ရောက်တတ်ရာရာ  

August 17, 2007

ရောက်တတ်ရာရာ

ကျွန်တော်က တရုတ်ဇာတာခွင်အရဆို နွားဇာတာရှင်။ ဒါပေမဲ့ ဒီလိုဇာတာရှင်တွေရဲ့ အမူအကျင့်၊ စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာ တစ်ခါမှ ဗေဒင်စာအုပ်မဖတ်ဖူးတော့ ကျွန်တော် မသိဘူး။ ကျွန်တော့် စရိုက်က အများနဲ့တော့ သိပ်မတူဘူး။ တစ်ယောက်တည်းသော အစ်ကိုကို အချစ်ပိုပြီး ကျွန်တော်စကားပြောရင် မိန်းမ မဆန်တတ်ဘူး။ တစ်ယောက်ယောက်က ခေါ်ရင် ကျွန်တော်က ဗျာ လို့ ထူးတတ်တယ်။ ငယ်ငယ်ကဆို အတန်းထဲမှာ အရမ်းစည်းကမ်းတင်းကျပ်တဲ့ ဆရာမ ဒေါ်လှလှရီက ကျွန်တော် ဗျာ လို့ ထူးတာကို မကြိုက်လို့ ရှင်လို့ပြော ရှင်လို့ပြောနဲ့ လက်ဆစ်ကို ပေတံစောင်းနဲ့ခေါက်တာ၊ ပထမတော့ ကျွန်တော် ကြိတ်ခံသေးတယ်။ နောက် သွေးထွက်လာတဲ့အခါကျတော့ မရတော့ဘူး ရှင် လို့ပြောလိုက်ရပေမဲ့ ကွယ်ရာမှာ ဗျာ ပြန်ဖြစ်သွားတာ ပါပဲ။ ခုထိ အဲဒီအကျင့်ကို ပြင်လို့မရတော့ဘူး။ ကျွန်တော်က အပေါင်းအသင်းလည်း အများကြီး မထားတတ်ဘူး။ ကျွန်တော်ပေါင်းတဲ့ အပေါင်းအသင်းတွေကလည်း ကျွန်တော့်စရိုက်ကို နားလည်တဲ့သူတွေပဲ။ ကျွန်တော်စကားပြောရင် ချောချောမောမောမရှိဘူး။ ထစ်တာကို မဆိုလိုဘူးနော်။ စကား အဆင်မချောတာကို ပြောတာ။ ဥပမာဗျာ ကျွန်တော်တို့ရပ်ကွက်မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆွမ်းပတ်ရှိတယ်။ အဲဒီရက်ဆို ဘွန္တော အော်တာနဲ့ ကျွန်တော် ဆွမ်းထချက်ရတယ်။ ဆွမ်းလောင်းပြီးတဲ့အချိန်ကျရင် ကျွန်တော်က ပြန်အိပ်တာ မနက် ရှစ်နာရီလောက်မှ ထတယ်ဗျာ။ အဲဒီမနက်မှ အမျိုးတစ်ယောက် (အဘွားပေါ့) အိမ်လည်လာတော့ ကျွန်တော့်ကို ဒီအချိန်အထိ အိပ်ရသလားဆိုပြီး ဆူရော။ ကျွန်တော်က ဒီနေ့ ဘွန္တောရှိတယ်လေ။ အဲဒါကြောင့် အခုမှ ထနိုင်တာပါလို့ ပြန်ပြောလိုက်တယ်။ အဲဒါ အဘွားက ကျွန်တော့်ကို ဘာမှပြန်မပြောဘဲ အမေ့ကို သွားဆူရော။ ကလေးက မိန်းကလေး၊ ဘယ့်နှယ် ဘွန္တောအော်တာ ထည့်လိုက်ရသလဲ ဘာလဲနဲ့ပေါ့။ အဲဒါနဲ့ အမေက ကျွန်တော့်ကို စကားအပြော မတတ်ရပါ့မလားဆိုပြီး ဆူပါလေရော။ နောက်တစ်ခါရှိသေးတယ်။ ကျွန်တော်က တစ်ခုခု အထိတ်တလန့်ဆို မှားအော်တတ်တယ်။ ဥပမာဗျာ လမ်းသွားလို့ ကိုယ့်ရှေ့က လူတစ်ယောက် အောက်က ခလုတ်ကို မမြင်လို့ ခလုတ်တိုက်တော့မယ့် အနေအထားဆို ကျွန်တော်က ဒီမှာဒီမှာ အပေါ်မှာ အပေါ်မှာ နဲ့ မှားအော်လိုက်ရင် ဟိုလူက ကြောင်ပြီး အပေါ်မော့ကြည့်၊ အဲဒီကျမှ ခလုတ်က တကယ် တိုက်ရော။ တစ်ခါတလေတော့လည်း အဲဒီအမှားကနေ ကူရာ ကယ်ရာ ရောက်သွားတာလေးတွေလည်း ရှိတတ်ပါတယ်။ ပြီးတော့ ကျွန်တော်က စတတ် နောက်တတ်တယ်။ တစ်ခုပြောပြရရင် ကျွန်တော် ရှစ်တန်း၊ ကျွန်တော့်အစ်မ ဆယ်တန်းမှာပေါ့။ သူက ဆယ်တန်းဆိုတော့ နေ့နေ့ညည ဟုတ်ဟုတ် မဟုတ်ဟုတ် စာတွေတော့ ကျက်နေတာပဲပေါ့။ ညဘက် ထမင်းစားသောက်ပြီး တစ်အောင့်နေရင် ကျွန်တော်က ထောင့် တစ်ထောင့်၊ အစ်မက ထောင့်တစ်ထောင့်မှာ နေရာယူပြီး စာထိုင်လုပ်ကြတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ပဲဟင်းနဲ့ ငါးခြောက်ထောင်း ချက်တဲ့နေ့။ စားလို့ကလည်း ကောင်းပါ့။ ည မိုးချုပ်လာတော့ အကုန်လုံး အိပ်ကြပြီ။ ကျွန်တော်က တွက်လက်စ သင်္ချာလေးပြီးရင် သိမ်းမယ်ပေါ့။ ကျွန်တော့်အစ်မကို လှမ်းကြည့်တော့ အိပ်ငိုက် နေတယ်။ အဲဒါနဲ့ သွားအိပ်တော့လေလို့ပြောတော့ သူက ငါ အိပ်မငိုက်ပါဘူးတဲ့။ ပြူးပြဲနဲ့ ပြန်ပြောတယ်။ နေပေါ့... ထားလိုက်တယ်။ ခဏနေပြန်ကြည့်တော့ အိပ်ငိုက်နေတယ်။ ကိုင်ထားတာက Chemistry စာအုပ်၊ သူ တိုးတိုးတိုးတိုး ရွတ်နေတာက Bio တွေ။ အဲဒါနဲ့ မ ထမင်းစားလို့ကောင်းလားလို့ မေးလိုက်တော့ အိပ်ချင်မူးတူးနဲ့ ပဲဟင်းနဲ့ ငါးခြောက်ထောင်းနဲ့ စားလို့ကောင်းတယ်တဲ့ ပြန်ပြောတယ်။ ကျွန်တော်လည်း သူ အိပ်ချင်ပြေသွားပြီ ထင်တာနဲ့ ကျွန်တော့်စာပဲ ပြန်လုပ်နေတာပေါ့။ ဘယ်ဟုတ်မလဲ သူက အဲဒီကစပြီး တစ်ချိန်လုံး ပဲဟင်းနဲ့ ငါးခြောက်ထောင်းနဲ့ စားလို့ကောင်းတယ် ဆိုတာကိုပဲ စာရွတ်သလို ဆက်တိုက် ရွတ်နေတော့တာပဲ။ ဘယ်ရမလဲ ကျွန်တော်တစ်ယောက်တည်း ကြိတ်ရယ်ရင်းနဲ့ နားကျပ်ကက်ဆက်ယူ၊ အသံသွင်းထားလိုက်တာပေါ့။ မနက် လင်းတော့ တစ်အိမ်လုံးကို လိုက်ဖွင့်ပြ၊ သူ စိတ်တွေဆိုးတာ တအားပေါ့။ အဲဒီကက်ဆက်ခွေကိုလည်း ကျွန်တော့် ဆီက ဘယ်လောက်နဲ့လဲမသိဘူး၊ သူ ၀ယ်သွားတယ်။ ကျွန်တော်က ပိုက်ဆံမလိုချင်ပါဘူး၊ ဒါပေမဲ့ သူ့ကို အားနာလို့....။ အဲဒီလို အဲဒီလိုပေါ့... ကျွန်တော့်အကျင့်ကို ပြောပါတယ်။ အစမရှိ အဆုံးမရှိနဲ့ ဒီမှာပဲ တုံးတိ ဖြတ်လိုက်ဦးမယ်နော်။ ကျွန်တော် အလုပ်သွားရတော့မယ်ဗျ။

AddThis Social Bookmark Button


2 comments: to “ ရောက်တတ်ရာရာ

  • BayintNaung
    August 18, 2007 at 11:50 AM  

    စကားပြောရင်ကျနော်ကျနော်နဲ့၊ ဂျင်းဘောင်းဘီကော ၀တ်လား။ ထူးအိမ်သင်သီချင်းကို သတိရသွားလို့...

  • hninhnin
    August 19, 2007 at 8:16 PM  

    ဂျင်းဘောင်းဘီဝတ်တာပေါ့။ ပေါ့ပါးတယ်၊ လွတ်လပ်တယ်၊ အမြဲတမ်းတော့မဟုတ်ဘူး။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster