တစ်ရေးနိုးညများ
August 27, 2007
တစ်ရေးနိုးညများ
ညကြီးမင်းကြီး
တစ်ရေးနိုးပြီး
ကျွန်မ ယောင်ယမ်းလို့
မှန်သားပြင်ကို အကြည့်ရောက်မိတယ်
ညဦးပိုင်းက လိမ်းခဲ့တဲ့
သနပ်ခါးအပြည့် ပါးပြင်ဟာ
ခုတော့
သနပ်ခါးမဲ့ ပါးပြင် ဖြစ်လို့နေပါလား
ဆောက်တည်ရာမရတဲ့ ကျွန်မစိတ်တွေ
မဆီမဆိုင် သေခြင်းတရားကို သတိရမိတော့
တရားအသိကင်းစွာနဲ့ ကြောက်လန့်နေခဲ့တယ်
ချောက်ချားသွားတဲ့ စိတ်တွေက
အိပ်စက်ခြင်းကို အနိုင်ယူနေတယ်
ကျွန်မ တဒင်္ဂ သေဆုံးချင်ပါရဲ့
ရုတ်တရက် အဖေ့ကိုသတိရမိတယ်
အဖေကတော့
တဒင်္ဂကနေ ထာဝရအိပ်စက်ခြင်းကို
ကူးသွားခဲ့ပြီလေ
ကျွန်မလည်း ဘ၀ကို
အဖေ့လိုပဲ အဆုံးသတ်ချင်ပါရဲ့
အိပ်ရာထက် ပြန်လှဲချလိုက်တော့
ဦးဆုံးမြင်ရတာ
ကျွန်မရဲ့ သီးသန့်ကောင်းကင်ပေါ့
ဒီလိုညတွေကိုရင်ဆိုင်နိုင်အောင်များ
ဒီကောင်းကင်ကြီးကို
အဖေ ဖန်တီးခဲ့လေသလား
တိမ်ဆိုင်တွေကို မျက်နှာကြက်မှာ အပြည့်တပ်ဆင်
တောက်ပနေတဲ့ လပြည့်ညတစ်ခု
အဏုမြူကြယ်တွေကို ရေတွက်လို့
ကျွန်မရဲ့ညမှာ လမိုက်မရှိခဲ့ဘူး
အဖေ့ကျေးဇူးတွေပေါ့
အဖေရော...
အခု အဖေက
ဘယ်အရပ်မှာရောက်နေသလဲ
ကျွန်မ သိပ်သိချင်တယ်
ဟိုးကောင်းကင်ကြီးမှာ အဖေရှိနေမလား
သေချာတာတစ်ခုကတော့
ကျွန်မကောင်းကင်မှာ
အဖေ အမြဲရှိနေတယ်ဆိုတာပဲ။
August 27, 2007 at 7:38 AM
သိုးလေးရေ.. နင့်ဆီလာတိုင်း.. စက်ရုပ်ဖြစ်ချင်ချင်ရှိ နေတဲ့ ငါလူသားဆန်ဆန်သွားတယ်..:). ချထားကွ..
နတ်ဆိုး
August 29, 2007 at 4:52 AM
ချပြီနော်... များသွားရင် လာတားဦး၊ မဟုတ်ရင် အိမ်မပြန်နိုင်ဘဲ အွန်လိုင်းပေါ်မှာပဲ လည်နေဦးမယ်။