ထာဝရ
August 15, 2007
ထာဝရ
သူငယ်ချင်း
မင်းနဲ့ ငါ လက်တွဲခဲ့တာ သုံးနှစ်မက
အခု ရင်နှင့်အမျှ ခံစားနေရတာလည်း
မင်းကြောင့်ပဲ
အမူအရာနဲ့တောင်
ကြင်ကြင်နာနာ မပြုတတ်ခဲ့တဲ့ ငါ
စကားလုံးတွေလည်း
ညင်ညင်သာသာ တစ်ခါမှ မထွက်ခဲ့ဘူး
နီးနီး ဝေးဝေး ငါ့ဘေးနား
မင်း အမြဲမနေနိုင်တော့တာ
ခု သေချာသွားပြီလေ
မင်းဘ၀ လှေခါးထစ်
တစ်ဆင့်မြင့်တက်သွားတာ
အရိုးခံစိတ်နဲ့ ငါဝမ်းသာတယ်
မိသားစုမှာ ငါဟာ
တစ်သီးပုဂ္ဂလ ရှင်သန်နေတဲ့လူ
မင်းရှေ့ရောက်ရင်တော့
ပီဘိကလေးငယ်လို
ချွဲနွဲ့တတ်တဲ့လူ
ခု ငါ့ရင်ထဲမှာ အရမ်းမွန်းကျပ်နေတယ်
အသံတိတ် ကြိတ်ငိုရလွန်းလို့
အာခေါင်တွေတောင် ခြောက်ကပ်လာတယ်
ချန်ရစ်ခဲ့တဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုရင်နာမယ်လို့ မင်းထင်လဲ
နေရာသစ်မှာ မိတ်ဆွေသစ်နဲ့
မင်းနေတတ်အောင် ကြိုးစားနေချိန်
ငါကတော့ မင်းအရိပ်တွေနဲ့
တိတ်တဆိတ်ပဲ လှုပ်ရှားနေမိမယ်ထင်ရဲ့
အမူအရာတွေ မနူးညံ့
စကားလုံးတွေ မသိမ်မွေ့ပါဘဲ
စိတ်တစ်ခုကို အရင်းပြုလို့
မင်းနဲ့ ငါ လက်တွဲခဲ့တာ
လက်ထဲမှာ ရေမပြည့်လည်း
ဟန်အပြည့်နဲ့ လျှောက်သွားခဲ့တာ
မင်းနဲ့ ငါပဲ
တနင်္ဂနွေတွေ လျှောက်သွားဖို့
မင်းအဘွားလည်း အခါခါသေခဲ့ရတယ်
မင်းကိုပြောပြရင်
နောက်တစ်ပတ်အတွက်
နောက်တစ်ယောက်ပေါ့လို့
မင်းပြောတတ်တယ်
ငါက အဲဒီလိုဆိုးတဲ့သူ
မသွယ်လျတဲ့ ငါ့လက်တစ်စုံက
နူးညံ့တဲ့ မင်းဆံပင်တွေနဲ့
ခွဲခွာဖို့ အသင့်မဖြစ်သေးဘူး
မင်းသွားရာ ထာဝရလိုက်ပါနိုင်ဖို့
ငါ့နာမည်ရေးထိုးထားတဲ့ တိမ်တစ်စ
ခု ကောင်းကင်ပေါ် လွှတ်တင်လိုက်ပြီ
မင်းမော့ကြည့်လိုက်ချိန်
မြင်ရတဲ့ တိမ်တစ်စဟာ ငါပဲ
မင်းရောက်ရာအရပ်မှာ ငါရှိနေမယ်။
August 15, 2007 at 5:18 AM
ဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့ရပေမဲ့
တစ်သက်လုံးရာ မမေ့ပါဘူး
ကံမကုန်ရင် ပြန်ဆုံကြမယ်နော်...
မလေ ပြောမထွက်ရက်ဘူး။
အစ်မရဲ့ဆံပင်ကို ဘယ်သူလာပြီး ဖြီးပေးမှာလဲ။
မ ကော်ဖီသောက်ရင်ကော ဘယ်သူလာဖျော်ပေးမှာလဲ။
မရဲ့အလိုကိုအမြဲလိုက်ပေးတဲ့မင်းတို့ကို ဘယ်လိုခွဲခွာသွားရမှာလဲ
မ စိတ်ကောက်ရင်ကော ဘယ်သူလာပြီး ချော့မှာလဲ။
မင်းဟာ တိမ်တစ်စဆိုရင် အစ်မဟာ မင်းတို့ရဲ့ မိုးကောင်းကင်ကြီးပါ။
မင်းတို အစ်မကို နာကြည်းအောင် ခပ်ခွာခွာနေရပေမဲ့
အစ်မ ရင်နဲ့အမျှ ခံစားနေရပါတယ်။ မင်းတို့ကို အဝေးကဘဲ
စောင့်ရှောက်နိုင်တော့မယ်နော်။ ဘာမှမပြောတာဟာ မပြောချင်လို့
မဟုတ်ဘူး။ မပြောရက်လို့။ တစ်ချိန်မှာ ခွဲခွာရမယ်ဆိုတာ မ နားလည်ထားပေမဲ့
အဲဒီတစ်ချိန်ကို မရောက်ချင်ခဲ့တာ အစ်မရဲ့ရင်ထဲက ဆန္ဒအမှန်ပါ။
အမှန်ပြောရရင် မင်းတို့ကို စိတ်မချဘူး။ အစစအရာရာပေါ့။ အစ်မသွားသာသွားရမှာ
စိတ်က မင်းတို့နားမှာ အမြဲရှိနေတော့မယ်ဆိုတာ သိပါတယ်။ မင်းတို့ နေတတ်အောင် နေကြနော်။ ကြာတော့လည်း မေ့သွားမှာပါ။ မေ့သွားခဲ့ရင်လည်း အစ်မ ကျေနပ်ပါတယ်။
August 15, 2007 at 12:50 PM
tag ထားတာ အားရင်ရေးပါအုံး သိုးမလေးရေ။
August 15, 2007 at 8:27 PM
ကိုဘုရင့်နောင်... သိုးလေး ကြိုးစားပြီး ရေးမှာပါ။