက် ခေါက်နေတဲ့ ကျွန်မကို
အံ့အားတသင့်မျက်နှာနဲ့ ကြည့်နေမယ့်
ဖုန်းဆိုင်က လူတွေရဲ့ အကြည့်ဒဏ်ကိုလည်း
ခံနိုင်ရည်ရှိအောင် ကျွန်မ လေ့ကျင့်ထားရတယ်။

နှစ်ချက်ခေါက်ရင် အမေ
သုံးချက်ခေါက်ရင် နောက်ကျမယ်
စသဖြင့်
အမေနဲ့ ကျွန်မရဲ့ လျှို့ဝှက်အချက်ပေးစနစ်တွေ
သူတို့တွေ ဘယ်သိနိုင်ပါ့မလဲ။

အများသူငါတွေ အလိုမကျရင်
သူငယ်ချင်းကို ရင်ဖွင့်ကြတယ်
ကျွန်မရော...
ကျွန်မအလိုမကျသမျှ အမေ့ကိုဖွင့်ပြောရရင်
အမေ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ
ဒီအခါ ကျွန်မရဲ့ ခံစားချက်တွေဟာ
စာသားတွေအဖြစ် ပြောင်းလဲသွားတယ်
ဒါပေမဲ့ ကျွန်မ စိတ်ကူးယဉ်မဆန်ပါဘူး။

'လှုပ်ရှားနေတဲ့ ငါ့လက်တွေဟာ
ဘ၀အတွက် လှေခါးထစ်တွေ
အမေ့အတွက် ငါဟာ ထီးတစ်ချောင်း ဖြစ်ရမယ်'
ကျွန်မလက်ရေးနဲ့ ရေးထားတဲ့ ဒီစာသုံးကြောင်းပါဝင်တဲ့ စာအုပ်လေးကို
ည အိပ်ခါနီးတိုင်း အမေ ယူဖတ်တယ်
ဒီအချိန်မှာ အမေ့ဘက်ကို လှည့်မကြည့်လည်း
အမေ မျက်ရည်ဝဲနေမယ်ဆိုတာ ကျွန်မ သိတယ်။

ကျွန်မဘ၀မှာ အများကြီး မမျှော်လင့်လိုပါဘူး
မနက် အိပ်ရာကနိုးချိန် ဘေးနားမှာ အမေရှိနေရင်ပဲ
ကျွန်မ ကျေနပ်ပါပြီ အမေရယ်။

AddThis Social Bookmark Button


Welcome to Happy Friendship Day  

August 01, 2007

Welcome to Happy Friendship Day

သြဂုတ်လ ၂ ရက်နေ့ဟာ မိတ်ဆွေများနေ့လေ
မိတ်ဆွေများနဲ့ပတ်သက်လို့ သိုးလေး နှစ်သက်တဲ့ စာသားလေး သုံးခုကို တင်လိုက်တယ်နော်။

The best recipe for making friends is to be one yourself.

မိတ်ဆွေများများရအောင် အကောင်းဆုံးပြုလုပ်နည်းကတော့ သင်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် တုခြင်းပါပဲ။


Every man should keep a cemetery in which to bury the faults of his friends.

လူတိုင်းလူတိုင်းသည် သူတို့မိတ်ဆွေများ၏ အပြစ်အနာအဆာကလေးများကို မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ သင်္ချိုင်းမြေတစ်ခု ထားရှိသင့်သည်။


A true friend is like a good book. The inside is better than the cover.

မိတ်ဆွေတစ်ဦးသည် စာအုပ်ကောင်းတစ်အုပ်နှင့် တူ၏။ အတွင်းပိုင်းသည် မျက်နှာဖုံးထက် ပို၍ကောင်းသည်။

AddThis Social Bookmark Button


ပြင်ဆင်ခွင့်  

ပြင်ဆင်ခွင့်

ဒီမနက်ရုံးသွားတာ ခါတိုင်းထက်စောနေမှန်း သြဒိဿဝေဟင် ကိုယ့်ကိုယ်ကိုယ် သိနေတယ်။ ဒါကြောင့်လည်း ပုံမှန်ခြေလှမ်းထက် နှေးကွေးစွာပဲ လျှောက်မိတယ်။ ကားဂိတ်ရောက်လို့ ကားရပ်စောင့်နေတုန်းမှာပဲ အမှတ်မထင် အနားက လက်ဖက်ရည်ဆိုင်ကို အကြည့်ရောက်မိတော့ အိမ်နားက ဦးလေးသာရင်ကိုတွေ့တာနဲ့ ပြုံးပြနှုတ်ဆက်လိုက်သေးတယ်။ ပြီးတော့လည်း ကားလာရာဘက်ကိုပဲ မျက်နှာလွှဲထားတာပေါ့။ အဲဒီအချိန်မှာပဲ စောစောက လက်ဖက်ရည်ဆိုင်ထဲက လွင့်ပျံလာတဲ့ ဦးလေးသာရင်ရဲ့ စကားသံတွေက နားထဲကို ၀င်ရောက်လာတယ်။
ဒဒအဲဒါ ကျွန်တော်တို့အိမ်နားက ကောင်လေးလေ။ အရမ်းလိမ္မာတယ်။ မနက် ကျွန်တော် ဘုရားထရှိခိုးတဲ့အချိန်ဆို သူလည်း နိုးနေပြီ။ သူ့အမေက မုဆိုးမပေမဲ့ သားသမီးကို သွန်သင်တာ တော်တယ်ပြောရမယ်။ မနက် သူထတဲ့အချိန်ဆို သြဒိဿလေးလည်း ထတယ်။ ပြီးရင် သူနဲ့အတူ ဘုရားရှိခိုးတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ သူ့အမေက စံပြမိခင်ပဲ။ သားသမီးငါးယောက်မွေးထားတဲ့ မုဆိုးမပေမဲ့ အကုန်လုံးကို လိမ္မာယဉ်ကျေးအောင်၊ ပညာတတ်အောင် ပျိုးထောင်ပေးနိုင်တယ်လေဒဒ
ကိုယ့်ကို ချီးကျူးနေတဲ့စကားကို ကြားရပေမဲ့ သြဒိဿဝေဟင် ပီတိမဖြစ်မိဘူး။ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သလိုတောင် ဖြစ်မိသေးတယ်။ ဒါကလည်း အကြောင်းရှိတယ်လေ။ မျက်လုံးထဲမှာလည်း ကိုယ့်ရဲ့အရုဏ်ဦးအချိန်လေးက ရုပ်ရှင် အနှေးပြကွက်တွေလို တစ်ကွက်ချင်းပေါ်လာတယ်။
မနက် ငါးနာရီဆိုတာ အိပ်စက်ခြင်းအတွက် အကောင်းဆုံးအချိန်ပဲလေ။ ကျွန်တော်လည်း အိပ်ချင်တာပေါ့။ ဒါပေမဲ့ ၈ ပေ ၁၂ ပေ အခန်းကျဉ်းကလေးထဲမှာ မိသားစုခြောက်ယောက်နေရတဲ့ ကျွန်တော့်အတွက် စိတ်ရှိသလိုလည်း အိပ်လို့မရပါဘူး။ ဒီလိုပြောရင် ယုံကြမယ်မဟုတ်ဘူး။ တကယ်ပါဗျာ။ ကျွန်တော်တို့မောင်နှမ ငါးယောက်နဲ့ အမေ အဖေဆုံးပြီးကတည်းက ကျွန်တော့်ဇာတိက အိမ်ကလေးကို ရောင်းပြီး အမေ့ဇာတိ၊ အမေ့အမျိုးတွေရှိတဲ့ ရန်ကုန်ကို ပြောင်းလာကြတာ။ ရန်ကုန်မှာက သိတဲ့အတိုင်း အိမ်ဈေးတွေက ခေါင်ခိုက်နေတော့ အမေ့အမွေဆိုင်အိမ်ကလေးမှာပဲ ကုတ်ကပ်ပြီး ရတဲ့အခန်းကလေးမှာ ဖြစ်သလို နေကြရတာ။ အိမ်လခနဲ့ မီတာခ သက်သာတယ်ဆိုရင်ပဲ အိမ်တစ်အိမ်လုံးစရိတ်ရဲ့ တစ်ဝက်တိတိ သက်သာတာပဲလေ။ ဒီတော့လည်း အမေ မုဆိုးမကို ငဲ့ညှာသောအားဖြင့် အပြင်မှာ အိမ်ငှားမနေတော့ဘဲ အဲဒီ ၈ ပေ ၁၂ ပေ အခန်းကျဉ်းကလေးထဲမှာပဲ ဖြစ်အောင် နေကြရတယ်။
မနက် ငါးနာရီဆို အမေက ဘုရားရှိခိုးဖို့ ထပြီ။ ခဏနေတာနဲ့ အိပ်မက်ထဲ နစ်မြောနေတဲ့ ကျွန်တော်တို့မောင်နှမတစ်တွေရဲ့ မျက်နှာပေါ်ကို ဘုရားစင်ပေါ်က အမွှေးတိုင် ပြာတွေ၊ တုတ်တွေ ကျလာပြီ။ မျက်နှာသစ်တော်ရေခွက် လဲကျသံနှင့်အတူ အေးမြတဲ့ ရေတွေ မျက်နှာပေါ်ကို ကျလာပြီ။ မျက်နှာပေါ်အုပ်နေတဲ့ ခြင်ထောင်ကြောင့်သာ ကျွန်တော်တို့ ခံသာတာ။ ဒါက နိစ္စဓူဝ ဖြစ်နေကြ။ ဒီလိုဆိုရင် ကျွန်တော်လည်း ဘယ်လိုမှ အိပ်လို့မရတော့တဲ့အတူတူ အမေလုပ်နေတဲ့ ဘုရားစင်သန့်ရှင်းရေးကို လုပ်၊ မျက်နှာသစ်တော်ရေခွက်၊ သောက်တော်ရေခွက်တွေ ဆေး၊ ရေထည့်၊ ဘုရားစင်ပေါ်တင်ပေးပြီး အမေဘုရားရှိခိုးဖို့ အဆင်သင့်ဖြစ်အောင် လုပ်ပေးလိုက်တယ်။ တစ်လက်စတည်း ကျွန်တော့်တစ်ကိုယ်ရေသန့်ရှင်းရေးပါလုပ်ပြီး ပေါင်းအိုးနဲ့ ထမင်းတစ်အိုး တည်တယ်။ ပြီးတာနဲ့ အမေ့ဘေး ၀င်၊ အစ်မတွေ အစ်ကိုတွေကို တစ်ဖက်စီ တစ်ဖက်စီ တွန်းပြီး အလယ်နားလေးမှာ သတိစွဲအနေအထားနဲ့ ဘုရားရှိခိုးရတယ်။ ဒါပေမဲ့ ကျွန်တော်ဘုရားရှိခိုးနေတဲ့အချိန်မှာ ဘုရားကိုပဲ အာရုံပြုတယ်... အဲလိုလည်း မဟုတ်ဘူး။ အမေ့ရဲ့ သွန်သင်ဆုံးမမှုကြောင့် ဂါထာတွေလည်း အတော်အတန်ရပါရဲ့။ ပဋ္ဌာန်းအကျိုးတော်ကို အမေပြောပြလို့ မနက်တိုင်းလည်း ရွတ်ပါရဲ့။ မြတ်စွာဘုရားကိုလည်း ယုံကြည်ကိုးကွယ်ပါရဲ့။ ဒါပေမဲ့ ကျွန်တော် ဘုရားရှိခိုးစာတွေကို ရွတ်ဆိုနေတဲ့အချိန်မှာ ကျွန်တော့်စိတ်တွေက အလုပ်ထဲကိုလည်း ရောက်ချင် ရောက်သွားတတ်တယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်ချင် ရောက်သွားတတ်တယ်။ တစ်ခါတလေကျတော့လည်း scholarship ကိစ္စဆီ ရောက်သွားတတ်သလို တစ်ခါတစ်ရံကျတော့လည်း ဘေးမှာ ကျုံ့ကျုံ့လေး ထိုင် ဘုရားရှိခိုးနေတဲ့ အမေ့ကို ကြည့်ပြီး သနားစိတ်တွေ ၀င်မိတတ်တယ်။ ဒီတော့ မနက်တိုင်း ဘုရားထရှိခိုးတယ်ဆိုပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အထင်လည်း မကြီးမိသလို ဘေးလူတွေ အထင်ကြီးနေမယ်လို့လည်း ကျွန်တော် မထင်မိဘူး။ အခု ဦးလေးသာရင်ပြောတဲ့စကားကို ကြားမှပဲ နိစ္စဓူဝ တာဝန်တစ်ခုလို သဘောထားပြီး လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သလိုလိုတောင် ဖြစ်မိသေးတော့။ ဒါပေမဲ့ ချက်ချင်းပဲ ဦးနှောက်ထဲမှာ အတွေးတစ်ခု လင်းလက်သွားတယ်။ ကျွန်တော် ပြင်မယ်။ အဲဒါတွေအားလုံး ကျွန်တော် ပြင်မယ်။ သာသနာရေးကိစ္စမှာတင်မကဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်ပါလက်ပါ စေတနာပါပါ လုပ်တာဟာ ကိုယ့် ယခုဘ၀အတွက်ရော သံသရာအတွက်ပါ ကောင်းတယ်ဆိုတဲ့ အသိဝင်သွားတယ်။
အနားကနေ ၀ူး ခနဲ အရှိန်နဲ့မောင်းထွက်သွားတဲ့ ကားသံကြားမှ ကျွန်တော် အတွေးလွန်သွားပြီမှန်း သိလိုက်တယ်။ လက်က နာရီကို ငုံ့ကြည့်လိုက်တော့ ၉ နာရီ ၁၅ မိနစ်။ ဒီပုံအတိုင်းဆို ၁၀ နာရီထိုးခါနီးမှ ရုံးရောက်တော့မှာ သေချာတယ်။ ၁ လမှာ ၂၅ ရက်လောက် နောက်ကျတဲ့ သြဒိဿ ဒီတစ်နေ့တော့ စောလှချည်ရဲ့လို့ စိတ်ထဲကနေ ကြုံးဝါးမိခါမှ ဒုံရင်းက ဒုံရင်းပါလားလို့ တွေးမိတယ်။ အင်း ဒါလည်း ပြင်ရဦးမှာပါလား။

(ဒါ တစ်မျက်နှာစာ ၀တ္ထုတိုမဟုတ်ပါဘူး။ တစ်ညတာ အတွေး ၀တ္ထုတို ဖြစ်ပါတယ်။ ဒါလေးနဲ့ ဆက်စပ်လို့ ၀တ္ထုတိုလေးလို ရေးပါလားလို့ အကြံပေးတဲ့ မမချိုမီကိုလည်း ကျေးဇူးတင်ပါတယ်။ စာရေးဆရာမ မဟုတ်ပေမဲ့ စာတွေအဖတ်များလို့လား၊ စာတွေနဲ့ပဲ ထိတွေ့နေရလို့လားတော့ မသိဘူး ၀ါသနာပါတယ်။ ရေးချင်တယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန်လည်း မရေးတတ်တော့ ရေးတတ်သလိုလေးပဲ ရေးထားတာပါ။ ဖတ်ရတာ အရသာ မရှိရင်လည်း သည်းခံပေးပါလို့...)

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster