ပုံရိပ်  

August 04, 2007

ပုံရိပ်

လူသားအဖြစ်နှင့် ကျွန်မ စတင်အသက်ရှူချိန်မှာ
အမေက အဖေ့ဝိညာဉ်နဲ့အတူ ကျွန်မဘေးမှာ ရပ်လို့
ပီဘိကလေးငယ် ကျွန်မ
ဘာမှမပြောနိုင်ခဲ့ဘူး။

စကားပြောတတ်တဲ့အရွယ်ရောက်ပြန်တော့လည်း
ဆွံ့အနေတဲ့ ကျွန်မ
အိပ်မက်ထဲမှာ အဖေနဲ့တွေ့တောင်
နှုတ်ဆိတ်နေခဲ့ရတယ်။

ကျောင်းနေရမယ့်အရွယ်ရောက်တော့
အမေ့ရဲ့စိတ်မကောင်းခြင်းကြီးတဲ့မျက်နှာ
ငယ်ရွယ်ပေမဲ့ ကျွန်မ ခံစားနေတတ်ခဲ့ပြီ။

မေရီချက်ပ်မင်းကျောင်းကို ပို့ဖို့ပြောတဲ့ ဆွေမျိုးတွေဟာ
ကျွန်မအမေရဲ့ ရန်သူတွေပဲ
အများနည်းတူ သင်္ကေတတေတွေသုံးလို့
ကျွန်မရဲ့ သောတအာရုံ ပျက်စီးမှာ
အမေ အရမ်းကြောက်နေခဲ့တယ်။

ပင်ပန်းကြီးစွာနဲ့ တစ်ကျောင်းဝင်တစ်ကျောင်းထွက်
အများနည်းတူ ကျောင်းတက်ခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့
အမေ့ရဲ့မေတ္တာကြောင့် ကျွန်မ
အများနည်းတူ ကျောင်းသူလေးတစ်ယောက်ဖြစ်ခဲ့ရတယ်။

ကျောင်းတက်ချိန်ကနေ ကျောင်းလွှတ်ချိန်အထိ
ကျောင်းပေါက်ဝမှာ ထိုင်စောင့်နေတဲ့ ကျွန်မရဲ့အမေကို
ဘယ်ဆရာ ဆရာမမှ နားချလို့မရခဲ့ဘူး
သမီးလေး အားငယ်နေမှာစိုးတယ်တဲ့။

ကျွန်မရင်ထဲဘယ်လိုရှိရှိ
အမေသိအောင် ထုတ်မပြောချင်ဘူး
အမေမျက်ရည်ဝဲမှာ ကျွန်မလိုလားဘူး။

ပတ်ဝန်းကျင်က ထင်ကြမယ်
ကျွန်မနှလုံးသား ကျောက်သားလိုမာကြောတယ်လို့
တကယ်တော့ အခိုးငွေ့လေးလို
ထိကိုင်လိုက်တာနဲ့ ပျောက်ပြက်သွားလောက်အောင်
ကျွန်မနှလုံးသား ခံစားလွယ်မှန်း
အမေတစ်ယောက်ပဲသိတယ်။

အရွယ်ရောက်လာတာနဲ့အမျှ
ကျွန်မ အမေ့ကို တိုးလို့သာ သနားခဲ့တယ်
တကယ်တော့ အမေနဲ့ ကျွန်မ အပြန်အလှန် အသနားပိုနေခဲ့ကြတာပဲလေ။

အမေမျှော်မှန်းတဲ့ ဆရာဝန်မကြီး မဖြစ်ချင်ပေမဲ့
အမေကျေနပ်အောင် ကျွန်မ ကြိုးစားခဲ့တယ်
ဒါကို အမေလည်း သိမယ်ထင်ပါတယ်
တကယ်က ကျွန်မ ဆရာဝန်မကြီး မလုပ်ရဲတာပါ။

ဆရာလည်း တစ်ယောက်ချင်း စာလိုက်မမေး
ကျောင်းသားလည်း မဖြေချင် ထ မဖြေလို့ရတဲ့
အဝေးသင်တက္ကသိုလ်သာ ကျွန်မအတွက် အသင့်လျော်ဆုံးပေါ့
အခုတော့ ကျွန်မက အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲ့ရခဲ့ပြီပေါ့။

ခေတ်နဲ့အညီ လိုက်လျောညီထွေရှိတဲ့ အမေဟာ
ကျွန်မဘ၀အတွက် ခွန်အားတွေပေးတဲ့သူပါ
ကမ္ဘာဟာ ရွာဆိုရင်
ကျွန်မဟာ နှီးတစ်ချောင်းလောက်တော့
အသုံးဝင်ရမယ်တဲ့။

ကျွန်မဘ၀အတွက် အသက်မွေးဝမ်းကျောင်းအဖြစ်
ကွန်ပျူတာနဲ့ အလုပ်လုပ်ဖို့
ကျွန်မ ဆုံးဖြတ်ခဲ့တယ်
အားပေးသူဟာ အမေပဲပေါ့။

စာကြည့်စားပွဲရဲ့ စားပွဲခင်းအောက်မှာ
ငွေအကြွေလေးတွေ မပြတ် အမေထည့်ပေးခဲ့တယ်
လိုင်းကားစီးတဲ့အခါ ဘယ်သွားမလဲလို့ အမေးမခံရအောင်
အပိုအလိုမရှိ ကွက်တိပေါ့တဲ့။

တစ်ခါတစ်ရံ အိမ်ပြန်နောက်ကျလို့
အမေ့ကို ဖုန်းဆက်အကြောင်းကြားရတဲ့အခါ
ဘာစကားမှမပြောဘဲ ဖုန်းခွက်ကို တဒေါက်ဒေါက် ခေါက်နေတဲ့ ကျွန်မကို
အံ့အားတသင့်မျက်နှာနဲ့ ကြည့်နေမယ့်
ဖုန်းဆိုင်က လူတွေရဲ့ အကြည့်ဒဏ်ကိုလည်း
ခံနိုင်ရည်ရှိအောင် ကျွန်မ လေ့ကျင့်ထားရတယ်။

နှစ်ချက်ခေါက်ရင် အမေ
သုံးချက်ခေါက်ရင် နောက်ကျမယ်
စသဖြင့်
အမေနဲ့ ကျွန်မရဲ့ လျှို့ဝှက်အချက်ပေးစနစ်တွေ
သူတို့တွေ ဘယ်သိနိုင်ပါ့မလဲ။

အများသူငါတွေ အလိုမကျရင်
သူငယ်ချင်းကို ရင်ဖွင့်ကြတယ်
ကျွန်မရော...
ကျွန်မအလိုမကျသမျှ အမေ့ကိုဖွင့်ပြောရရင်
အမေ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ
ဒီအခါ ကျွန်မရဲ့ ခံစားချက်တွေဟာ
စာသားတွေအဖြစ် ပြောင်းလဲသွားတယ်
ဒါပေမဲ့ ကျွန်မ စိတ်ကူးယဉ်မဆန်ပါဘူး။

'လှုပ်ရှားနေတဲ့ ငါ့လက်တွေဟာ
ဘ၀အတွက် လှေခါးထစ်တွေ
အမေ့အတွက် ငါဟာ ထီးတစ်ချောင်း ဖြစ်ရမယ်'
ကျွန်မလက်ရေးနဲ့ ရေးထားတဲ့ ဒီစာသုံးကြောင်းပါဝင်တဲ့ စာအုပ်လေးကို
ည အိပ်ခါနီးတိုင်း အမေ ယူဖတ်တယ်
ဒီအချိန်မှာ အမေ့ဘက်ကို လှည့်မကြည့်လည်း
အမေ မျက်ရည်ဝဲနေမယ်ဆိုတာ ကျွန်မ သိတယ်။

ကျွန်မဘ၀မှာ အများကြီး မမျှော်လင့်လိုပါဘူး
မနက် အိပ်ရာကနိုးချိန် ဘေးနားမှာ အမေရှိနေရင်ပဲ
ကျွန်မ ကျေနပ်ပါပြီ အမေရယ်။

AddThis Social Bookmark Button


6 comments: to “ ပုံရိပ်

  • Layma
    August 4, 2007 at 8:01 AM  

    သိုးလေးရေ…ရေးထားတာလေးက အရမ်း ….ဘာပြောရမှန်းတောင်မသိဘူး…. ခံစားရတယ်…ခံစားချက်တွေကူးစက်သွားတယ်…..

  • (တေးမွန်)
    August 4, 2007 at 11:49 AM  

    မေမေ

  • naing
    August 5, 2007 at 9:18 AM  

    ဒေါက် ဒေါက်

  • MELODYMAUNG
    August 6, 2007 at 12:51 AM  

    သိုးလိမ္မာမလေးရေ ချစ်တဲ့ အမေ့အတွက် ထီးတစ်ချောင်းဖြစ်ပါစေ
    မနက် အိပ်ရာကနိုးချိန် ဘေးနားမှာ အမေရှိနေစေချင်တဲ့ ဆန္ဒလေး တာရှည်စါာပြည့်ဝပါစေ

  • Anonymous
    August 8, 2007 at 1:00 AM  

    လေးစားပါတယ် သိုးမလေးရေ..
    ရင်နင့်ပြီးလဲ ပြန်သွားပါပြီ..

  • hnin
    August 8, 2007 at 4:42 AM  

    သိုးလေး တကယ်ဝမ်းသာပါတယ်။ ဒါဟာ ကော်ပီမဟုတ်တဲ့ သိုးလေးရဲ့ ပုံရိပ်စစ်ပါ။ ပုံရိပ်စစ်ကို ခံစားပေးကြတဲ့ ဘလော့ဂါမောင်နှမတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster